ကမ္ဘာမြေ သာယာစေဖို့ ပန်းပွင့်လေးများက သူ့အဆင်းနှင့်သူ၊ သူ့တန်ဖိုးနှင့်သူ အလှတန်ဆာ ဆင်ပေးကြလေ၏။ ကမ္ဘာမြေကလည်း ပန်းပွင့်လေးများ၏ တန်ဖိုး၊ အလှ၊ အရေးပါမှုများကို အသိအမှတ် ပြုပါ၏။ အသိအမှတ်ပြု သောကြောင့်လည်း ပန်းပွင့်လေးများကို ဘုရားအား ပူဇော်ရာ၊ ဦးခေါင်းကို တန်ဆာဆင်ရာ၊ အခမ်းအနားများ ပြင်ဆင်ရာ၌ မြတ်မြတ်နိုးနိုးဖြင့် အသုံးပြုကြခြင်း ဖြစ်ပါ၏။
ချစ်သူ၊ ကြင်သူများကလည်း မိမိတို့၏ ချစ်သူများကို ပန်းပွင့်လေးများပေးသူပေး၊ ပန်းနှင့်တင်စားကာ ကဗျာဖွဲ့ သူဖွဲ့ဖြင့် ပြုလေ့ရှိ၏။ စာရေးဆရာ၊ ကဗျာဆရာများကလည်း လူ့ဘ၀၏ အလှ၊ ရသ၊ ဒဿနများကို ပန်းပွင့်လေးများနှင့်တင်စားရေးဖွဲ့လေ့ရှိသည်။ ပန်းချီဆရာများ၏ စုတ်ချက်များကလည်း ပန်းပွင့်လေးများကို အသိအမှတ် ပြုပေးကြလေ၏။
မြတ်ဗုဒ္ဒကလည်း ဘ၀ကို ပန်းနှင့်နှိုင်းယှဉ်ပြီး တရားဒေသနာများ ဟောကြားတော်မူခဲ့၏။ အမှန်တကယ်လည်း ဘ၀နှင့်ပန်းသည် ခွဲ၍ မရလောက်အောင် ဖြစ်စဉ်များတူညီနေလေ၏။ မြတ်ဗုဒ္ဓသည်ပင် ဘုရားအဖြစ်သို့ ရောက်ရှိအောင် ပန်းပွင့်လေးများဖြင့် အလောင်းတော်ဘ၀ကို အစပြုခဲ့ခြင်းဖြစ်၏။
ဘုရားအဖြစ်ရောက်ရှိအောင် ပန်းပွင့်လေးများဖြင့် အစပြုခဲ့ကြောင်းကို သုမေဓာ ရှင်ရသေ့ ဘ၀က သက်သေခံလျှက်ရှိ၏။ ဒီပင်္ကရာမြတ်စွာဘုရားနှင့် သံဃာတော်များကြွလာမည့်လမ်း မပြီးဆုံးသေ၍ မိမိကိုယ်ကို တံတားခင်းကာ အသက်ကိုပင် စွန့်လွှတ်ပေးဆပ်ဝံ့သော သုမေဓာရှင်ရသေ့ကို အနီးတွင်ရှိနေသော သုမိတ္တာ အမျိုးကောင်းသမီးလေးက သဘောကျလျှက်ရှိ၏။ သဘောကျ၍လည်း မိမိလက်ထဲတွင်ရှိသော ကြာပန်းရှစ်ခုကို သုမေဓာရှင်ရသေ့အား ငါးပွင့်၊ ဒီပင်္ကရာ ဘုရားရှင်အား သုံးပွင့် လှူလိုက်ခြင်းဖြစ်၏။
ငါးပွင့်နှင့် သုံးပွင့်။ သင်္ချာသဘောအရ မညီမျှပေ။ သုမေဓာရှင်ရသေ့နှင့် ဘုရားရှင်အား လေးပွင့်စီလှူလိုက်လျှင် အညီအမျှဖြစ်သွားမည် ဖြစ်၏။ ယခုတော့ သုမေဓာရှင်ရသေ့အား နှစ်ပွင့်ပို၍ လှူခြင်းကြောင့် သင်္ချာသဘော အရ မညီမျှခြင်း ဖြစ်သည်။ သို့ရာတွင် နှလုံးသားရှုထောင့်မှကြည့်လျှင် ညီမျှ၏။ အဘယ့်ကြောင့်နည်း၊ သုမေဓာ ရှင်ရသေ့သည် မိမိနှင့်ရွယ်တူလည်းဖြစ်၏။ ရုပ်ရည်အဆင်းချောမော တင့်တယ်ရုံမျှမက ပစ္စည်းဥစ္စာများစွာ ကြွယ်ဝသော သူဋ္ဌေးသားလည်း ဖြစ်၏။ ထို့ကြောင့် သုမိတ္တာ၏ နှလုံးသားထဲတွင် သုမေဓာ ရှင်ရသေ့လေးအပေါ် မေတ္တာပန်းများ ပွင့်လန်းလျှက်ရှိ၏။ မေတ္တာပန်းများ ပွင့်လန်းနေသောကြောင့်လည်း ပန်းတစ်ပွင့်တိုး၍ လှူခြင်း ဖြစ်၏။ နောက်တစ်ပွင့်မှာ ကရုဏာပန်းဖြစ်၏။ ငယ်ရွယ်နုပျိုသောသူဋ္ဌေးသားလေး သုမေဓာရှင်ရသေ့၏ ခက်ခဲ ပင်ပန်းစွာလုပ်ကိုင်နေမှုကိုကြည့်၍ သုမိတ္တာ၏ နှလုံးသားထဲတွင် သနားကြင်နာမှု ကရုဏာပန်းများ ပွင့်လန်းလျက်ရှိ၏။ ထို့ကြောင့်ပင် ကရုဏာပန်းတစ်ပွင့် တိုးရခြင်းဖြစ်သည်။ မေတ္တာနှင့် ကရုဏာကြာပန်းနှစ်ပွင့်သည် နှလုံးသားကို ကိုယ်စားပြုထားပါ၏။ ထို့ကြောင့် ငါးပွင့်နှင့် သုံးပွင့်သည် သင်္ချာသဘောအရ မညီမျှသော်လည်း နှလုံးသားသဘောအရ ညီမျှရခြင်းဖြစ်သည်။
အလောင်းတော်သုမေဓာရှင်ရသေ့သည် ထိုပန်းနှစ်ပွင့်ကို လက်ခံခဲ့၏။ ထိုပန်းနှစ်ပွင့်၏ အင်အားဖြင့် ပါရမီများ စွာဖြည့်ကျင့်ခဲ့၏။ ကိုယ်ကျိုးစွန့်၍ အများအကျိုးကို ဆောင်ရွက်ဖြင်းဖြင့် ဘ၀များစွာ စွန့်လွတ်အနစ်နာခံခဲ့၏။ ပေးဆပ်ခဲ့၏။ ဘ၀များစွာဟူသည် သာမန်ကာလျှံကာ များစွာမဟုတ်၊ မရေမတွက်နိုင်လောက်အောင် ရေတွက် ခြင်းငှါ မစွမ်းနိုင်လောက်အောင် များပြားသော ဘ၀များစွာဖြစ်၏။ ရေတွက်ခြင်းငှါ မစွမ်းနိုင်သောကြောင့်လည်း အပေါင်းသင်္ချာသဘောအရ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းဟု စုပေါင်းခေါ်ဝေါ်သုံးနှုန်းထားခြင်းဖြစ်သည်။
ပါရမီများပြည့်စုံ၍ ဘုရားဖြစ်ပြီးနောက်တွင်လည်း လေးဆယ့်ငါးဝါတိုင်တိုင် မနားမနေ တရားရေများ တိုက်ကျွေးတော်မူခဲ့၏။ ဝေနေယျသတ္တ၀ါများအပေါ် မေတ္တာ၊ ကရုဏာ ကြီးမားစွာထားတော်မူခဲ့၏။ ကမ္ဘာမြေအတွက် မေတ္တာ၊ ကရုဏာပန်းများ ပွင့်လန်းစေခဲ့၏။ သုမိတ္တာ၏ မေတ္တာ၊ ကရုဏာပန်းနှစ်ပွင့်သည် ကမ္ဘာမြေ အေးမျှစေဖို့ များစွာအထောက်အကူ ဖြစ်ခဲ့ပါ၏။
မြတ်ဗုဒ္ဓကလည်း ကမ္ဘာမြေအတွက် မေတ္တာ၊ ကရုဏာပန်းများ လိုအပ်လျှက်ရှိကြောင်းကို မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မ၀ိဟာရ တရားတော်များဖြင့် စနစ်တကျ ရှင်းလင်းဟော်ပြတော်မူခဲ့၏။ မဟာ ယာန ဗုဒ္ဓဘာသာ၌လည်း မေတ္တာသည် မိခင်၊ကရုဏာသည် ဖခင်ကို ကိုယ်စားပြုကြောင်းကို ကြာပန်းစသော သင်္ကေတများဖြင့် ဖော်ပြလေ့ရှိကြ၏။ အခြားဘာသာများကလည်း မေတ္တာတရားများ ထားရှိဖို့ရန် လမ်းညွန် ခဲ့ကြ၏။ အမှန်တကယ်လည်း မေတ္တာ၊ ကရုဏာတရားများထားရှိရန် လိုအပ်ပါ၏။ မေတ္တာ၊ ကရုဏာတရား များသာ အမြဲထွန်းကားနေပါက ဤကမ္ဘာပေါ်တွင် ကြောက်မက်ဖွယ်စစ်ပွဲကြီးများ၊ အနိုင်ကျင့်ဗိုလ်ကျမှုများ၊ ခေါင်းပုံဖြတ်မှုများ၊ ကြမ်းတမ်းရက်စက်ယုတ်မာမှုများ၊ မတရားမှုများ ပေါ်ပေါက်လိမ့်မည် မဟုတ်ပေ။
မုဒိတာနှင့် ဥပေက္ခာသည် ကျင့်နိုင်ဖို့ ခက်ခဲ၏။ မေတ္တာနှင့် ကရုဏာသည် ဖြည့်ကျင့်ဖို့လည်း လွယ်ကူ၏။ လူသားတို့၏ သန္တာန်၌လည်း လွယ်လွယ်ကူကူ ဖြစ်လေ့ရှိ၏။ ထို့ကြောင့်လည်း မြတ်ဗုဒ္ဓက မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူ၍ အစဉ်အတိုင်း ဟောကြားတော်မူခဲ့ခြင်းဖြစ်၏။ တစ်ဆင့်ပြီး တစ်ဆင့် ဟောကြားတော် မူခဲ့ခြင်းဖြစ်သည်။ မေတ္တာနှင့် ကရုဏာသာ ပြည့်စုံလာပါက မုဒိတာ၊ ဥပေက္ခာတရားများကိုလည်း ဖြည့်ကျင့် လာနိုင်မည်ဖြစ်၏။ ထို့ကြောင့်လည်း အဆင့်ဆင့် ဟောကြားတော်မူခြင်းဖြစ်သည်။
မိမိတို့အနေဖြင့် တစ်ဦးအပေါ် တစ်ဦး မေတ္တာ၊ ကရုဏာစိတ်များထားရှိရန် များစွာလိုအပ်လှပါ၏။ အားလုံးကို ညီကိုမောင်နှမစိတ်၊ အားလုံးကို သနားကြင်နာစိတ်၊ ကူညီရိုင်းပင်းစိတ်များ ထားနိုင်ခြင်းသည် မေတ္တာ၊ ကရုဏာစိတ်များထားခြင်းပင် ဖြစ်သည်။ ယခုအခါ မေတ္တာ၊ ကရုဏာပန်းများ ပျောက်ဆုံးလာခြင်းကြောင့် ကမ္ဘာမြေကလည်း ပူလောင်ခြောက်သွေ့လာလျက်ရှိပါ၏။ အကျည်းတန်စလည်း ပြုလာလေ၏။
ကမ္ဘာမြေ သာယာစေဖို့ ပန်းပွင့်လေးများက သူ့အဆင်းနှင့်သူ၊သူ့တန်ဖိုးနှင့်သူ အလှတန် ဆာဆင်ပေးကြလေ ၏။ ကမ္ဘာမြေကလည်း ပန်းပွင့်လေးများ၏ တန်ဖိုး၊ အလှ၊ အရေးပါမှုများကို အသိအမှတ်ပြုပါ၏။
ထို့ကြောင့် မိမိတို့အနေဖြင့် လောကအလှများ၊ အဖိုးတန်မှုများ ပျောက်ဆုံးမသွားရန် အရေးပါဆုံး၊ အထိရောက် ဆုံးဖြစ်သော မေတ္တာနှင့်ကရုဏာပန်းများ ထာဝစဉ်ပွင့်လန်းနေဖို့ ကြိုးစားသင့်ပါ၏။ ပူပြင်းခြောက်သွေ့စပြုလာ သော၊ အကြီးတန်စပြုလာသော ကမ္ဘာမြေကလည်း စိုပြေမှုများ၊ အေးမျှမှုများဖြင့် အလှတန်ဆာဆင်ပေးရန် မေတ္တာ၊ ကရုဏာပန်းနှစ်ပွင့်ကို ငံ့လင့်လျက်ရှိ နေပါ၏။ မျှော်လင့်လျက်လည်းရှိနေပါ၏။
အရှင်စန္ဒာသီရိ(Kelaniya University)
(၂၀၁၀၊ လင်္ကာတမန်မဂ္ဂဇင်းတွင် ရေးသားခဲ့သော ဆောင်းပါး)