မူလစာမျက်နှာ၊ ကဗျာ၊ဟာသ၊ ၀တ္ထု၊ ဆောင်းပါး၊ ခရီးသွား၊ ခံစားမှု၊ ဘာသာပြန်

Wednesday, December 7, 2011

စပ်မိစပ်ရာ ဟာသများ (၃)

  လေပေါတယ်ဆိုတာ ဒါမျိုး
ကိုယ်တော်တစ်ပါး။ တွေ့ရာ မြင်ရာကို ဘာမှအလွတ်မပေးဘဲ အကုန်လိုက်ပြောချင်သူ။ စကားကိုလည်း
အကျအနကောက်ပြောတတ်သူ။ မိုးရေထဲကြေမွနေတဲ့ နွားခြေးတွေကို မြင်တော့ သူက “ယူကြုံးမရဆိုတာ..ဒါပဲ” တဲ့။
ကားချင်းတိုက်လို့ မှန်တွေ ကွဲတာမြင်တော့ “ကြေကွဲတယ်ဆိုတာ ဒါမျိုး” လို့လုပ်ပြန်ရော။
ဆောင်းရာသီ၊ နှင်းတွေကျ၊ လေတွေတိုက်တော့ “ဒါမျိုးကို အေးချမ်းတယ် ခေါ်တာ” လို့ အဋ္ဌကထာဖွင့်ပြန်ရော။
သူနဲ့ ခရီးတစ်ခုသွားရင်း ကားတွေ လေဖြည့်တဲ့နေရာရောက်တော့ ကားဘီးကပေါက်၊ မိုးတွေကရွာ၊ လေတွေတိုက်၊ ဖားတွေကအော်။ တော်တော့်ကို ဆူညံပွတ်လောရိုက်နေတဲ့နေရာပါပဲ။ ဒါနဲ့ အခြားကိုယ်တော်တစ်ပါးက ကိုလေပေါကို ရွဲ့ပြီး “လေပေါတယ်ဆိုတာ ဒါမျိုးကွ”လို့ ဦးအောင် ဋီကာဖွင့်ချလိုက်ရာ တွေ့ကရာရှစ်သောင်းကို မနားတမ်းပြောတတ်တဲ့ ကိုလေပေါခမျာ ဒီတစ်ခါတော့ ဘာမှ မပြောနိုင်တော့ဘဲ မျက်လုံး၊ မျက်ဆံပြူးပြီး ထိုင်နေရင်း ငုတ်တုတ်မေ့သွားပါလေရော…..။

အပြည့်စုံဆုံး ဒိုင်ယာရီ


မန္တလေး၊ သာသနာ့တက္ကသိုလ်မှာ ပညာဆည်းပူးနေတုန်းကပေါ့။ ဒိုင်ယာရီမပြတ်ရေးလေ့ရှိတဲ့ ကိုယ်တော်လေးတစ်ပါးရှိတယ်ဆိုပဲ။ သူက နေ့စဉ်ဖြစ်ပျက်သမျှကို ဘာမှ မကျန်အောင် ရေးလေ့ရှိ တယ်တဲ့။
အဲဒါ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူ့ဒိုင်ယာရီမှာ ဘာမှ ရေးစရာမရှိတာကို တောင် ဖြစ်အောင်ရေးမှတ်ထားပုံကို ကိုယ်တော်တစ်ပါးက ဖောက်သည်ချပါတယ်။ ဘာမှ ရေးမှတ်စရာမရှိတာကို ရေးမှတ်ထားပုံက…”ဒီနေ့ ဘာမှ ရေးစရာမရှိ၊ ငရုပ်ပင် ရေလောင်း၊ ပေါင်းထိုး၊ မြက်ရိတ်၊ အိပ်” တဲ့..။

လိုက်ပွဲလေးကမှ ကောင်းတာ

အနေအထိုင် အတော်ရိုးအေးပြီး သိက္ခာ၊ သမာဓိရှိတဲ့ ဆရာတော်ကြီးတစ်ပါး။ သူက ဥပုသ် နေ့ည ဘုရားဝတ်တက်ပြီးရင် တပည့်စာသင်သားတွေကို လိမ္မာရေးခြားရှိအောင်၊ အသိဥာဏ် ဗဟုသုတရှိအောင် သြ၀ါဒပေးလေ့ရှိပါတယ်။ သူ့ကိုယ်တွေ့တွေကိုလည်း မကြာခဏ ပြောပြလေ့ ရှိပါတယ်။ သူငယ်ငယ်က မန္တလေးမှာ စာသင်နေစဉ် ပြင်ပဗဟုသုတရှိအောင်ဆိုပြီး တစ်နေ့မှာ အအေးဆိုင်တစ်ဆိုင်ကို သွားထိုင်တာတဲ့။

တစ်ခါမှ ဆိုင်ထိုင်ဘူးတာမဟုတ်တော့ ဘာမှာလို့ မှာရမှန်း မသိပါဘူး။ ဒါနဲ့ ဟိုဟိုဒီဒီ လျောက်ကြည့်တော့ နံရံက ကြော်ငြာဆိုင်းဘုတ်ကို တွေ့လိုက်ပါတယ်။ “ဖာလူဒါတစ်ခွက် ၅၀ ပြား၊ ရွှေရင်အေးတစ်ခွက်..၄၀..ပြား” စသည်ပေါ့။ ဆရာတော်လောင်းလျာ ဦးဇင်းလေးက “ဖာလူဒါ တစ်ခွက်”လို့ မှာလိုက်ပါတယ်။ ဆိုင်ကအမောပြေ ရေခဲရေတစ်ခွက် အရင်လာချပေးပါတယ်။ ဦးဇင်းလေးက ရေးအေးအေးလေးကို ဖြည်းဖြည်းချင်း အရသာခံပြီး သောက်ကြည့်နေပါတယ်။

ထိုစဉ် အဖော်ရဟန်းတော်တွေ ရောက်လာပြီး “စာဝါသံချောင်း ခေါက်တော့မယ်၊ နောက်ကျလိမ့်မယ်၊ သွားကြရအောင်”ဆိုပြီး ခေါ်သွားပါတယ်။ ဦးဇင်းလေးက ပြား ၅၀ ကို စားပွဲပေါ်တင်ပြီး ဆိုင်ထဲကထွက်မယ်ပြင်ခိုက် ဖာလူဒါအစစ် ရောက်လာပါတယ်။
ဦးဇင်းလေးက နောက်ကျမှာ စိုးတာနဲ့ နဲနဲမြည်းကြည့်ပြီး ခပ်သုတ်သုတ် လိုက်သွားပါတယ်။
လမ်းရောက်တော့ ဦးဇင်းလေး ပြောလိုက်ပုံက “တပည့်တော် ဖာလူဒါသောက်တာ ဘာမှ အရသာမရှိဘူး၊ ရွာက ရေတိုင်းပဲ။ လိုက်ပွဲလေးကမှ အရသာရှိတာ” တဲ့။


 ငါ့သားကို ထမင်းငတ်အောင် လုပ်တဲ့ခေတ်
တစ်ခါက တောမြို့တစ်မြို့မှာ သားဖ ၂ ယောက်ထမင်းအတူစားနေကြပါတယ်။ သားဖြစ်သူရဲ့ ဆံပင်စတိုင်က မျက်စိတစ်ဖက်ပေါ် ၀ဲကျနေတဲ့ဟန်ပါ။ ထမင်းကို ခေါင်းငုံ့စားနေတော့ သူ့ဆံပင်က မျက်စိတစ်ဖက်ပေါ် လာလာပြီး အုပ်နေပါတယ်။ ဒါကို သူက ခေါင်းကို ဆတ်ခနဲခါခါပစ်ပြီး ဆံပင်ကို လှန်လှန်တင်နေရတာဆိုတော့ ထမင်းကောင်းကောင်းစားလို့   မရတော့ပါဘူး။
    ဖအေဖြစ်သူက “မင်းဆံပင်ကြီးကလည်း နေရထိုင်ရ၊ စားရသောက်ရတာ အတော့်ကို အဆင် မပြေဘူး။ ညှပ်ပစ်စမ်းကွာ” လို့ ပြောတော့ သားဖြစ်သူက… “ဟာ အဖေကလည်း ဘာမှမသိဘဲနဲ့၊ ဒါ ခေတ်စတိုင်ဗျ..”လို့ ပြန်ပြောလိုက်ရာ ဖအေက ဒေါကန်ပြီး….
    “တောက်…ခေတ်ကိုက ငါ့သားကို ထမင်းငတ်အောင် လုပ်တဲ့ခေတ်၊ အလကားခေတ်၊ ထွီ..” ဆိုပြီး စိတ်တိုတိုနဲ့ ထမင်းဝိုင်းကနေ ထသွားပါတော့တယ်။



   မန္တလေးမြို့၊ သာသနာ့တက္ကသိုလ်တက်တုန်းကပါ။ သူငယ်ချင်းကိုယ်တော်တစ်ပါးရှိတယ်။ သူက ဒိုင်ယာရီ အမြဲရေးမှတ်လေ့ရှိပါတယ်။ တစ်နေ့မှာ သူမရှိခိုက် သူငယ်ချင်းတွေ သူ့နေရာ ရောက်လာပါတယ်။ အချင်းချင်းကလည်း ပြောမနာ၊ ဆိုမနာဆိုတော့ သူ့ဒိုင်ယာရီလေးကို ခပ်ဖြန်းဖြန်း ကောက်လှန်ဖတ်မိလိုက်ပါတယ်။
သူ့ပေါ် တစ်ခါမှ စိတ်မဆိုးဘူးတဲ့ သူငယ်ချင်းတွေက ဒီတစ်ခါတော့ သူ့ဒိုင်ယာရီထဲစာလေး ၂ ကြောင်းကြောင့် အတော်ဒေါကန်သွားကြတယ်ဆိုပဲ။ သူရေးမှတ်ထားပုံက…
“မနက် အာဂန္တု(သူငယ်ချင်းတွေ)လာ၊ လက်ဘက်ရည်လိုက်တိုက်၊ နှစ်ရာကုန်၊ နှမြော။”
နေ့လည် ဆေးကျောင်းသူလေး ၂ ယောက်လာ၊ တောင်ခြေ၊ ထမင်းလိုက်ကြွေး၊ ၅၀၀ ကုန်၊ မနှမြော…” တဲ့။

ကောင်းလိုက်တဲ့ ဘာသာပြန်
လွန်ခဲ့တဲ့ ၄ နှစ်လောက်က ဥပုသ်နေ့ တစ်နေ့မှာပေါ့။ တက္ကသိုလ်က စာသင်ဘက်သူငယ်ချင်း တွေနဲ့အတူ မန္တလေးတောင်ပေါ်တက်ပြီး တွေ့တဲ့နိုင်ငံခြားသားတွေကို အင်္ဂလိပ်စကားပြော လေ့ကျင့် ခဲ့ပါတယ်။ အဲဒီနေ့ကမှတ်မှတ်ရရပါပဲ။ တောင်းပြုံးပွဲသွားတဲ့ကားတွေက မန်းတောင်ရဲ့ အောက်နား ကနေ ဖြတ်ဖြတ်သွားနေပါတယ်။ ကားပေါ်ကလူငယ်၊ လူရွယ်တွေကနတ်ဆိုင်းတွေ၊ နတ်သီချင်းတွေ ဖွင့်သူဖွင့်၊ ဆိုသူဆိုနဲ့ အတော့်ကို မြူးကြွကြွရှိလှပါတယ်။
“အဲဒါ ဘယ်သွားကြတာလဲ” …
နိုင်ငံခြားသားကမေးပါတယ်။
“တောင်ပြုံးပွဲသွားတာ” လို့ ကိုယ်တော်တစ်ပါးကဖြေလိုက်ပါတယ်။
“တောင်ပြုံးပွဲဆိုတာဘာလဲ၊ ဘာလို့ တောင်ပြုံးပွဲလို့ ခေါ်တာလဲ” …မေးခွန်းတွေ ဆင့်ဆင့်လာပါတယ်။
ကိုယ်တော်လေးဘာသာပြန်ပြောလိုက်ပုံက “တောင်ပြုံး” ဆိုတာမောင်တိန်စမိုင်း(mountain smile)လို့ဆိုလိုတာပါ။ ခု အဲဒီမောင်တိန်စမိုင်းကို သွားနေကြတာ” တဲ့။
Oh! Wonderful! I have to go there to see mountain smile. အိုး.....အတော်ထူးဆန်းပါလား။ ငါလည်း တောင်ပြုံးတာကို သွားကြည့်မှ ဖြစ်မယ်…ဆိုပြီး တစ်ခါတည်း လစ်သွားပါလေရော…။

No comments:

Post a Comment