မူလစာမျက်နှာ၊ ကဗျာ၊ဟာသ၊ ၀တ္ထု၊ ဆောင်းပါး၊ ခရီးသွား၊ ခံစားမှု၊ ဘာသာပြန်

Sunday, February 26, 2012

တောပျော်ရဟန်းတစ်ပါးရဲ့ ကောက်ကြောင်းလေး



ဆွမ်းမရှိပေမယ့် လမ်းရှိတယ်….။
ကွမ်းမရှိပေမယ့် ကျမ်းရှိတယ်….။
အရမ်းမသိပေမယ့်…မှန်းကြည့်တယ်…။
စမ်းမကြည့်ပေမယ့် တန်းသိတယ်….။

ရေနံချောင်းမြို့နားက အစွန်အဖျားတောရွာလေးတစ်ခုမှာ ကျောင်းထိုင်နေတဲ့ သူငယ်ချင်း တစ်ပါးရဲ့ ကဗျာလေးတစ်ပုဒ်ပါ။ မထင်မှတ်ဘဲ သူ့ဆီရောက်သွားခိုက် သဘောကျတာနဲ့ ရေးမှတ်ခဲ့ပါတယ်။ သူ့ကျောင်းလေးက ချောင်ကျကျနေရာလေးမှာပါ။ ခြောက်သွေ့သွေ့ ယိုင်တိုင်တိုင်နဲ့ မိုးလေလည်း မလုံခြုံပါဘူး။ 

သူဟာ     ဉာဏ်ထက်မြက်ပြီး အမျှော်အမြင်လည်း ကြီးမားပါတယ်။ သာသနာ့ရေသောက်မြစ် ခမ်းခြောက်သွားတဲ့ သူ့ဇာတိရွာလေးမှာ သာသနာပျိုးခင်းတွေ ပြန်လည်အညွန့် ထွက်လာဖို့ အညွန့်တလူလူဖြစ်နေတဲ့ သူ့ရဲ့အောင်မြင်ခါစ ပညာရေးလမ်းခရီးကို စွန့်လွတ်ပြီး ငယ်ငယ် ရွယ်ရွယ်နဲ့ တစ်ကိုယ်တည်း ကျောင်းထိုင်နေရသူပါ။ ဆွမ်းကွမ်းလည်း မပြည့်စုံပါဘူး။ ဒါပေမယ့် သူက မမှုပါဘူး။

 နေ့ညဉ့်မပြတ် ဘာသာသာသနာ၊ ရပ်ရွာတိုးတက်ရေးတွေ ပြုလုပ်ဆောင်ရွက်ရင်း သူ့ခံစားချက်တွေကို အိုမင်းခြတက်နေတဲ့ နံရံတွေမှာ သေသပ်လှပတဲ့ လက်ရေးလေးတွေနဲ့ အမြဲဖွင့်ထုတ်နေတတ်သူပါ။ 
အထက်က ကဗျာလေးကတော့ သူ့ရင်ထဲက အံကျလာတဲ့ သူ့ဘ၀၊ သူ့အခြအနေ ကောက်ကြောင်းလေးတွေပါပဲ….။
ဆက်ချင်ဆက်ဦးမည်……..    

Friday, February 3, 2012

စပ်မိစပ်ရာ ဟာသများ(၆)

အေး ဂွကတော့ ကျ---တတတတပဲ
          လွန်ခဲ့တဲ့ နှစ်(၄၀)ကျော်လောက်က ချောက်မြို့၊ အမှတ်(၁၄)နယ်မြေ၊ စစ်ကွင်းရပ်ထဲက အလှူတစ်ခုမှာ ဆရာတော် ၂ ပါး တစ်ပြိုင်နက်တရားဟောတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ဘူးပါတယ်။ အဲဒီဆရာတော် ၂ ပါးရဲ့ဘွဲ့တော်တွေက ဦးခန္တီနဲ့ ဦးစန္ဒာသီရိပါ။ သူတို့ရဲ့ဆရာဖြစ်သူ ဦးဉာဏက အစက ဦးခန္တီကို ဟောခိုင်းတာပါ။ ဦးခန္တီက ဆွမ်းလောင်းပွဲတစ်ခုလည်း သွားစရာရှိနေတော့ အပြန်နောက်ကျလိမ့်မယ်ထင်ပြီး ဦးစန္ဒာသီရိကို ထပ်ဟောခိုင်းလိုက်တာပါ။ အလှူအိမ်မှာ ကြွတော့ ဦးခန္တီက အချိန်မီရောက်လာပါတယ်။ စီစဉ်သူက မိုက်ကို ဦးခန္တီရှေ့ပို့လိုက်ပါတယ်။ သီလယူပြီးချိန်မှာ ဦးခန္တီက မိုက်နဲ့တရားဟောတော့ ဦးစန္ဒာသီရိကလည်း မိုက်မပါဘဲ မျက်စိစုံမှိတ်ပြီး ဟောပါတော့တယ်။
          ဦးခန္တီက “ဘယ်နဲ့ အသံ ၂ ခု ထွက်နေရတာလဲ” လို့ မေးတော့ အလှူဒကာက ဦးစန္ဒာသီရိကို ရပ်ဖို့လျှောက်ပါတယ်။ ဦးစန္ဒာသီရိက “ငါ့ကို ဟောခိုင်းထားတာ ဘာလို့ ရပ်ရမှာလဲ” လို့ ပြန်လည်မိန့်ကြားပြီး ဆက်ဟောနေပါတော့တယ်။ ဒီလိုနဲ့ ဆရာတော် ၂ ပါးတရားဟောသံတွေက ရှုပ်ယှက်ခတ်နေတော့ အလှူဒကာက “တော်ပြီ၊ တရားနားထောင်ရတာ စိတ်ရှုပ်တယ်။ ငါ့ဘာသာငါ အလှူကုန်ကျတဲ့စာရင်း တွက်နေတာပဲ ကောင်းတယ်” လို့ပြောပြီး စာရင်းတွက်နေပါတော့တယ်။
          နောက်တော့ မိုက်သမားဖြစ်တဲ့ ဦးခန္တီက လျှော့သွားရပါတော့တယ်။ ကျောင်းရောက်တော့ ဆရာတော်ဦးဉာဏကို အနီးကပ်ဒကာတွေက “ဆရာတော် ဘယ်လို စီမံလိုက်တာလဲ” လို့ မေးတော့ ရှင်းပြဖို့ခက်ခဲတဲ့ အခြေအနေကို တိုတိုတုတ်တုတ်နဲ့ ပြန်ဖြေလိုက်ပုံက “အေး ဂွကတော့ ကျ….. တတတတပဲ” တဲ့။

(စကားချပ်။....။ ဖော်ပြပါဆရာတော်ကြီး ၃ ပါးမှာ မရှိတော့ပါဘူး။ အလှူဒကာကြီးကတော့ ခုချိန်ထိရှိနေပြီး အသက်(၉၂)ရှိပြီလို့ ပြောကြပါတယ်။ ဆရာတော်ဦးဉာဏက သာယာဝတီဦးဥေယျရဲ့ တပည့် တစ်ပါးပါ။ သာယာဝတီဦးဥေယျဆိုတာ တစ်ချိန်က ယပ်လှဲတရားမှာ နာမည်ကြီးခဲ့တဲ့ နိုင်ငံတော်ဓမ္မ ကထိကဆရာတော်ကြီးတစ်ပါးပါ။ ဆရာတော်ဦးဉာဏက သာယာဝတီဆရာတော်ဦးဥေယျ တရား မဟောခင်မှာ ရှေ့ထွက်အနေနဲ့ မကြာခဏ ဟောခွင့်ရခဲ့သူတစ်ဦးပါ။
           
ဆရာတော်ဦးဉာဏရဲ့တပည့် ၂ပါးထဲက ဦးခန္တီဟာ သက်တော်(၁၀၆)နှစ် ရှည်တော်မူပြီး တစ်နိုင်ငံလုံးတွင် သက်တော်အရှည်ဆုံး ရတ္တညူမဟတ္တဘွဲ့ရရှိ့ခဲ့တဲ့ သီလ၊ သမာဓိ၊ သိက္ခာပြည့်စုံတဲ့ ကျမ်းဂန်တတ်ဆရာတော်ကြီးတစ်းပါး ဖြစ်ခဲ့ပါတယ်။ ဆရာတော်ဘုရားကြီးဟာ ၂၀၀၉ ခုနှစ်ကမှ ပျံလွန်တော်မူသွားတာပါ။ ဆရာတော်ကြီးတည်ထောင်ခဲ့တဲ့ကျောင်းကြီးက အတော်ကြီးကျယ်ဝန်းပြီး သစ်ကြီးဝါးကြီးများနဲ့ စိမ်းလန်းစိုပြေကာ ရောက်လာသူဒကာ၊ ဒကာမအပေါင်းရဲ့စိတ်နှလုံးကို နှစ်သိမ့် ရွှင်ပြုံးစေနိုင်ပါတယ်။ ကျောင်းဝိုင်းမြေနေရာဝယ်စဉ်က ၃၅ကျပ်ပေးရတယ်လို့ သိရပါတယ်။ ခုချိန်မှာ သိန်း(၃၅၀)ပေးလို့ မရတော့ပါဘူး။ အဲဒီကျောင်းတိုက်ကြီးဟာ မင်္ဂလာမဟာဘုံစံကျောင်း ဆိုတဲ့ အမည်နဲ့ အမှတ်(၁၄)နယ်မြေ၊ စစ်ကွင်းရပ်၊ ချောက်မြို့မှာ ယခုတိုင် တည်ရှိပါတယ်။ ဒါပေမယ့် ဦးခန္တီ ကျောင်းလို့ပဲ လူသိများပါတယ်။ ချောက်မြို့မှာ ဆရာတော်ကြီးပိုင်ဆိုင်ခဲ့တဲ့ ကျောင်းတွေ (၁၀) ကျောင်းရှိတယ်လို့ သိရပါတယ်။) 

         
အားရဖွယ်ရာ ဆွမ်းအနုမောဒနာ
           
မကွေးတိုင်း၊ ချောက်မြို့ရဲ့အရှေ့တောင်ယွန်းယွန်းဘက်မှာ သွေးနက်ဆိုတဲ့ ရွာတစ်ရွာ ရှိပါတယ်။ အဲဒီရွာက နိုင်ငံကျော်စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရဲ့ဇာတိဖြစ်တဲ့ ကြေးနီရွာနဲ့ ဟိုဘက် ဒီဘက်ပါပဲ။ တရားဟောကြာတဲ့ ဦးစန္ဒာသီရိက အဲဒီသွေးနက်ရွာကျောင်းမှာ သီတင်းသုံးနေခိုက်မှာပါ။ တစ်နေ့မှာ ရွာထဲက ဦးငွေရဆိုတဲ့ဒကာတစ်ဦးက နံနက်စောစော အရုဏ်ဆွမ်းလာပို့ပါတယ်။
           ဦးစန္ဒာသီရိက ချမ်းအေးနေတော့ အိပ်ယာထဲက မထသေးဘဲ စောင်လေးခြုံထားရင်းနဲ့ ဆွမ်းဒကာကို အသံခပ်လေးလေးနဲ့ နုတ်ဆက်လိုက်ပုံက “သြော် ငွေရ ငွေရ မင်း အရင်ဘ၀က ငါ့သားကွ”တဲ့။
           ဆွမ်းဒကာလည်း မျက်နှာရွံ့မဲ့ပြီး စိတ်ဆိုးသွားပါတော့တယ်။ ဒါနဲ့ကပ္ပိယကြီး “မင်းက ဘာလို့ နာရမှာလဲ၊ ဒီဘ၀မှ မဟုတ်ဘဲ အရင်ဘ၀လို့ ပြောတဲ့ဥစ္စာ” လို့ ကြားကနေ ဖြေသိမ့်ပေးလိုက်ပါတော့ တယ်။ 


တရားကြာ ယောက်မနဲ့ထိုး အဲဒါမှပိုဆိုး
          
 တစ်ချိန်က တောရွာအလှူတစ်ခုမှာပါ။ တရားဟောမယ့်ပုဂ္ဂိုလ်ထိုင်ဖို့ သီးခြားပလ္လင်တစ်ခု စီမံ မထားတော့ တရားဟောတဲ့ဆရာတော်က အခြားသံဃာများနဲ့တန်းတူထိုင်ပြီး ဟောရပါတယ်။ အဲဒီ အလှူမှာ တရားဟောတဲ့ဆရာတော်ကတော့ အထက်ကဖော်ပြခဲ့တဲ့ မိုက်သမားက လက်လျှော့ ပေးခဲ့ရတဲ့ ဆရာတော်ဦးစန္ဒာသီရိပါပဲ။ ဦးစန္ဒာသီရိက မျက်စိမှိတ်ပြီး တရားဟောနေရာ ဆွမ်းကပ်ချိန် ရောက်လည်း မရပ်သေးပါဘူး။ ဒါနဲ့ဒကာတစ်ဦးက ဒယ်အိုးကြီးတွေမွှေတဲ့  ယောက်မရှည်ကြီးနဲ့ လိုက်ကာနောက်ကနေ ဆရာတော်ရဲ့ဖင်ကို လှမ်းတို့လိုက်ပါတယ်။
           အဲသလို တရားကြာလို့ ယောက်မနဲ့ထိုးပြီး သတိပေးတာကို ရှေ့တိုးဟောခိုင်းတယ်ထင်ပြီး သံဃာစင်ရှေ့နားတိုးတိုးပြီး ဟောလိုက်တာ ပိုဆိုးသွားပါတော့တယ်။ ဒီလိုနဲ့ပဲ အဲဒီနယ်မှာ “တရားကြာ ယောက်မနဲ့ထိုး အဲဒါမှပိုဆိုး”ဆိုတဲ့ဆိုရိုးစကားတစ်ခုခေတ်စားသွားပါတော့တယ်။

စာမရသူ ကျောက်ပွင့်နဲ့ထိုး ကိုယ်ကျိုးနည်းပါဘိ
          
ဦးစန္ဒာသီရိမှာ တပည့်ကိုရင် ၃ ပါးရှိပါတယ်။ ဆရာတော်က သူတို့ကို နေ့စဉ်စာသင်ပေး ပါတယ်။ ရှေးတုန်းက ကျောက်သင်ပုန်းနဲ့ ကံ့ကူဆံနဲ့ရေးပြီး စာလိုက်ရတာပါ။ အဲဒီကံ့ကူဆံကို ကျောက်ပွင့်လိုလည်း ခေါ်ကြပါတယ်။ ဦးစန္ဒာသီရိက စာမရတဲ့သူကို အဲဒီကျောက်ပွင့်နဲ့နဖူးကို နာနာထိုးထိုးပစ်လေ့ရှိပါတယ်။ ဒီလိုနဲ့ တပည့်တွေ တစ်ပါးပြီးတစ်ပါး ထွက်ထွက်ပြေးတော့တာ ဘုန်းကြီးနဲ့ကပ္ပိယပဲ ကျောင်းမှာ ကျန်နေပါတော့တယ်။ စာမရသူ ကျောက်ပွင့်နဲ့ထိုးလို့ တပည့်တွေ ထွက်ပြေးကုန်တော့ ဘုန်းကြီးမှာ ခိုင်းစရာကျောင်းသား၊ ကိုရင်မရှိတော့ဘဲ အခက်အခဲ ဖြစ်သွားပါ တော့တယ်။
          
 မှတ်ချက်//31.1.2012 ချောက်မြို့၊ အမှတ်(၁၄)နယ်မြေ၊ စစ်ကွင်းရပ်၊ သက်တော်ရှည် ဆရာတော်ဘုရားကြီးဦးခန္တီ တည်ထားကိုးကွယ်အပ်သော သိမ်တော်ဦးရွှေစေတီကြီးပေါ်တွင် ကျင်းပ ပြုလုပ်ကြသော ဗုဒ္ဓပူဇနိယပွဲတော်၊ ၁၉ ကြိမ်မြောက်၊ ၂၄ နာရီအသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ၊ သံဃဒါနဆွမ်းလောင်းပွဲနှင့် စာရေးသူအား တရားဟောကြားရန် စီမံပေးသည့်ပွဲတွင် တွေ့ဆုံခဲ့ရသော ရှေးမီဆရာတော်များ၏ ပြန်လည်မိန့်ကြားချက်များကို အမှတ်တရအဖြစ်မှတ်တမ်းတင်လိုက်ပါသည်။