မူလစာမျက်နှာ၊ ကဗျာ၊ဟာသ၊ ၀တ္ထု၊ ဆောင်းပါး၊ ခရီးသွား၊ ခံစားမှု၊ ဘာသာပြန်

Sunday, April 29, 2012

လူကြီးမိဘများကို ပြုစုခြင်းနဲ့ ယနေ့ခေတ်ကမ္ဘာ့ပြဿနာ

ဤအရှင်ဟာ သီရိလင်္ကာလို့ခေါ်တဲ့ အိန္ဒိယသမုဒ္ဒရာထဲက ကျွန်းနိုင်ငံလေးမှာ 2010 နဲ့ 2011အထိ ၂ နှစ်သီတင်းသုံးရင်း ဗုဒ္ဓစာပေများကို လေ့လာဆည်းပူးခဲ့ပါတယ်။ သီရိလင်္ကာမှာ နေထိုင်စဉ်က  အကွိုင်းနတ်စ်လို့ခေါ်တဲ့ တက္ကသိုလ်ကောလိပ်တစ်ခုမှာ အင်္ဂလိပ်စာ ဒီပလိုမာတန်းတက်ခဲ့ပါတယ်။ တစ်နေ့မှာ အကွိုင်းနတ်စ်က ဆရာတစ်ယာက်က “လူကြီးသူမများကို ပြုစုခြင်းနဲ့ ယနေ့ခေတ်ပြဿနာ”ဆိုတဲ့ ခေါင်းစဉ်ပေးပြီး အက်ဆေးရေးခိုင်းပါတယ်။ အဲဒီကောလိပ်က ခရစ်ယာန်တွေ တည်ထောင်ထားတာမို့ ခရစ်ယာန်တွေရဲ့ အရိပ်အငွေ့တွေ တော်တော်များများ လွမ်းမိုးနေပါတယ်။ အရှင်က ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးဆိုတော့ ဗုဒ္ဓဘာသာရှုထောင့်ကနေ ကြိုးစားပြီး တင်ပြလိုက်ပါတယ်။
           
အဲဒီအက်ဆေးခေါင်းစဉ်က အမြဲတမ်းလိုလို အရှင့်စိတ်ကို လွမ်းမိုးနေပါတယ်။ ဒီနေ့ခေတ် အနေအထားဟာ လူကြီးသူမတွေကို ပြုစုဖို့၊ အရိုအသေပေးဖို့အတွက် တကယ်ပဲ ပြဿနာကြီးတစ်ခုလို ဖြစ်နေပြီလား (သို့မဟုတ်) ဖြစ်လာပြီးလား…ဆိုတဲ့မေးခွန်းက အရှင့်ဥနှောက်ကို အမြဲအလုပ်ပေးနေပါတယ်။
          
ဒီမေးခွန်းနဲ့ပတ်သက်ပြီး အရှင့်ရဲ့အတွေ့အကြုံတွေကို ဦးစွာပြောပြချင်ပါတယ်။ အရှင်က လင်္ကာကျွန်းမှာ ပညာဆည်းပူးနေတာဆိုတော့ လင်္ကာသူ၊ လင်္ကာသားတွေရဲ့ အပြုအမူတွေ၊ ဓလေ့ထုံးစံတွေကို အမြဲတမ်းထိတွေ့ခွင့် ရနေပါတယ်။ သူတို့ရဲ့ ပြုမူဆက်ဆံပုံတွေ၊ ဓလေ့ထုံးစံနဲ့ ယဉ်ကျေးမှုတွေဟာ ဗုဒ္ဓဘာသာပေါ်မှာ အခြေခံထားတာမို့ ထိတွေ့ဆက်ဆံခွင့် ရသူတွေကို အေးမြစေပါတယ်။ နွေးထွေးစေပါတယ်။ သူတို့အချင်းချင်းလည်း မိဘနဲ့သား သမီး၊ ဆရာနဲ့တပည့်၊ ကြီးသူနဲ့ငယ်သူတွေရဲ့ ဆက်ဆံရေးတွေဟာ မြင်သူတွေကို ကြည်နူးစေတာ အမှန်ပါပဲ။ 

ရဟန်းသံဃာများကိုသာမက ကိုယ့်ထက်ကြီးသူကို လက်အုပ်ချီပြီး အရိုအသေ ပေးလေ့ရှိပါတယ်။ ဖေးမကူညီလေ့ရှိပါတယ်။ ငယ်သူတွေကိုလည်း ကြီးသူတွေက ညှာတာ ထောက်ထားမှုတွေ၊ ယုယကြင်နာမှုတွေနဲ့ အမြဲဆက်ဆံလေ့ရှိပါတယ်။
အဲဒီထဲမှာ အရှင့်စိတ်ကို မကြာခဏ စွဲဆောင်နိုင်တဲ့ မြင်ကွင်းကတော့ သားဖြစ်သူတွေက သူတို့အမေ၊ အဖွားတွေကို ဂရုတစိုက်နဲ့ ဖေးဖေးမမရိုရိုသေသေ ဆက်ဆံပြီး တပူးတွဲတွဲသွားလာနေတာရယ်၊ နောက်ပြီး သမီးဖြစ်သူတွေက သူတို့ဖခင်နဲ့ အဘိုးတွေကို တပူး တွဲတွဲနဲ့ ချစ်ခင်အားကိုးစွာ ဆက်ဆံပြီး သွားလာကြတဲ့မြင်ကွင်းတွေပါပဲ။ သူတို့မိဘ၊ ဘိုးဘွား တွေရင်ထဲမှာ အတော့်ကို စိတ်ချမ်းမြေ့မှာပဲလို့ ခန့်မှန်းကြည့်မိပါတယ်။
           
အဲသလို စိတ်ချမ်းမြေ့ဖွယ် ဆက်ဆံရေးပြေပြစ်နေသူတွေအဖို့ လူမှုရေးပြဿနာတွေ ရှိမှရှိပါ့မလားလို့ အတွေးနယ်ချဲ့နေမိပါတယ်။ ပတ်ဝန်းကျင်ကိုလည်း အမြဲအကဲခတ်နေမိပါ တယ်။ ဒါကို ဆရာက သူတို့နိုင်ငံမှာ လူသိများတဲ့ သီချင်းတစ်ပုဒ်ဆိုပြပြီး အဓိပ္ပါယ်ပြောပြပါ တယ်။ အဲဒီသီချင်းသံကို မကြာခဏလည်း ကြားဘူးပါတယ်။ ကိုယ်က ဆင်ဟာလီဘာသာ စကားမတတ်တော့ အဓိပ္ပါယ်ကို နားမလည်ပါဘူး။ သီချင်းသံစဉ်က ဆွေးဆွေးမြေ့မြေ့လေးနဲ့ ကြေကွဲစရာပုံစံလေးလို့တော့ ခံစားမိပါတယ်။ ဆရာက “သူတို့ဆီမှာလည်း မိဘနဲ့သားသမီး ပြဿနာတွေ ရှိကြောင်း၊ သားသမီးတွေက မိဘတွေကို ပစ်ထားပြီး သွားလိုရာသွား၊ လုပ်ချင်ရာလုပ်နေကြောင်း၊ အဲဒါကို ပစ်ပယ်ခံ အမေအိုကြီးက သူ့ရဲ့ဒုက္ခတွေကို စိတ်မပျက်ဘဲ သားသမီးတွေ အတွက်ပူပန်နေပုံကို ဖွဲ့ဆိုထားတာဖြစ်ကြောင်း ” ရှင်းပြပါတယ်။
           
တစ်ခါကလည်း သူငယ်ချင်းကိုယ်တော်တစ်ပါး ကျန်းမာရေးမကောင်းတာနဲ့ ဆေးခန်း လိုက်ပို့ပေးလိုက်ပါတယ်။ ဆရာဝန်က အတော့်ကို ရိုသေကိုင်းရှိုင်းစွာနဲ့ နွေးထွေးကြင်နာစွာ ဆက်ဆံပြီး ပြုစုကုသပေးလိုက်ပါတယ်။ နောက်ပြီးဆရာဝန်က အရှင်တို့နိုင်ငံရဲ့ အကြောင်းအရာတွေကို မေးပါတယ်။ မေးသာ မေးတာပါ။ သူက သိပြီးသားတွေပါ။ သူက ဗဟုသုတလည်း အတော်စုံပါတယ်။ နိုင်ငံတော်တော်များများရဲ့အနေအထားတွေကိုလည်း ဗဟုသုတဖြစ်ဖွယ် ပြောပြပါတယ်။ “သူ့နိုင်ငံနဲ့ အရှင်တို့နိုင်ငံဟာ တူညီကြောင်း၊ ဗုဒ္ဓဘာသာပေါ်မှာ အခြေခံထားတဲ့ ယဉ်ကျေးမှုတွေဆိုတော့ ယဉ်ကျေးသိမ်မွေ့မှုမှာ ပြောစရာမလိုကြောင်း၊ ဘာသာတရားက ကောင်းသော်လည်း ဘာသာတရားကို ကျင့်သုံးနိုင်မှုမှာ အားနည်းနေသေး ကြောင်း” စတာတွေကို သူ့အမြင်နဲ့ယှဉ်ပြီး ပြောပြပါတယ်။ လူတစ်ယောက်ရဲ့အခွင့်အရေးကို အခြားတစ်ယောက်က စွတ်ဖက်ခံရတဲ့နေရာမှာ လုံခြံမှုနည်းပါးသေးကြောင်းကိုလည်း ရှင်းပြပါတယ်။ ယောင်္ကျားတွေက မတရားနှိပ်စက်ခံရလို့ သူ့ဆေးခန်းရောက်လာတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေ တော်တော်များကြောင်း၊ သြစတေးလျမျာဆိုရင် အစိုးရက အမျိုးသမီးတွေအတွက် လုံခြုံမှုအပြည့်အ၀ပေးထားကြောင်းကိုလည်း ရှင်းပြပါတယ်။
           
အရှင်က ဒီနိုင်ငံဟာ အတော်အေးချမ်းတဲ့နိုင်ငံဖြစ်တော့ အထက်ကလို ပြဿနာတွေ မရှိဘူးထင်နေတာ။ ခုတော့ ထင်သလို မဟုတ်ပါဘူး။ သတင်းတွေရှာဖွေပြီး ဖတ်လိုက်တော့ သူတို့ဆီမှာလည်း လူမှုရေးပြဿနာတွေ ရှိတာပါပဲ။ သူတို့လည်း ပုထုဇဉ်တွေပဲလေ။ လောဘ၊ ဒေါသ၊ မာနစတဲ့ ကိလေသာတွေ ရှိနေမှာပဲဆိုတော့ ပြဿနာတွေကတော့ ရှိနေမှာပါပဲ။ ဒါမျိုး ပြဿနာတွေ ရှိနေလို့လည်း ဒီနိုင်ငံက ကလေး၊ သူငယ်တွေကို လူကြီးမိဘများအား ကြင်ကြင်နာနာဆက်ဆံဖို့၊ ဂရုစိုက်ဖို့ ဆုံးမပြောဆိုမှုတွေကို တွေ့ရတာပါပဲ။ စာအုပ်၊ စာတမ်း တွေလည်း ရေးသားထားပြီး တနန္ဂနွေနေ့၊ ဓမ္မစကူးကျောင်းတွေမှာ သင်ကြားပေးနေတာတွေကို တွေ့ရပါတယ်။

ငယ်ငယ်က ဒေါက်တာရဲနိုင်ရေးတဲ့ “အနောက်ကိုရွှေ့ အရှေ့ကိုမျှော်” ၀တ္ထုထဲမှာ အနောက်နိုင်ငံကို ပညာသင်ရောက်နေတဲ့ ဇာတ်လိုက်က သားသမီးတွေရဲ့ မေတ္တာငတ်နေတဲ့ အနောက်နိုင်ငံသူ အဖွားအိုတစ်ယောက်ကို နွေးထွေးယုယစွာဆက်ဆံပုံကို ထည့်ရေးထားတာ မှတ်မိပါတယ်။ အဲဒီတုန်းက ကိုယ်ကငယ်သေးတော့ အဲသလို ခံစားချက်မျိုးတွေကို သိပ်နားမလည်ခဲ့ဘူး။ နောက်တော့ ဒေသစုံ၊ လူမျိုးစုံနဲ့ထိတွေ့ ဆက်ဆံလာရတော့မှ တစ်ဦးနဲ့တစ်ဦး ဆက်ဆံရေးမှာ နွေးထွေးမှု၊ ဖေးမမှု၊ ကိုယ်ချင်းစာမှုစတာတွေ အများကြီးလိုအပ်ကြောင်းကို ပိုပြီးသဘောပေါက်လာပါတယ်။
          
 ဒီနေ့ခေတ်မှာ အလုပ်လုပ်ရတာကလည်း နားချိန်ကို မရှိပါဘူး။ နေ့စဉ်နဲ့အမျှ ပြေးလွှား လုပ်ကိုင်နေရကြတာပါ။ အလုပ်ထဲမှာ ပိနေကြတဲ့အတွက် မိသားစုကိစ္စတွေ၊ အပေါင်းအသင်း ကိစ္စတွေကို လျစ်လျူရှုထားရတဲ့သူတွေလည်း အများကြီးပါပဲ။ အဲသလို အလုပ်တာဝန်တွေ ပိပြီး ပတ်ဝန်းကျင်ကို အချိန်မပေးနိုင်တော့ ဆက်ဆံရေးတွေ ခြောက်သွေ့လာပါတယ်။ ပျော်ရွှင်မှုတွေ နည်းပါးလာပါတယ်။ အထီးကျန်ဆန်လာပြီး ငြီးငွေ့ဖွယ်လည်း ကောင်းလာပါတယ်။ တစ်ခါက နယ်တစ်နယ်ကိုရောက်တော့ ဖခင်ဖြစ်သူက သူ့သားရဲ့ဆံပင်ပုံစံကို ကြည့်ပြီး ပြောဆိုလိုက်တဲ့ စကားတစ်ခွန်းကို အမှတ်ရမိပါတယ်။ သူ့သားက ဆံပင်ကို နဖူးပေါ်တစ်ခြမ်း ၀ဲနေတဲ့ ဒီဇိုင်းချိုးထားတာပါ။ သူ့သားက ထမင်းစားရင်း မျက်စိရှေ့ဝဲ၀ဲကျလာတဲ့ဆံပင်ကို နဖူးပေါ်ရောက်အောင် ခေါင်းကို ခဏခဏစောင်းငဲ့ပြီး ခါခါပစ်နေပါတယ်။ ဒါကိုကြည့်ပြီး ဖခင် ဖြစ်သူက စိတ်မသက်မသာနဲ့ ပြောလိုက်ပုံက “တောက်…ခေတ်ကိုက ငါ့သားကို ထမင်း ကောင်းကောင်းမစားရအောင် လုပ်တဲ့ခေတ်” တဲ့။ တကယ်တွေးကြည့်ရင် ဟာသလည်း မြောက်ပြီး အဓိပ္ပါယ်လည်း အတော်လည်း ထိမိပါတယ်။
           
ခုခေတ်က အိုင်တီ(IT)ခေတ်ဆိုတဲ့အတုင်းပါပဲ။ အီးမေးလ်၊ အင်တာနက်၊ ဖေ့စဘွတ် စတာတွေကနေ ကိုယ်နဲ့အဝေးကြီးမှာ ရှိနေတဲ့ကမ္ဘာ့အရှေ့ခြမ်း၊ အနောက်ခြမ်းက လူပေါင်းစုံ ကို အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ မိတ်ဖွဲ့နိုင်ပါတယ်။    အကြောင်းအမျိုးမျိုးကို အကြောင်းပြုပြီး မိတ်လည်းဖွဲ့နေကြပါတယ်။ ရလာတဲ့မိတ်ဆွေတွေကိုလည်း မတင်းတိမ်ဘူး။ အားမရနိုင်ကြဘူး။ မတင်းတိမ်နိုင်တာ၊ အားမရနိုင်တာဟာ ကိုယ်လိုချင်တဲ့ ပေတံစံနှုန်းတွေနဲ့ တိုင်းတာနေလို့ပါပဲ။ အဲဒီတော့ လက်ပံပင်ပေါ်က ပြုတ်ပြုတ်ကျလာတဲ့ လက်ပံပွင့်တွေကို ကိုယ့်အနား ကြွေကျလာတော့ အားမရဘဲ အပင်ပေါ်က အပွင့်တွေကိုပဲ ခေါင်းမော့ပြီး မျှော်မျှော်နေတဲ့ ခွေးရူးလို ဖြစ်နေပါတော့တယ်။ ကိုယ်နဲ့မသိတဲ့ ကမ္ဘာ့အရှေ့ခြမ်း၊ အနောက်ခြမ်းက သူတွေကိုသာ စိတ်ဝင်စားတာပါ။ ကိုယ့်မိသားစု၊ ကိုယ်နဲ့နံရံချင်း ကပ်နေတဲ့ တစ်ဘက်ခန်းက မိတ်ဆွေတွေကျတော့ မခေါ်ချင်ဘူး။ မပြောချင်ကြပြန်ပါဘူး။  ခေါ်ဖို့၊ ပြောဖို့ အချိန်လည်း မပေးနိုင်ဘူးဖြစ်နေကြပါတယ်။
           
အဲသလို အလုပ်မအားတာတွေ၊ တန်းတူရည်တူလုပ်လာရတာတွေ၊ အချိန်မပေးနိုင်တာ၊ မပေးချင်တာတွေကြောင့်မို့ တစ်ဦးနဲ့တစ်ဦးဆက်ဆံရေးဟာ လုပ်ငန်းသဘော ဆန်လာပါတယ်။ နွေးထွေးမှု၊ ကြင်နာမှု၊ ဖေးမမှု၊ ရိုသေမှု၊ ကိုင်းရှိုင်းမှုတွေ ခေါင်းပါးလာပါတယ်။ အတ္တဆန်မှုတွေ၊ မရောင့်ရဲနိုင်မှုတွေ များများလာပါတယ်။ လူငယ်တွေမှာ အနာဂတ်ရှိတယ်။ အားမာန်တွေ ရှိတယ်။ ဒါပေမယ့် အဲဒီအားမာန်တွေ၊ မျှော်လင့်ချက်တွေကို အလွဲမှာ အသုံးချ မိတတ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီအားမာန်တွေ၊ မျှော်လင်ချက်တွေထဲမှာ စီးဝင်လာတဲ့ ခေတ်ရေစီးကြောင်းတွေကိုပဲ အငန်းမရလိုက်ရင်းနဲ့ အနီးအနားမှာရှိတဲ့ ဘိုးဘွား မိဘနဲ့ မိတ်ဆွေတွေကို အချိန်မပေးနိုင်ကြတော့ပါဘူး။ တချို့ကတော့ ပေးလည်း မပေးချင် ကြ တော့ပါဘူး။ ဒီလိုနဲ့ပဲ လူကြီးမိဘတွေကို ပြုစုရတာ၊ အရိုအသေပေးရတာဟာ ဒီနေ့ခေတ်မှာ ပြဿနာသဖွယ် ဖြစ်လာပါတော့တယ်။ ဒါကြောင့်လည်းပဲ လူကြီးမိဘတွေဟာ တဖြေးဖြေးနဲ့ ဘေးရောက်ရောက်သွားပါတယ်။ အထီးကျန်ဆန်လာပါတယ်။ ဆင်းရဲငြိုငြင် ပင်ပန်းလာကြပါ တယ်။
          
 ခုလို ဖြစ်လာတာဟာ တကယ့်ကို စိတ်မကောင်းစရာပါပဲ။ ခေတ်တွေ၊ စနစ်တွေ ဘယ်လိုပဲ ပြောင်းပြောင်း မိဘဟာ မိဘပါပဲ။ သူတို့တတွေဟာ ကိုယ့်အတွက် တကယ့်ကို ကျေးဇူးရှင်တွေပါပဲ။ ကိုယ့်ထက် အသက်၊ သိက္ခာဂုဏ်ရှိန်ဝါကြီးသူတွေဟာ ကိုယ့်ရဲ့မျိုးဆက်တွေ အတွက် တစ်နည်းနည်းနဲ့ ကျေးဇူးရှိနေသူတွေပါ။ မြတ်စွာဘုရားရှင်က လူကြီးမိဘတွေ၊ မိတ်ဆွေတွေ၊ ပတ်ဝန်းကျင်ကိစ္စတွေကို အရေးထားဖို့ရန် တရားဒေသနာတော်တွေ အများကြီး ဟောကြားတော်မူခဲ့ပါတယ်။
           
တစ်ခါက သာဝတ္ထိပြည်မှာ သားလေးယောက်က မပြုစုဘဲ အိမ်က နှင်ထုတ်ခံထားရလို့ ဆင်းရဲငြိုငြင်စွာ တောင်းရမ်းစားသောက်နေရတဲ့ မဟာသာလဆိုတဲ့ ပုဏ္ဏားအိုကြီးကို မြတ်စွာဘုရားက ဂါထာ(ကဗျာ)လေးပုဒ်ကို သင်ကြားပေးပြီး လူပုံအလယ်မှာ ရွတ်ဆိုစေကာ မိဘနဲ့ သားသမီး စည်းလုံးညီညွတ်မှုတွေ၊ ချစ်ခင်ကြင်နာမှုတွေ ရရှိအောင် ဆောင်ရွက်ပေးတော်မူခဲ့ ပါတယ်။

မြတ်စွာဘုရား သင်ကြားပေးတဲ့ ဂါထာ(ကဗျာ)လေးပုဒ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
          ''အကြင်သားတို့ဖြင့် အကျွန်ုပ် နှစ်သက်၊ ဝမ်းမြောက်ခဲ့ရ၏။ အကြင်သားတို့၏ ကြီးပွား ခြင်းကိုလည်း အလိုရှိခဲ့၏၊ 'ခွေးတို့သည် ဝက်ကို (ဟောင်၍) နှင်ထုတ်သကဲ့သို့' ထိုသား တို့သည် မယားတို့နှင့်အတူတိုင်ပင်ကာ ငါ့ကို (မြည်တမ်းငေါက်အော်၍) နှင်ထုတ် ကုန်၏။
သူတော်မဟုတ် ယုတ်မာသော ရက္ခိုသ်တို့သည် သားတို့၏အသွင်အပြင်ဖြင့် ငါ့ကို 'ဖခင် ဖခင်'ဟု ခေါ်ကုန်၏၊ ထိုရက္ခိုသ်တို့သည် အရွယ်လွန်သောငါ့ကို စွန့်ကုန်ယောင်တကား။
'အိုမင်းသည်ဖြစ်၍ အသုံး မပြုနိုင်သော မြင်းကို အစာမကျွေးဘဲ ဖယ်ထားဘိသကဲ့သို့' သူမိုက်တို့၏ အဖအိုသည် သူတစ်ပါးအိမ်တို့၌ တောင်းစားရ၏။
ငါ၏ လက်စွဲတောင်ဝှေးသည်ကား မြတ်သေး၏၊ ငါ့အား မရိုသေ၊ မတုပ်ဝပ်သော သားတို့သည် မမြတ်ကုန်၊ တောင်ဝှေးသည် ကြမ်းသော နွားကိုလည်း တားမြစ်နိုင်၏၊ ထို့ပြင် ကြမ်းသော ခွေးကိုလည်း တားမြစ်နိုင်၏။
တောင်ဝှေးသည် မှောင်ထဲ၌ ရှေ့သွား ဖြစ်နိုင်၏၊ နက်သော ရေ၌ ထောက်တည်ရာကို ရနိုင်၏၊ ချော်ကျသော်လည်း တောင်ဝှေး၏ အစွမ်းကြောင့် ရပ်တည်နိုင်ရ၏၊ ထို့ကြောင့် တောင်ဝှေးသည် သားတို့ထက် မြတ်သေး၏''ဟု ဤသို့ (ရွတ်ဆိုလော့ဟု မိန့်ဆို၏)။

အထက်က မြတ်စွာဘုရားရှင်ရဲ့ စကားလုံးတွေဟာ အတော်ကြီးကို လေးနက်ပြီး မိဘတွေဘက်ကနေ ခံစားပေးနိုင်ဆုံးဖြစ်ရုံမက မိဘတွေရဲ့ ခံစားချက်တွေကို ပုံဖော်ပေးနိုင်စွမ်း ရှိတဲ့ စကားလုံးတွေပါပဲ။ မြတ်စွာဘုရားရှင်က မိသားစုပျော်ရွှင်ရေးအတွက်၊ စည်းလုံးညီညွတ် ရေးအတွက်၊ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး သာယာစိုပြေရေး၊ ချမ်းသာသုခရရှိစေရေးအတွက် တရားဒေသနာတွေ အများကြီး ဟောကြားတော်မူခဲ့ပါတယ်။ သုဝဏ္ဏသာမဇာတ်ထဲမှာ မိဘကို ပြုစုလုပ်ကျွေးတဲ့ ရဟန်းတော်လေးကို ချီးမွမ်းတော်မူခဲ့ပုံ၊ ဗြာဟ္မဏသံယုတ်၊ မာတုပေါသက သုတ်တွင်လည်း မိဘကို လုပ်ကျွေးတဲ့ ပုဏ္ဏားအား ဘုရားရှင်က “မိဘကို ပြုစုလုပ်ကျွေးရင် ယခုဘ၀မှာလည်း ပညာရှိတွေရဲ့ ချီးမွမ်းမှုကို ခံရပုံ၊ တမလွန်ဘ၀မှာလည်း နတ်ပြည်မှာ စံရနိုင်ပုံကို ဟောကြားတော်မူခဲ့ပါတယ်။ သာလိကေဒါရဇာတ်လမ်းထဲမှာလည်း မိဘကို ပြုစုလုပ်ကျွေးဖို့ ဆုံးမတော်မူခဲ့ပါတယ်။ ၃၈-ဖြာ မင်္ဂလာတရားတော်ထဲမှာလည်း မိဘကို ပြုစုလုပ်ကျွေးခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်ကြောင်း ညွန်ကြားခဲ့ပါတယ်။

ဓမ္မပဒအဋ္ဌကထာ(၁၊၄၂၃)ထဲမှာလည်း ကိုယ့်ထက်ဂုဏ်ရှိန်ဝါကြီးမားသူ၊ လူကြီးမိဘ စသူတွေကို အမြဲမပြတ် ရိုသေစွာဆက်ဆံမယ်၊ ရှိခိုးမယ်ဆိုရင် အသက်ရှည်မယ်၊ အဆင်း လှမယ်၊ ချမ်းသာမယ်၊ ခွန်အားဗလကြီးမားမယ်လို့ မြတ်စွာဘုရားရှင်က ဆုံးမဟောကြား တော်မူခဲ့ပါတယ်။  
ဒီဃနိကာယ်၊ သိင်္ဂါလောဝါဒသုတ်ထဲမှာလည်း မိဘတွေကို သားသမီးတွေက ပြုစုရ မယ့် ၀တ္တရားငါးပါးကို ဟောကြားသွန်သင်ခဲ့ပါတယ်။ ဒါကို ရှေးပညာရှင်တွေက မှတ်မိလွယ် စေရန် “ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ် ငါးသွယ်ကျင့်ဖွယ်သားတို့သမီးတို့တာ” ဆိုပြီး ဆောင်ပုဒ်လင်္ကာလေးစီကုံးပြီး မျိုးဆက်သစ်များအား လက်ဆင့်ကမ်း သင်ယူလိုက်နာစေခဲ့ပါတယ်။

မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်လည်း မယ်တော်မိနတ်သားအား အဘိဓမ္မာဒေသနာ တော်များ ဟောကြားပြီး ကျေးဇူးဆပ်တော်မူခြင်းဖြင့် မိဘကျေးဇူးကြီးမားကြောင်းကို ထင်ရှား ပြတော်မူခဲ့ပါတယ်။ ပညာဧတဒဂ်ရ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး သွေးအံတဲ့ ဝေဒနာကို သည်းခံတော်မူပြီး အယူလွဲမှားနေသော မယ်တော်ကြီးကို အမြင်မှန်ရောက်အောင် ကြိုးစားတရားပြပြီးမှ ပရိနိဗ္ဗာန်ပြုတော်မူခဲ့ပါတယ်။ ဒါဟာ မိဘကျေးဇူးကို မမေ့ရန်သာဓကပြခဲ့တဲ့ ဖြစ်ရပ်တွေပါပဲ။ ကမ္ဘာကျော်ဆရာတော်ကြီးဖြစ်တဲ့ မင်းကွန်းတိပိဋကဓရဆရာတော်ကြီးက လည်း သူ၏မယ်တော်ကြီးကို ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ ဓမ္မကထိကအကျော် သီတဂူဆရာတော်ဆရာတော်ကြီးကလည်း သူ၏မိခင်ကြီးကို စစ်ကိုင်းတော်ခေါ်ထားပြီး ထုံးဘိုရပ်ကွက် ထဲမှာ ချမ်းချမ်းသာသာထားပေးခဲ့ပါတယ်။ ကွယ်လွန်သွားပြီးနောက်မှာလည်း သူ၏မယ်တော် ကြီးကို ရည်မှန်းပြီး နှစ်စဉ်သံဃာတော်များကို ပင့်ဖိတ်လှူဒါန်းကာ အမျှဝေကာ ကျေးဇူးဆပ် တော်မူပါတယ်။  မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်ကြီးများဖြစ်တဲ့ ကုလသမဂ္ဂ၀န်ကြီးချုပ်ဦးသန့်၊ ဗိုလ်ချုပ်အောင်ဆန်းစတဲ့ ပုဂ္ဂိုလ်ကြီးတွေ ကိုယ်တိုင်လည်း မိဘကျေးဇူးကို အထူးသိတတ်ပြီး ကျေးဇူးဆပ်ခဲ့သူတွေပါပဲ။     

မဃဒေ၀လင်္ကာထဲမှာ မာန်လည်ဆရာတော်ကြီးက သာလိကေဒါရဇာတ်ကိုမှီး၍ “မိကိုလက်ယာ၊ ဘကိုလက်ဝဲ၊ ကိုင်ချီဆွဲလျက်၊ ပခုံးထက်ဝယ်၊ အသက်ရာတိုင်၊ မမုန်းနိုင်ဘဲ၊ ဆုံးတိုင်ဝပ်တွား၊ လုပ်ကြွေးငြားလည်း၊ မွေးဖွားပိုက်ကျူး၊ ကြွေးတင်ဖူးသည့်၊ ကျေးဇူးဂုဏ်ပြိုင်၊ မဆပ်နိုင်ခဲ့” လို့ စပ်ဆိုခဲ့ပါတယ်။ ဒါ့အပြင် မိဘကျေးဇူးကို ဆပ်ခွင့်ကြုံတုန်း မဆပ်လိုက်ရရင် နောင်အခါ နောင်တတရားတွေနဲ့ ပူလောင်နေရတတ်ကြောင်းကို “ငယ်ခါကလျှင်၊ မသင်ပညာ၊ ဥစ္စာမစု၊ သူ့ကို ချစ်ဖျက်၊ သူ့သက်သတ်စား၊ သူ့မယားနိုက်၊ ပြစ်မှားတုံဘိ၊ ပစ္စည်းရှိလျက်၊ စိုးစိမလှူ၊ မွေးမြူမိဘ၊ မပြုရနှင့်၊ ဆုံးမ မနာ၊ ပညာရှိထံ၊ နည်းခံမမှတ်၊ မမြတ်အကျင့်၊ ဤဆယ်ဆင့်ကား၊ ကြီးရင့်သောခါ၊ ပူစွာနောင်တ၊ ရတတ်စွတည်း။” လို့ စပ်ဆို၍ ဆုံးမသတိ ပေးတော်မူခဲ့ပါတယ်။

ခုလို ဘုရားစတဲ့ ပညာရှိသူတော်ကောင်းတွေက လူကြီးသူမတွေ၊ မိဘဘိုးဘွားတွေ၊ အသက်၊ သိက္ခာ၊ ဂုဏ်ဝါကြီးမားသူတွေကို အရိုအသေပေးဖို့ရန်၊ ပြုစုစောင့်ရှောက်ဖို့ရန် ဆုံးမညွန်းကြားခဲ့တာတွေ၊ စံနမူနာအဖြစ်ဆောင်ရွက်ပြခဲ့တာတွေကို ထောက်ဆကြည့်ရင် လူကြီးမိဘတွေရဲ့ ကျေးဇူးကြီးမားမှုတွေ၊ အရေးပါမှုတွေကို ခန့်မှန်းလို့ ရနိုင်ပါတယ်။ ဒါကြောင့်မို့ မိမိတို့တစ်တွေလည်း ခေတ်စနစ်တွေ ဘယ်လိုပဲ ပြောင်းပြောင်း လူကြီးမိဘတွေကို ပြုစုစောင့် ရှောက်ရတာကို ပြဿနာကြီးသဖွယ် မမှတ်ယူသင့်ပါဘူး။ ပြဿနာကြီးသဖွယ်ဖြစ်လာတယ်လို့ ခံယူရင်လည်း အဲသလို မှားယွင်းတဲ့အယူအဆတွေကို ဖယ်ရှားပစ်သင့်ပါတယ်။ ယနေ့ခေတ်မှာ ပြဿနာသဖွယ်ဖြစ်လာရင်လည်း အဲဒီပြဿနာကို မှန်ကန်မွန်မြတ်တဲ့ လမ်းစဉ်တွေ၊ ပြောင်းလဲမှုတွေနဲ့ အစားထိုးနိုင်အောင် ကြိုးစားဆောင်ရွက်သင့်ပါတယ်။

ဒါ့အပြင် ကိုယ့်ပေါ် ရှိခဲ့ဘူးတဲ့ သူတို့ရဲ့ကျေးဇူးတွေကို ဆင်ခြင်ကာ အခွင့်အရေးရတဲ့ အခိုက်မှာ လူကြီးမိဘတွေကို ရိုရိုသေသေနဲ့ ကြင်ကြင်နာနာဆက်ဆံရင်း ကျေးဇူးသိသူများ၊ သိတဲ့ကျေးဇူးတွေကို ပြန်လည်ပေးဆပ်နိုင်သူများဖြစ်အောင်လည်း ကြိုးစားအားထုတ်သင့်ပါကြောင်း ထပ်လောင်းပြောကြားတိုက်တွန်းပြောဆိုချင်ပါတယ်။

(အမေရိကန်၊ မစိုးရိမ်ကျောင်း၊ စာစောင်တွင် ရေးသားခဲ့သော ဆောင်းပါးကို အနည်းငယ်ပြုပြင်၍ ပြန်လည် တင်ပြလိုက်ပါသည်။) (ကော်လရှင်မကောင်း၍ ယဉ်ကျေးမှုကို ထင်ဟပ်စေနိုင်သော အချို့ဓာတ်ပုံများကို လျစ်လျူရှုလိုက်ရတော့သည်)
  


Friday, April 20, 2012

နွေဂယာရဲ့ ဝေဒနာစာတမ်း



ပူလောင်မူတွေ သွန်ချ၊
ခမ်းခြောက်မူတွေ ပက်ကြဲ၊
အက်ကွဲနေတဲ့ ဒီနေရာ၊

ဖြေစရာတစ်ခုက မဟာဗောဓိ၊
ဝေဒနာရှိသူ တစ်ယောက်၊  နေ့စဉ်ရောက်ခဲ့မိတယ်…….။

ဂန္ထ၀င်ဗောဓိပင်လည်း၊
ရိုးတံတွေ ကျဲ၊
အစေးတွေ ပြိုကွဲတော့၊
ငိုနေဆဲ ရွက်ဝါများ၊
ပင်အိုက ခွာသွား၊
အော် စည်းလုံးမှုတွေ လွင့်သွား၊

လေယူရာ သူတို့ယိမ်း၊
ရှောင်တိမ်းတာ ပြစ်မဆိုသာ၊
ဒါဟာ နွေဂယာရဲ့ ဝေဒနာစာတမ်းတစ်ခုပါ။

Wednesday, April 11, 2012

စပ်မိစပ်ရာ ဟာသများ (၉)


မောပြီးမှ ရယ်ရတယ်

အင်္ဂလိပ်စကားပြောသင်တန်းတစ်ခုမှာပါ။ ဆရာက မိသားစု၊ ညီကိုမောင်နှမ ဘယ်နှစ် ယောက်ရှိသလဲ...စတဲ့ မေးခွန်းတွေ မေးပြီး ထထဖြေခိုင်းပါတယ်။ ဆရာက “How many brother and sister do you have in your family? လို့ ခပ်ကြီးကြီး အေးအေးဦးဇင်းတစ်ပါးကို မေးလိုက်ပါတယ်။ ဦးဇင်းကြီးက နားကြားစွမ်းရည် အားနည်းတော့ နားမလည်ပါဘူး။ ဒါနဲ့ သူပြန်ဖြေလိုက်ပုံက I have no family. တဲ့။ 

ဆရာလည်း မျက်မှောင်ကြုတ်သွားကာ “မိသားစု မရှိဘဲနဲ့ ကိုယ်တော် ဘယ်လိုလုပ်ပြီး မွေးလာတာလဲ” ထပ်မေးလိုက်ပါတယ်။ ဆရာမေးတာကို နားမလည်ဘဲနဲ့ သူဖြေချင်ရာကို ဖြေလိုက်ပုံက “I don’t know.” တဲ့။

ဆရာခမျာ လက်နောက်ပစ်ပြီး ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်ရင်း ထပ်တလဲလဲ စဉ်းစား နေပါတယ်။ အတော်လည်း ခေါင်းရှုပ်သွားဟန်ရှိလေရဲ့။ နောက်မှ ဘေးက ကိုယ်တော်တွေက  “ဒီဦးဇင်းဆိုလိုတာက သူ့မှာ ညီကိုမောင်နှစ်မ မရှိဘူး၊ သူတစ်ယောက်ထဲလို့ ပြောတာ။ မိသားစုမရှိဘူးလို့ ဆိုလိုတာမဟုတ်ကြောင်း၊ ဒါပေမယ့် သူက အင်္ဂလိပ်စာ အားနည်းလို့ သေချာပြန်မပြောတတ်တာ” လို့ ၀ိုင်းရှင်းပြလိုက်မှ ဆရာလည်း စဉ်းစားရင်း မောနေရာကနေ ရယ်သွားပါတော့တယ်။ 
အော် တခါတရံ ရယ်ပြီးမှ မောရတာ မဟုတ်ဘဲ မောပြီးမှ ရယ်ရတာပါလား…..      

တောသားအတွေး

4.4.2010 နေ့က အိန္ဒိယနိုင်ငံ၊ မဂဓတက္ကသိုလ်ထဲက မြန်မာကျောင်းသား ရဟန်းတော်တွေ နေတဲ့ အဆောင်မှာ မီးလန့်သွားပါတယ်။ ဖြစ်ပုံက ရာသီဥတု ပူပြင်းပြီး လျှပ်စစ်အသုံးများကာ ၀ါယာကြိုးတွေ လျှော့ဖြစ်သွားတာပါ။ ကိုယ်တော်တွေလည်း ရုန်းရင်းဆန်ခတ် ဖြစ်သွားကြပါလေရော။ 

အဲဒီအချိန်မှာ ဦးဇင်းလေးတစ်ပါးက ပြာတာတာနဲ့ ပြေးလာပြီး ခြေမကိုင်မိ၊ လက်မကိုင်မိနဲ့ ပြောလိုက်ပုံက “မီး လောင်ရင် ရေလောင်းကြလေ၊ ဘာလုပ်နေကြတာလဲ“ တဲ့။

သူ့ခေတ် ကိုယ့်ခေတ်
          နယ်စပ်မှာ သာသနာပြုတာဝန်ထမ်းဆောင်တဲ့ ဦးဇင်းလေးတစ်ပါးက ရိုးအေးတဲ့ ဆရာတော် ကြီးတစ်ပါးရှေ့မှာ ယောင်ယမ်းပြီး  “ကောင်းတာတွေ စား၊ ကောင်းတာတွေ ၀တ်…….” ဆိုတဲ့ J-မီ ဆိုထားတဲ့ ခေတ်သီချင်းလေး တစ်ပိုဒ်စ၊ နှစ်ပိုဒ်စကို ဆိုမိပါတယ်။

ဆရာတော်ကြီးက သီချင်းမှန်း မသိလေတော့ “ဟ..ဖြေးဖြေး ဖြေးဖြေး ပြန်ပြောပါဦး။ ဘယ်ဆရာတော့် သြ၀ါဒလဲ၊ တပည့်တော် မှတ်စုထဲ မှတ်ထားချင်လို့..၊ ခဏ..ခဏ” ဆိုပြီး ဗလာ စာအုပ်နဲ့ ခဲတံလေး လိုက်ရှာပါလေရော….။


ပါဆယ်ဝမ်း ဒီမှာ သောက်မှာ
          
သူငယ်ချင်း ကရင်ဦးဇင်းလေးတစ်ပါးပေါ့။  သူနဲ့ မန္တလေး၊ သာသနာ့တက္ကသိုလ်တက်တုန်းက ခင်မင်ခဲ့တာပါ။ သူက တိုင်းရင်းသားလည်း ဖြစ်ပြန်၊ ခပ်အေးအေး ခပ်ဖျင်းဖျင်းဆိုတော့ သူ့အမူအရာက ရိုးအတဲ့သဘောဆန်နေပါတော့တယ်။
          
တစ်နေ့မှာ သူက လက်ဖက်ရည်ဆိုင် သွားထိုင်ပါတယ်။  စားပွဲထိုးကောင်လေးက “ဦးဇင်း ဘာသောက်မှာလဲ” လို့ မေးတော့ ထိုဦးဇင်းလေးက ဘာမှ မမှာတတ်ဘဲ ဖြစ်နေပါတယ်။ ဒါနဲ့ သူက ဟိုဟိုဒီဒီ ငေးကြည့်လိုက်ပါတယ်။ အဲဒီအချိန်မှာ တစ်နေရာက “ပါဆယ်ဝမ်း” လို့ အော်တဲ့အသံလည်း ကြားရော သူက မှိုရမျက်နှာမျိုးနဲ့ ပါဆယ်ဝမ်းလို့ စားပွဲထိုးလေးကို ပြောလိုက်ပါတယ်။
           
ခဏနေတော့ ပလပ်စတစ်အိပ်နဲ့ ထည့်ထားတဲ့ လက်ဖက်ရည်ပါဆယ်တစ်ထုပ် လာပို့တော့ ထိုဦးဇင်းက “ဟေ့ကောင်..ငါ ဒီမှာ သောက်မှာကွ”လို့ ပြောပါလေရော။ ကောင်လေးက “ဦးဇင်းပဲ ပါဆယ်ဝမ်းဆို” လို့ တုန့်ပြန်တော့ ထိုဦးဇင်းလေးက “ဟေ့ကောင် ငါ..ပါဆယ်ဝမ်း ဒီမှာသောက်မှာကွ၊ မင်းမသိဘူးလား” လို့ ဟောက်ပစ်လိုက်ရာ အနှီစားပွဲထိုးလေးခမျာ မျက်စိကလည်ကလည် ဖြစ်နေပါတော့တယ်။ ဘေးက လူတွေကလည်း အာဂမောင်ဦးဇင်း ထူးဆန်းလိုက်လေခြင်းဆိုတဲ့ အကြည့်တွေ စုပြုံလာပြီး လက်ဖက်ရည် သောက်ရန်ပင် မေ့ကုန်ကြပါလေရော…။   


ဉာဏ်အကောင်းဆုံး ကျောင်းသား
           
အလယ်တန်းကျောင်းတစ်ကျောင်းမှာပါ။ ဆရာမက ကျောင်းသား၊ ကျောင်းသူတွေကို စာစီ စာကုံးသင်ပေးရင်း
"မင်းတို့ကို ကြက်အကြောင်းလို့ ခေါင်းစဉ်ပေးမယ်၊ အဲဒါ ဆယ်ကြောင်းပြည့်အောင် ရေးကြ"
လို့ ပြောလိုက်ရာ ခဏအတွင်းမှာပဲ ကျောင်းသားတစ်ယောက်က ရေးပြီးသွားပါတယ်။ ဒါနဲ့ လေ့ကျင့်ခန်းစာအုပ်ကို သွားပြလိုက်ရာ ဆရာမ အံ့သြသွားပါလေရော။ ပါးစပ်ဟောင်းလောင်းဖြစ်သွားပြီး လောကကြီးကို တခဏမျှ မေ့သွားတယ် ထင်ပါရဲ့

ကျောင်းသားလေးက ဆယ်ကြောင်းပြည့်အောင် ဂဏန်းစဉ်ပြီး ရေးလိုက်ပုံက……
(၁) ကြက်အကြောင်း၊
(၂) ကြက်အကြောင်း၊
(၃) ကြက်အကြောင်း၊
(…………………………….)
(၁၀) ကြက်အကြောင်း…ဟူသတဲ့။




 
မှားတတ်တယ် မောင်ပဇင်းတို့

6.4.2010 နေ့က သီတဂူဆရာတော်ကြီး အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာ၊ မဂဓတက္ကသိုလ်နားက ကျောင်းသားကျောင်းမှာ စာရေးသူတို့နဲ့အတူ ဆွမ်းလာဘုန်းပေးပါတယ်။ နောက်တစ်နေ့မှာလည်း ဆွမ်းလာဘုန်းပေးပြီး သြ၀ါဒပေးရင်း လာမယ့်နှစ်ဒီဇင်ဘာမှာ မဟာဗောဓိဘုရားထဲတွင် ကျင်းပမယ့် နိုင်ငံတကာ၊ တိပိဋကရွတ်ဖတ် ပူဇော်ပွဲ(International Tipitaka Chanting)မှာ မြန်မာရဟန်းတော်တွေ စနစ်တကျနဲ့ အောင်မြင်စွာ ကျင်းပနိုင်ဖို့ရန် လမ်းညွန်ရင်း နည်းစနစ်တွေ ပေးသွားပါတယ်။ 

အလှူငွေသိန်းပေါင်းများစွာကိုလည်း ခဏအတွင်းမှာပဲ ရရှိအောင် ဆော်သြစည်းရုံးပြသွားပါတယ် ဆရာတော်ကြီးနောက်က သီတဂူသာသနာပြုအဖွဲ့ဒကာ၊ ဒကာမတွေ ပါလာပါတယ်။ ဆရာတော်ကြီး ပြန်ကြွတော့ ကားပေါ်ကနေ လက်ပြနုတ်ဆက်ပါတယ်။ ဦးပဇင်းများက လက်အုပ်ချီရမယ့်အစား ပြန်လည်လက်ပြနုတ်ဆက်လိုက်ပါတယ်။ တစ်ခါ ဆရာတော်ကြီးရဲ့နောက်က ဒကာ၊ ဒကာမတွေက လက်ပြနုတ်ဆက်လိုက်ချိန်မှာ ဦးပဇင်းများက ယောင်မှားပြီး လက်အုပ်ချီမိပါလေရော။ ဆရာတော်ကြီးက ခပ်ပြုံးပြုံးကြည့်သွားလေရဲ့။


“ဆိုင်း” ကြိုက်တဲ့မောင်နဲ့ သူ၏ကကြိုးကကွက်များ

ငယ်စဉ်က ကျောက်ပန်းတောင်းမြို့၊ စိတ္တပါလဂူကျောင်းမှာ စာသင်တုန်းကပေါ့။ လူချစ်လူခင်ပေါတဲ့ ပြောင်ချော်ချော် စပ်ဖြီးဖြီး ပုတုတု ၀တတ ညီနောင်သုံးပါးရှိပါတယ်။ သူတို့နဲ့အတူတူ နေရတာဆိုတော့ နေ့စဉ်အူတက်ရပါတယ်။ သူတို့မှာ ကျော်ကြားတဲ့ နာမည်ထူးတွေ ပိုင်ဆိုင်ရရှိထားကြပါတယ်။ တစ်ပါးက “စာချီး”တဲ့။ နောက်တစ်ပါးက “ခိုချီး” တဲ့။ အငယ်ဆုံးကောင်က “ကြောင်ချီး” ဟူသတဲ့။

အကြီးနှစ်ပါးက ကျောင်းခေါင်မိုးပေါ် စာချီး၊ ခိုချီးတက်ကျုံးရင်း လိမ့်ကျတာနဲ့ စာချီး၊ ခိုချီး ဘွဲ့ထူးကြီးများ ပိုင်ဆိုင်သွားလေရဲ့။ အငယ်ကောင်ကတော့ ကြောင်ချီးအမြဲကျုံးရလို့ ကြောင်ချီးလို့ ဂုဏ်နဲ့ဒြပ်ဟပ်နေကြောင်း။

အကြီးဆုံးလူ စာချီးရဲ့အထူးခြားဆုံးစွမ်းရည်တစ်ခုကတော့ ဆိုင်းသံကြားရင် လက်ခြေမလှုပ်ဘဲ မနေနိုင်ခြင်းပင်။ စာသင်သားအချင်းချင်းက "ဟေ့..ဟေ့ ဟေ့" နဲ့ လက်ခုပ်ဝိုင်းတီးရင် မကဘဲ မနေနိုင်ပါ။ တစ်ခါမှာတော့ ဆွမ်းခံသွားရင်း ရွှေဝတ်မှုံလက်ဘက်ရည်ဆိုင်ရှေ့အရောက် ဆိုင်ထဲက မြူးကြွကြွ တီးလုံးသံများကို ကြားလေရာ ဆိုင်းကြိုက်မောင်ကိုစာချီးခမျာ ခန္ဓာကိုယ် လှုပ်လှုပ်ရွရွ ဖြစ်သွားကာ သပိတ်မှောက်သွားပါတော့တယ်။ ပါလာသမျှ ဆွမ်းတွေ၊ ဟင်းတွေလည်း ပြောင်သွားပါလေရော။

ဆိုင်းကြိုက်မောင် ကိုစာချီးရဲ့ အများနဲ့မတူ ထူးခြားတဲ့ ကကြိုးကကွက်တွေကတော့ အရပ်ပုခြင်း၊ မျက်နှာပြားပြီး စပ်ဖြဲဖြဲ အမြဲနေခြင်း၊ ၀က်ခြံများ ပေါက်ခြင်း၊ သွားတက်ပါခြင်း၊ ညာဘက်ပါးတွင် အမာရွတ်ရှိခြင်း၊ အလှအပအသန့်အပြန့် လွန်စွာကြိုက်ခြင်း၊ သူ့ကြည့်သူမှန်သမျှ သူ့ကို သဘောကျတယ်ချည်း ထင်နေခြင်း၊ စာဘက်မှာ လွန်စွာဥာဏ်တုံးသလောက် မိန်းကလေးများ၏ ဟန်ပန်အမူအရာနဲ့ အ၀တ်စားများကိုတော့ အသေးစိပ် မှတ်မိတဲ့ အာဂစွမ်းရည်ရှိခြင်း၊ 

သူနဲ့ သိသိ.. မသိသိ တွေ့ရာလူကို ဆွဲပြီး လွန်စွာလေပေါတတ်တဲ့ အကျင့်ရှိခြင်း၊ ဘယ်လောက်ပဲ ရိုက်ခံရ.. ငေါက်ခံရ.. အမှတ်အသား မရှိခြင်း၊ သူတို့ညီနောင်အချင်းချင်း တစ်ပါးကို တစ်ပါး ဆုံးမလိုက်… စကားများလိုက်နဲ့ တစ်နေကုန် တစ်နေခန်း ဆူညံပွတ်လောရိုက်နေတတ်ခြင်း၊ တွေ့ရာလူကို ဂါလိ လိုက်ထိုးချင်တဲ့ အကျင့်ရှိခြင်း၊ စကားပြောတိုင်း မျက်ခုံးမျက်စပစ်ပြီး စတိုင်လွန်စွာထုတ်ခြင်း၊ 

စာအံ ကျောင်းမတက်..တရားမထိုင်ဘဲ ခိုးအိပ်တတ်သူတွေကို လာလာချောင်းပြီး စာချဘုန်းကြီးအား မကြာခဏ သွားလျှောက်တဲ့ အကျင့်ရှိခြင်း၊ သူများ ရယ်စရာပြောရင် ပါးစပ်ကြီးဖြဲပြီး သွားရည်တွေကျကာ ပြူးကြောင်ကြည့်နေတတ်ပြီး အူတက်လို့မဆုံး ဖြစ်နေတတ်ခြင်း၊ ပြီးရင် နားမလည်လို့ စိတ်ပျက်စရာကောင်းလောက်အောင် ပြန်ပြန်ပြောခိုင်းခြင်း၊ 

စာကျက်ပြီး စာချဘုန်းကြီးရှေ့ အာဂုံအလွတ်ပြန်ဆိုတဲ့အခါ ရှေ့ဟာ နောက်ရောက်၊ နောက်ဟာ ရှေ့ရောက် အမြဲဖြစ်ခြင်း၊ ပါးစပ်ကလည်း အို..နေဦး နေဦး.. အိုး နေဦး..နေဦးနဲ့ ခဏခဏပြောတတ်ခြင်း၊ (သူတို့ စာပြန်တာကို နားထောင်တဲ့စာချ ဘုန်းကြီးခမျာ မျက်နှာအမြဲရွံ့မဲ့ပြီး ခေါင်းကို ခဏခဏကုတ်နေရခြင်း)၊ စာချီးစာပြန်ပြီး ကိုယ်အလှည့်ရောက်ရင် ရပြီးသားစာတွေပါ မေ့မေ့သွားတတ်ခြင်း၊ ပြောပြီးသားစကားကိုလည်း အခါတရာ မကအောင် ထပ်တလဲလဲ ပြောနေခြင်း၊ စာချဘုန်းကြီးတွေရဲ့ အမူအရာတွေကို အတုခိုးပြီး ပြောင်လှောင်တတ်ခြင်း၊ စာအုပ်နဲ့တွေ့လိုက်တာနဲ့ ချက်ချင်းငိုက်တတ်ခြင်း……….ခြင်း……..ခြင်း....ခြင်း။ သူကား မယက်ဘဲနဲ့ ခြင်းများစွာ ပိုင်ဆိုင်ထားသူပါတကား.......။

ဤသို့ဤနှယ် ဆိုင်းကြိုက်မောင် ကိုစာချီးရဲ့ ကကြိုးကကွက်အသွယ်သွယ်ကား စာဖွဲ့မကုန် စုံမှစုံပါပဲ။ ခုတော့ လူ့ဘုံသို့ သူခုန်သွားလေခဲ့လေပြီတကား။ ဆိုင်းကြိုက်မောင် ကိုစာချီးအဖို့တော့ လွတ်လွတ်လပ်လပ်နဲ့ ကိုယ်တိုင်ဆိုင်းတွေ တအားတီးပြီး သား..သမီး..ဇနီးမယားဆိုတဲ့ ကကြိုးကကွက်တွေ တော်တော်စုံနေလောက်ပြီ ထင်ပါရဲ့.....

(စာသင်သားဘ၀ သူငယ်ချင်းများကို အမှတ်တရ)