မူလစာမျက်နှာ၊ ကဗျာ၊ဟာသ၊ ၀တ္ထု၊ ဆောင်းပါး၊ ခရီးသွား၊ ခံစားမှု၊ ဘာသာပြန်

Sunday, June 10, 2012

“မြေကမ္ဘာ ကြွေမှာ စိုးတဲ့ည”


        ခုတလော စာတွေလည်း မရေးဖြစ်တော့ပါဘူး။ ပို့စ်တွေလည်း မတင်ဖြစ်တော့ပါဘူး။ အိန္ဒိယနွေရဲ့ပူပြင်းမှုကို ရှောင်ရင်း ကျန်းမာရေးမကောင်းတာနဲ့ အမိမြန်မာပြည်ရဲ့ ရင်ခွင်ထဲ ပြန်လည်ခိုဝင်နေမိပါတယ်။ မြန်မာပြည်အလည်ပိုင်း၊ မကွေးတိုင်းက ဇာတိဌာနေ အညတရတောရွာလေးမှာ အချိန်ကုန်နေမိတယ်။
          
 ရွာသူရွာသားများကလည်း အပူဒဏ်ရှောင်ဖို့ရန် ဘုန်းကြီးကျောင်းမှာ လာရောက်ခိုအောင်းနေကြပါတယ်။ မိဘများကလည်း နေကပူ ကလေးတွေက ဆော့ဆိုတော့ နားငြီးဒဏ် သက်သာစေရန် ကလေးများကို ဘုန်းကြီးကျောင်းလွတ်ထားကြပြန်ရော။ အချို့ကလေးတွေကိုတော့ အမှန်တကယ် ယဉ်ကျေးမှုစာပေတွေ သင်ယူစေချင်လို့ ကျောင်းကို ပို့လိုက်တာပါ။
           
အချိန်လည်း အကျိုးရှိရှိကုန်စေရန်၊ သူတို့အတွက်လည်း ကုသိုလ်တွေရပြီး ဗဟုသုတ တိုးပွားစေရန် ဗုဒ္ဓတရားတော်များကို ခေတ်နဲ့နှိုင်းယှဉ်ပြီး နေ့စဉ်ရှင်းလင်းဟောပြလိုက်ပါတယ်။ ကလေးငယ်များကိုလည်း ယဉ်ကျေးမှုနဲ့ သင်ပုန်းကြီးဖတ်စာများကို စိတ်ရှည်ရှည်ထားပြီး ချွေးတလုံးလုံးနဲ့ အော်လိုက်၊ ငေါက်လိုက်၊ ချော့လိုက်၊ ချောက်လိုက်နဲ့ သင်ပေးလိုက်ပါတယ်။ လူငယ်တွေကလည်း ညစဉ်လာပြီး ဟိုဟိုဒီဒီမေးကြမြန်းကြနဲ့ စကားလာလာပြောကြပါတယ်။ သူတို့နဲ့ ဟောဖြစ်၊ ပြောဖြစ်တဲ့အကြောင်းအရာတွေ အကုန်ခြုံလိုက်ရင် "ရာသီဥတု ပူပြင်းလာပြီး မိုးခေါင်လာကြောင်း၊ ဒီလိုနဲ့ ကမ္ဘာကြီးပျက်စီးသွားနိုင်ကြောင်း"ဆိုတာတွေပါပဲ။

ဒီဃနိကာယ်လာ စက္က၀တ္တိသုတ္တန်၊ အဂ္ဂညသုတ္တန်တွေ၊ အဂုင်္တ္တရနိကာယ်လာ ပလောက သုတ္တန်တွေကို အခြေခံပြီး ခေတ်ဗဟုသုတတွေနဲ့ နှိုင်းယှဉ်ကာ မြေကမ္ဘာကြွေမှာ စိုးရိမ်ရကြောင်း၊ ရာသီဥတုတွေ ဖောက်ပြန်လာကြောင်းတွေကို ရှင်းလင်းဟောပြလိုက်ပါတယ်။ ပလောကသုတ်မှာ လူသားတွေဟာ အနှစ်ငါးရာက စပြီး အဓမ္မရာဂ၊ ၀ိသမလောဘနဲ့ မိစ္ဆာဓမ္မတွေကို ကျင့်သုံးလာကြောင်း၊ အဓမ္မရာဂဆိုတာ သဘာဝနဲ့ဆန့်ကျင်တဲ့ ပြင်းထန်တဲ့ တဏှာ ရာဂစိတ်တွေဖြစ်ကြောင်း၊ သားက အမိကို၊ အဖေက သမီးကို၊ လိင်တူချင်းချင်းကို ကျူး လွန် ချင်တဲ့ ရာဂစိတ်(honosexuality) တွေဖြစ်ကြောင်း၊ အမေရိကန်က သမ္မတအိုဘားမားကလည်း လိင်တူချင်း ပေါင်းသင်းဆက်ဆံတာကို ထောက်ခံကြောင်းတွေကို ရှင်းလင်းဟောပြဖြစ်ပါတယ်။

ဆက်ပြီး ပလောကသုတ်ကို ရှင်းပြလိုက်ပါတယ်။ ပလောကဆိုတာ ပျက်စီးတာကို ဆိုလိုကြောင်း၊ ပလောကသုတ်ထဲမှာ ပုဏ္ဏားကြီးတစ်ဦးက မြတ်စွာဘုရားကို "ဒီကမ္ဘာကြီးက ရှေးတုန်းက အေးချမ်းသာယာပြီး ခုတော့ ပူလောင်ဆူပွက်မှုတွေနဲ့ ပျက်စီးနေတာဟာ ဘာကြောင့်လဲ" လို့ မေးမြန်းလျှောက်ထားရာ မြတ်စွာဘုရားက အဓမ္မရာဂ၊ ၀ိသမလောဘ၊ မိစ္ဆာဓမ္မတွေ ထွန်းကားလာလို့ဖြစ်ကြောင်း၊ အဲဒီတရားတွေ ထွန်းကားလာလို့ ကပ်တွေ ဆိုက်ရောက်လာတာဖြစ်ကြောင်းကို ရှင်းလင်းဟောပြလိုက်ပါတယ်။

ခရစ်နှစ် ၂၀၀၀ ကျော်လောက်က “XF 11 လို့ခေါ်တဲ့ ဥက္ကာပျံကြီးတစ်ခုဟာ ဒီကမ္ဘာမြေ ပေါ်ကျလာနိုင်ကြောင်း၊ အဲသလို ကျလာရင် အန္တရာယ်ဘယ်လောက်ကြီးကြောင်း” စတဲ့ အကြောင်းအရာတွေကို ဂျာနယ်၊ မဂ္ဂဇင်းစတဲ့ သတင်းမီဒီယာတွေကတစ်ဆင့် သိခွင့်ရလာပါ တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း(၆၅)လောက်က မက္ကဆီကိုနိုင်ငံရဲ့ မြောက်ဘက်စွန်း ကျွန်းဆွယ်မှာ (၁၃) ကီလိုမီတာ၊ မိုင်အနေနဲ့ ခုနှစ်မိုင်လောက် အကျယ်ရှိတဲ့ ဥက္ကာပျံကြီးတစ်ခု ထိမှန်ခဲ့လို့ (၁၉၅) ကီလိုမီတာ လောက်ရှိတဲ့ ချိုင့်ဝှမ်းကြီးဖြစ်သွားကြောင်း၊ အဲဒီထိမှန်မှုကြောင့် ကမ္ဘာမှာ ဒိုင်နိုဆော သတ္တ၀ါကြီးတွေနဲ့ တခြားသက်ရှိသတ္တ၀ါ (၇၀)ရာခိုင်နှုန်းလောက် ပျောက်ကွယ်ခဲ့ရကြောင်း” သာဓကတွေကိုလည်း ဖတ်ရှုမိလာတယ်။

နောက်ထပ် ကမ္ဘာမှာ တောင်ကုန်း၊ တောင်စောင်းလောက်ကြီးမားတဲ့ ဥက္ကာပျံတွေ (၁၀၀၀)မှ (၄၀၀၀) လောက်ရှိနိုင်ကြောင်းကို အမေရိကန်နာဆာခေါ် အာကာသလေ့လာရေးအဖွဲ့က ခန့်မှန်းထားကြောင်း၊ လူတို့ခြေရာ ကောက်နိုင်သည်မှာ (၂၀၀)ပင် မပြည့်တတ်သေးကြောင်း၊ ပေ (၃၀၀) လောက်ကျယ်တဲ့ အစိုင်အခဲတွေမှာ သုံးသိန်းလောက်ရှိကြောင်း၊ (၁၉၀၈)ခုနှစ်က ရုရှားနိုင်ငံ၊ ဆိုက်ဗီးရီးယားဒေသ၊ လူသူနေထိုင်မှုမရှိတဲ့ တွန်ဂူးဆကားနယ်မြေမှာ အဲသလောက် ပမာဏရှိတဲ့ ဥက္ကာပျံကြီး ကျဖူးကြောင်း၊ တောမီးတွေလောင်ပြီး သားကောင်တွေ များစွာဆုံးရှုံးသွားခဲ့ဘူးကြောင်း၊ တကယ်လို့ မြို့တစ်မြို့ပေါ်မှာ ကျရောက်ခဲ့ရင် လူပေါင်းထောင်သောင်းချီပြီး အသက်ဆုံးရှုံးနိုင်ကြောင်း၊ နောက်ပြီး အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည် နယ်ထဲမှာ လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀၀၀၀) ခန့်က ကျခဲ့တဲ့ ဥက္ကာပျံကြီးကြောင့် တစ်ကီလိုမီတာ နုတ်ခမ်းလောက်ကျယ်ပြီး မီတာ (၂၁၀) လောက်နက်တဲ့ ဒယ်အိုးပုံတွင်းကြီး ဖြစ်သွားကြောင်းကို အသေးစိတ် လေ့လာရေးသား တင်ပြထားတဲ့ သတင်းတွေ ဖတ်ရတော့ ထိတ်လန့်မှုတွေရော ရင်သပ်ရှုမောမှုတွေကိုပါ ခံစားရင်း အံ့သြခဲ့ရပါတယ်။

ဤအရှင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မှာ စာပေလေ့လာနေစဉ် တစ်ညချမ်းကပေါ့။ ဘုရားဝတ်တက်ရှိခိုးအပြီး ဆရာတော်ဦးရာဇဓမ္မာဘိဝံသက သံဃာတွေကို သြ၀ါဒပေးရင်း (၁၉၈၆) ခုနှစ်က ရုရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ချာနိုဘိုင်နျူးကလီးယားပေါက်ကွဲမှုအကြောင်းကို ပြောပြပါတယ်။ ဆရာတော်ပြောပြတဲ့ ဆေးလိပ်ခိုးလောက်လေးထွက်လာတဲ့ အနုမြူငွေ့လေးကြောင့် ရှေ့နောက်တောင်မြောက် (၁၄)မိုင်လောက်အတွင်း (၁၀)နှစ်လောက် ဘာသစ်ပင်မှ စိုက်မရခဲ့တဲ့  ချာနိုဘိုင် နျူးကလီးယားပေါက်ကွဲမှုအကြောင်းက အတော့်ကို စိတ်ဝင်စားဖွယ် လည်း ကောင်းပါတယ်။ ကြောက်စရာလည်း ကောင်းပါတယ်။ ဆရာတော်က ရေပိုက်တွေကို လက်ဆော့မှုနဲ့ ပတ်သက်ပြီး အဲဒီသြ၀ါဒကို ပြောပြတာပါ။ ကမ္ဘာ့နိုင်ငံကြီးတွေကလည်း နျူးက လီးယားလက်နက်တွေ အပြိုင်ထုတ်လုပ်နေမှာ ခုဆိုရင် နှစ်လေးဆယ်ခန့်ကြာခဲ့ပါပြီ။ အဲဒီ လက်နက်တွေဟာ လူသားမျိုးနွယ်ကြီး တစ်ခုလုံးကို မျိုးပြုန်းစေနိုင်တယ်ဆိုတာတွေ ကြားသိ လာရတော့ အတော်ထိတ်လန့်မိပါတယ်။ တစ်ဆက်တည်းပဲ ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့နဲ့ နာဂါဆာက်ီမြို့ပေါ်ကို ၁၉၅၄ခု၊ သြဂုတ်လ ၆ ရက်နဲ့ ၉ ရက်နေ့က ချလိုက်တဲ့ အဏုမြူဗုံးနှစ်လုံးရဲ့ ကြောက်မက်ဖွယ်ရာ ဆိုးကျိုးတွေကိုလည်း ပြေး၍ မြင်ယောင်မိလိုက်တယ်။

၂၀၀၈၊ ၂၀၀၉ ခုနှစ်က ဤအရှင် ချင်းတောင်ကို သာသနာပြုသွားခဲ့စဉ်က ကောက်ပဲသီးနှံတွေကို လာရောက်ဖျက်ဆီးကြတဲ့ ထောင်သောင်းချီတဲ့ ကြွက်တွေကြောင့် တောင်ပေါ်သူ၊ တောင်ပေါ်သားတွေ အစာရေစာပြတ်လပ်ပြီး ဒုက္ခရောက်ကြရပုံတွေ၊ သူတို့ရဲ့ စားဝတ်နေရေးအတွက် ကြီးမားလှတဲ့ တောအုပ်ကြီးတွေ မီးရှို့ပြီး တောင်ယာလုပ်ကြပုံတွေ၊ သစ်တောကြီးတွေ ပြန်းတီးမှုကြောင့် စိမ့်စမ်းရေတွေ ခန်းခြောက်ပြီး ရေရှားပါးဒုက္ခရောက် ရောက်လာပုံတွေ၊ သားကောင်၊ ကျေးငှက်သာရကာတွေနဲ့ လှပရှားပါးတဲ့ အဖိုးတန်သစ်ခွစတဲ့ ရောင်စုံပန်းလေးတွေ ရှားပါးလာပုံတွေကိုတွေ့ရတော့ မြေကမ္ဘာ ကြွေမှာစိုးစိတ်တွေက တရိပ်ရိပ်တက်လာပါတော့တယ်။

လွန်စွာချမ်းအေးတဲ့ ချင်းတောင်ပေါ်နေစဉ် အမှတ်ထမင် ဆောင်းအကုန် နွေးအကူး လေရူးထခါစမှာ နှစ်ရက်ဆက်တိုက် မိုးအဆက်မပြတ်စိမ့်ရွာနေပြီး ခိုက်ခိုက်တုန်အောင် အချမ်းဒဏ်ကို အလူးအလဲခံလိုက်ရပါတယ်။ ရိုးတွင်းခြင်ဆီများ ခန်းသွားလေပြီးလားလို့ပင် ထင်မိပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဝင်ပြီး အအေးလှိုင်းဖြတ်တာ ဖြစ်ကြောင်း နောက်မှ သိရပါတယ်။ အသက်ကြီးသူတွေ ဒဏ်မခံနိုင်ဘဲ အနိစ္စရောက်ကုန်တာတွေ ကြားသိ ရပါတယ်။ အဲဒီအချိန်မှာ အယ်နီးညိုး(Elnino)ခေါ် အပူလှိုင်းနဲ့ လာနီးညား(Lanina)ခေါ် အအေးလှိုင်းတွေကို စတင်ပေါက်ဖွားစေတဲ့ ပစိဖိတ်သမုဒ္ဒရာထဲကို ၁၉၂၀ ၀န်းကျင်လောက်က မိုးလေ၀သပညာရှင်၊ သမုဒ္ဒရာဗေဒပညာရှင်တွေ လေ့လာခဲ့ပုံတွေကို ချက်ချင်းသွား သတိရလိုက်မိပါတယ်။

နောက်နာဂစ်မုန်းတိုင်း၊ မိုးခေါင်မှုစတဲ့ သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့လာပြန်တော့ ကမ္ဘာမြေ ကြွေတော့မှာလားဆိုတဲ့ စိုးထိတ်မှုတွေက အချိန်နဲ့အမျှ ဦးနှောက်ထဲ နေရာယူလာကြပါတယ်။ ၂၀၁၂ မှာ ကမ္ဘာပျက်မယ်ဆိုတဲ့ ဇာတ်ကားထွက်လာတော့ အရှင့်ရဲ့ စိုးရိမ်မှုဒီဂရီတွေဟာ ဒီရေလှိုင်းပမာ တရိပ်ရိပ်တက်လာပါတော့တယ်။ သမ္မာကျမ်းစာထဲမှာ ဖော်ပြထားတဲ့ အမှားနဲ့အမှန်နောက်ဆုံးတိုက်ပွဲဖြစ်တဲ့ အာမာဂတ်ဒွန်(Armageddon)နဲ့ ဗျာဒိတ်ခန်း(Apocalypse)တို့ကလည်း ဥပါဒါန်စွဲပြီး ကြောက်လောက်အောင် ဖော်ပြထား ပါတယ်။ တစ်ဆက်တည်းပဲ လွန်ခဲ့တဲ့နှစ်ပေါင်း တစ်သောင်းခြောက်ထောင်ကျော်လောက်က ပေါ်ပေါက်ခဲ့တဲ့ မာယာလူမျိုးတွေရဲ့ ပြက္ခဒိန်ထဲက ၂၀၁၂၊ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ကမ္ဘာကြီး ပျက်ဆီးလိမ့်မယ်ဆိုတဲ့ အချက်ကလည်း  စဉ်းစားတွေတောစရာ ဖြစ်လာပြန်ပါတယ်။

အဲဒီမာယာလူမျိုးတွေဟာ တောင်အမေရိကတိုက်မှာ နေထိုင်ခဲ့ကြပါတယ်။ နှစ်ပေါင်း ထောင်ချီကြာခဲ့တဲ့ မာယာပြက္ခဒိန်ရဲ့ တစ်နှစ်တာ ရက်ပေါင်း၃၆၅ရက်နဲ့ ဒီနေ့ ကမ္ဘာသုံး ပြက္ခဒိန်ဟာ အံ့သြစရာကောင်းလောက်အောင် တူညီပါတယ်။ မာယာလူမျိုးတွေက သူတို့ရဲ့ ပြက္ခဒိန်ထဲမှာ နေ၊ လတို့ရဲ့ သဘောတရားတွေအပြင် အာကာသရဲ့ သဘောတရားတွေကိုပါ သောကြာဂြိုလ်လည်ပတ်မှုကို ကြည့်ပြီး တွက်ထားတာမိုလို့ တစ်ချို့ပညာရှင်တွေက လက်ရှိ သုံးနေတဲ့ ပြက္ခဒိန်ထက်တောင် ပိုပြီးတိကျတယ်လို့ ယူဆကြပါတယ်။ အဲသလို အချိန်ကာလ ကို တိကျအောင် တွက်ချက်နိုင်တဲ့အတွက်ကြောင့်လည်း သူတို့ ပြက္ခဒိန်ထဲက ၂၀၁၂ မှာ ကမ္ဘာပျက်မယ်ဆိုတဲ့အချက်က လူတွေကို အံ့သြတုန်လှုပ်စေနိုင်တာပါပဲ။

ထင်ရှားကျော်ကြားခဲ့တဲ့ ဘာထရန်ရပ်ဆယ်၊ ဆာဂျိန်းစဂျင်းစ၊ အိုင့်စတိုင်းစတဲ့ ဒဿန ပညာရှင်၊ သိပ္ပံပညာရှင်တွေကလည်း နေကပေါက်ကွဲပြီး ကမ္ဘာကြီးပျက်ဆီးသွားနိုင်ပုံတွေ၊ လနဲ့ကမ္ဘာနဲ့ တိုက်မိနိုင်ပုံတွေ၊ အိုဇုန်းလွှာ ပါးလာပုံတွေကို လေ့လာတင်ပြထားကြပါတယ်။ ၁၉၈၅ ခုနှစ်က တောင်ဝင်ရိုးစွန်းတစ်ဝိုက်မှာ အိုဇုန်းဓာတ်မရှိတဲ့ ဟင်လင်းပြင် အပေါက်တစ်ခု တွေ့ရာကနေ ၁၉၈၇ ခုနှစ်မှာ ထပ်မံလေ့လာခဲ့ပုံတွေကလည်း စိတ်ဝင်စားစရာလည်း ကောင်းတယ်။ ရင်မောစရာလည်း လွန်စွာကောင်းလှပါတယ်။

ဗုဒ္ဓစာပေတွေထဲမှာလည်း နေပေါက်ကွဲပြီး ကမ္ဘာကြီးပျက်စီးသွားမယ်ဆိုတဲ့ ခေတ်သိပ္ပံ ပညာရှင်တွေရဲ့ အဆိုနဲ့တူညီတဲ့ ဟောကြားချက်ကို တွေ့ရပါတယ်။ “ရဟန်းတို့၊ သင်္ခါရ တရား သည် မမြဲကုန်။ ယင်းတို့၌ အလွန်ငြီးငွေ့ထိုက်ကုန်၏။ ယင်းတို့မှ ကျွတ်လွတ်ထိုက်ကုန်၏။ ကမ္ဘာမြေကြီးနှင့် မြင်းမိုရ်တောင်တို့သည် နေခုနှစ်စင်း ထွက်ပေါ်လာသောအခါ၌ အလျှံညီးညီး မီးခဲကြီးဖြစ်ကုန်လတ္တံ့။ ဤမဟာပထ၀ီ မြေကြီးသည် အလျှံပြောင်ပြောင် တောက်လောင်၍ လောင်ကျွမ်းပျက်စီးလတ္တံ့။ ဘာတစ်ခုမျှ မရှိကုန်လတ္တံ့။ ထိုအရာ၌ အရိယာပုဂ္ဂိုလ်တို့ကိုထား၍ အဘယ် သူသည် သိနိုင်လိမ့်မည်၊ ယုံကြည်နိုင်လိမ့်မည်နည်း။” (အင်္ဂုတ္တရနိကာယ်၊ သတ္တ ကနိပါတ်၊ သတ္တသူရိယသုတ်)

နောက်ပြီး ကမ္ဘာ့ဘာသာကြီးများဖြစ်တဲ့ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာနဲ့ အစ္စလာမ် ဘာသာတွေမှာလည်း ကမ္ဘာပျက်မယ့်အကြောင်းတွေ တွေ့ရပြန်တယ်။ ဟိန္ဒူဘာသာအရ သျှီဝနတ်ဘုရားက ဖျက်ဆီးပစ်မယ်၊ ခရစ်ယာန်ဘာသာနဲ့ အစ္စလာမ်ဘာသာအရ ဘုရားသခင် ကပဲ သူဖန်ဆင်းခဲ့တဲ့ကမ္ဘာကြီးကို သူကပဲ ပြန်ဖျက်ဆီးပစ်မယ်စတဲ့ အကြောင်းအရာတွေကို လေ့လာမိပါတယ်။

ခုလို ရုတ်ရုတ်သဲသဲနဲ့ အုတ်အော်သောင်းနင်းသတင်းတွေ ကြုံတွေ့ကြားသိရတော့ ခုဒ္ဒကပါဋ္ဌအဋ္ဌကထာ၊ သုတ္တနိပါတအဋ္ဌကထာတွေထဲမှာ အသေးစိတ်ဖွင့်ဆိုရှင်းပြထားတဲ့ ဗုဒ္ဓ ကောလာဟလ၊ ကပ္ပကေလာဟလစတဲ့ ကောလာဟလငါးမျိုးကလည်း ခေါင်းထဲဝင်လာ ပြန်တယ်။ ကပ္ပကောလာဟလခေါ် ကမ္ဘာပျက်မယ်ဆိုတဲ့ ရှေးပြေးနိမိတ်၊ သတင်းစကား၊ ပဲ့တင် သံတွေဟာ အနှစ်တစ်သိန်းလောက်က စတင်ပြီး ကြားရတတ်တယ်လို့ အဋ္ဌကထာဆရာက ရှင်းပြထားပါတယ်။ အမှတ်မထင်ဘဲ “ပြိုမှာလေလားမိုးရဲ့” ဆိုပြီး စိုးရိမ်စိတ်နဲ့ ခြေထောက်ကို မိုးပေါ်ထောင်အိပ်တဲ့ တီတီတူးငှက်ရဲ့ ဟန်ပန်ကိုလည်း မြင်ယောင်မိတော့ ရယ်ချင်စိတ် ပေါက်လာမိတယ်။

ဒီနေ့ခေတ်ကလည်း ကွန်ပျူတာ၊ အင်တာနက်စတဲ့ အဆင့်မြင့်ကွန်ယက်တွေကြောင့် သတင်းတွေကလည်း မြန်မှမြန်ပါပဲ။ ကမ္ဘာအရှေ့ဖျားမှာ လောလောလတ်လတ်ဖြစ်တဲ့ သတင်းကို ကမ္ဘာ့အနောက်ဖျားကလူတွေက ချက်ချင်းသိနိုင်တယ်လေ။ ဒီတော့ နေ့စဉ်နဲ့အမျှ စိုးရိမ်စရာတွေ၊ ပူပန်စရာတွေကို ကြားသိနေရတယ်။ ကမ္ဘာမှာ တစ်ဖက်က ရာသီဥတုတွေ ဖောက်ပြန်ပြီး တစ်ဖက်ကလည်း နေရာ၊ ရိက္ခာတွေ မမျှတမှုတွေ ဖြစ်ပွားနေကြပါတယ်။ အေအိုင်ဒီအက်စ်၊ ကင်ဆာစတဲ့ရောဂါပေါင်းတွေကလည်း လူသားတွေရဲ့ ဇီဝိန်တွေကို နေ့စဉ်နီးပါး နုတ်ယူနေကြပါတယ်။ ကမ္ဘာပျက်ရင် လွတ်အောင်ဆိုပြီး မြောက်ဝင်ရိုးစွန်းဘက်မှာ နေရာ၊ အစားအစာတွေကို ရေရှည်ခံအောင် စီမံနေသူတွေ၊ သမုဒ္ဒရာထဲမှာ မြို့တော်ကြီး တစ်ခုဆောက်ဖို့ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေကလည်း ပလူပျံလာပါတယ်။ ကိုယ်က မလိုက်နိုင်တော့ ရင်မောရုံ၊ အံ့သြရုံကလွဲလို့ ဘာမှ မတတ်နိုင်ပါဘူး။ 

သတင်းတွေနောက်ကို အမောတကော လိုက်ရင်းနဲ့ ရင်မောနေကြရတဲ့ လူသားတွေရဲ့ ရင်ဖွင့်သံစဉ်တွေကလည်း ခါးသီးပူလောင်မှု ရသတွေနဲ့ ပြည့်နှက်နေပြန်တယ်။ မိမိတို့စိတ်တွေကလည်း ထောက်တည်ရာ မရတော့ဘဲ လေတိုက်ရာလွင့်ပါးနေရတဲ့ ပြာမှုန့်၊ မြူမှုန်တွေအလား တဖွားဖွားနဲ့ ပြန့်ကြဲနေပါတော့တယ်။ အဲသလိုသာ မရေရာမသေချာတဲ့ ပြဿနာတွေကို အဖြေရှာရင်းနဲ့သာ မိမိတို့ ဘ၀တွေ နိဂုံးချုပ်သွားခဲ့ရင်ဆိုတဲ့ အတွေးတွေကလည်း ကြီးစိုးလာပြန်ပါတယ်။

ညအိပ်ရာဝင်တိုင်း မြေကမ္ဘာ ကြွေမှာစိုးတဲ့သံစဉ်တွေက စည်းချက်ပြင်းတဲ့ ရော့ခ် ဂီတသဖွယ် နှလုံးသားစည်ပေါ် ရိုက်ခတ်ရိုက်ခတ်လာပါတယ်။ အဲဒီရိုက်ခတ်မှုတွေကို ၀ိပဿနာတရားဓမ္မတွေနဲ့ ထိန်းချုပ်နိုင်မှသာ စိတ်သက်သာရာ၊ လွတ်မြောက်ရာကို ရနိုင် ကြောင်း ဆင်ခြင်သုံးသပ်မိပါတယ်။ မြတ်ဗုဒ္ဓကလည်း မာလုကျပုတ္တအား အဲသလိုပြဿနာ တွေရဲ့ အဖြေကိုသာ ရှာနေရင်တော့ ဒုက္ခက လွတ်မြောက်နိုင်မှာ မဟုတ်ကြောင်း၊ ဒါကြောင့် ဒုက္ခခပ်သိမ်းအေးငြိမ်းရာ သစ္စာလေးပါးတရားကိုသာ ငါဘုရားဟောကြားကြောင်းစသဖြင့် မိန့်တော်မူခဲ့ပါတယ်။

မှန်ပါတယ်။ လောကမှာ ရှိရှိသမျှ အရာအားလုံးဟာ သင်္ခါရစက်ကွင်းက မလွတ် ကင်းနိုင်တာမို့ ဖြစ်ပြီးရင် ပျက်ကြရမှာချည်းပါပဲ။ သင်္ခါရဓမ္မတွေဟာ မမြဲတဲ့ သဘောရှိကြတယ်။ မမြဲလို့လည်း အမာခံဓာတ်အတ္တကင်းပြီး ဖောက်ပြန်ပျက်စီးရတာပါလားလို့ ဆင်ခြင်နေမိတယ်။ မမြဲမှု၊ ဆင်းရဲမှုနဲ့ အစိုးမရမှုဆိုတဲ့ လက္ခဏာရေးသုံးပါးကို သုံးသပ်မိတော့မှပဲ စိတ်သက်သာမှုတွေ ရလာတယ်။ လောကကြီးဟာ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်မှာမဟုတ်ဘဲ သူဖြစ်တတ်တဲ့ သဘောအတိုင်းပဲ ဖြစ်လိုက်၊ ပျက်လိုက်ဖြစ်နေမှာဆိုတော့ ပူလောင်မှုတွေ၊ ဆူပွက်မှုတွေ ၀န်းရံထားတဲ့ အာရုံတိုင်းကို ဖြတ်ကျော်နိုင်ဖို့ရန် ကိုယ့်စိတ်ကိုပဲ တည်ငြိမ်အောင် တရားဓမ္မတွေနဲ့ လေ့ကျင့်ထားမှ တော်ကာကျမယ်လို့ သုံးသပ်ပြီး မြေကမ္ဘာ ကြွေမှာစိုးတဲ့ညတွေကို သမထ၊ ၀ိပဿနာ၊ မေတ္တာဘာဝနာစတဲ့ အေးချမ်းတဲ့ စိတ်တွေနဲ့ပဲ ကြိုးစားပြီး ဖြတ်ကျော်နေမိပါတော့တယ်။