စာရေးသူတို့ နယ်ဘက်မှာ တရားဓမ္မလွန်စွာလိုက်စားတဲ့
ဒကာကြီးတစ်ယောက်ရှိပါတယ်။ သူက အဘိဓမ္မာနဲ့ ၀ိပဿနာတွေ အထူးလေ့လာလိုက်စားထားတော့ တရားသင်တန်းတွေလည်း ပြပေးနိုင်ပါတယ်။ ကြာတော့ တရားနဲ့ပဲ မွေ့လျော်မှုများလာပြီး စိတ်လည်း တည်ငြိမ်လာပါတယ်။
အကုသိုလ်စိတ်တွေ အဖြစ်နည်းလာတော့သူကစိတ်ကြီးဝင်လာပါတယ်။
တစ်နေ့ ရွာဦးကျောင်းဆရာတော်ကြီးထံတရားဆွေးနွေးဖို့ ရောက်သွားပါတယ်။
စိတ်ကြီးဝင်နေသူ ဆိုတော့ ဘုန်းကြီးကိုရှိမခိုးဘဲ ပမာမခန့်ထိုင်လိုက်ပါတယ်။ ဘုန်းတော်ကြီးက
ကွမ်းစားဖို့ ကွမ်းညှပ်နေရင်း မျက်စိထဲဒေါင့်မကျိုးတာနဲ့ “ဒကာတော်၊ ဘာလို့ ရှိမခိုးတာလဲ”
လို့ မေးလိုက်ရာ….
ထိုဘကြီးက “တပည့်တော် စူဠသောတာပန်ပါဘုရား၊ ဒါကြောင့်မို့ အရှင်ဘုရားလို
ပုထုဇဉ်တစ်ပါးကို ရှိမခိုးနိုင်ဘူး…ဘုရား” လို့ လျှောက်လိုက်ရာ ဘုန်းတော်ကြီးက စိတ်တိုပြီး
“ဘာ… စူဠသောတာပန်လဲကွ၊ မင်းထက်မြင့်တဲ့ သောတာပန်အဆင့်ရှိတဲ့ သိကြားမင်းကတောင် ဒီနေ့ဝတ်တဲ့
ပုထုဇဉ်ကိုရင်လေးကို ရှိခိုးသေးတယ်ကွ..” လို့ ငေါက်ပစ်ရင်း ကွမ်းညှပ်နဲ့ ထိပ်ပစ်ချရာ
အနှီ စူဠသောတာပန်ကြီးလည်း နဖူးကို နာနာပွတ်ရင်း ထပြေးပါလေရော……။
ငါစွဲပြုတ်ရင် သောတာပန်
အထက်မြန်မာပြည်၊ ရွှေဘိုနားက
ဒကာတစ်ယောက်တဲ့။ တရားတွေ လေ့လာလိုက်စား နေသူပါ။ တရားပြဆရာတော်က “ငါ”ဆိုတဲ့ အစွဲကိုခွာနိုင်ရင်
သောတာပန်ဖြစ်ပြီလို့ ရှင်းပြလိုက်ရာ ထိုဒကာတော်မောင်က တရားပွဲပြီးတာနဲ့ ချက်ချင်းအိမ်ပြန်သွားပါတယ်။
ညမှောင်မှောင်ထဲ အိမ်ရှေ့ရောက်တော့ အိမ်တံခါးကို ထုလိုက်ပါတယ်။ သူ့အိမ်ရှင်မ ဘယ်သူလဲ..လို့
မေးလိုက်တယ်။ သူက မဖြေဘူး။ နောက်ထပ်မေးတယ်။ ထိုနည်း၎င်းပါပဲ။ မဖြေပါဘူး။
သုံးခါမြောက်လည်းရောက်ရော
အိမ်ရှင်မကတံခါးဖွင့်ပြီး “ရှင်..ဘယ်သူလဲ၊ မေးနေတာ မကြားဘူးလား..”လို့ စိတ်တိုတိုနဲ့အော်ချလိုက်ပါတယ်။
“ငါ…စွဲပြုတ်ရင် သောတာပန်ဖြစ်ပြီ” လို့ သူက
နှလုံးသွင်းနေတာဆိုတော့ “ဒို့ပါ ဒို့ပါ”လို့ ဖြေလိုက်တယ်။ ငါစွဲပြုတ်အောင် ငါဆိုတဲ့
အသုံး အနှုံးကို ရှောင်ကြဉ်ပြီး ဖြေလိုက်ခြင်းဖြစ်ပါတယ်။
မိန်းမက သူ့ယောင်္ကျားမှန်းလည်းသိရော စိတ်မရှည်တော့ဘဲ “ဘယ်ကဒို့လဲ.. စကားကိုရှင်းအောင် ပြောတာမဟုတ်ဘူး” လို့အော်ဟစ်ပြောဆိုရင်း ပါးဆွဲချလိုက် တော့မှ “ငါပါကွ မိန်းမရ” လို့ ပြန်အော်ရင်း တွေးရုံသက်သက်နဲ့ဖြစ်လာတဲ့ သောတာပန်ကြီးလည်း “ငါ” ပြန်စွဲကာ ချက်ချင်း ပုထုဇဉ်အဆင့်လျောကြပြီး ကြမ်းပြင်ပေါ်လဲကျသွားပါတော့တယ်။
အနာဂါမ် ဆရာပု
တစ်ခါက မုံရွာဘက်မှာ အမြဲနီးပါး
တရားအားထုတ်နေလေ့ရှိတဲ့ ဆရာပုဆိုတဲ့လူတစ်ဦး ရှိတယ်ဆိုပဲ။ သူက ဒေါသမဖြစ်သလောက်နီးပါးပါပဲ။
ဒါနဲ့ အနာဂါမ်ဆိုတာဒေါသမရှိဘူးလို့ တွေးမိပြီး သူ့အိမ်ရှေ့မှာ “အနာဂါမ် ဆရာပု” ဆိုပြီး
ဆိုင်းဘုတ်ချိတ်ထားလိုက်ပါတယ်။
ဒါနဲ့ လူငယ်တွေက ဒေါသရှိ..မရှိ စမ်းသပ်ချင်တာနဲ့ ညရောက်တော့ ဆရာပုအိမ်ကို ခဲနဲ့ဝိုင်းပေါက်ချလိုက်ရာ နောက်နေ့မနက်လည်းရောက်ရော ဆိုင်းဘုတ်က စာတန်းမှာ ချက်ချင်းပြောင်းသွား
ပါတော့တယ်။
စာတန်းပြောင်းသွားပုံက “သကဒါဂါမ် ဆရာပု”..တဲ့။
ဆိုင်းဘုတ်က ပြောင်းသွားတဲ့စာတန်းကို ကြည့်ပြီး လူငယ်တွေက“သြော်
သကဒါဂါမ်ဆိုတော့ ဒေါသရှိသေးတယ်ပေါ့”..လို့ နားလည်သွားကြရှာသတဲ့။
ထူးဆန်းတဲ့ ရဟန္တာ
တစ်ခါက မန္တလေးနယ်ထဲမှာ ရဟန္တာ..ရဟန္တာဆိုပြီး
လူတွေ ကြိတ်ကြိတ်တိုး သွားရောက် ဖူးမျှော်ကြပါတယ်။ စာတတ်ပေတတ်ဆရာတော်တွေ သွားရောက်စစ်ဆေးတော့
ရဟန္တာလို့သမုတ် ခံရတဲ့ ဆရာတော်က ရိုးသားစွာနဲ့ “တပည့်တော် ရဟန္တာ မဟုတ်ပါဘူး..ဘုရား”လို့
ပွင်းလင်းစွာ လျှောက်ထားသတဲ့။
ဒါဆို အရှင်ဘုရား ဘာဖြစ်လို့ ရဟန္တာဆိုပြီး နာမည်ကြီးတာလဲ..လို့ ဆရာတော်ကြီးတွေက စစ်ဆေးတော့ ထိုဆရာတော် လျှောက်ထားပုံက…
ဒါဆို အရှင်ဘုရား ဘာဖြစ်လို့ ရဟန္တာဆိုပြီး နာမည်ကြီးတာလဲ..လို့ ဆရာတော်ကြီးတွေက စစ်ဆေးတော့ ထိုဆရာတော် လျှောက်ထားပုံက…
“တပည့်တော် လူနာမည်က ငတာပါ..ဘုရား။ ဖိုးသူတော်ဖြစ်တော့ ဖိုးတာလို့
ခေါ်ခံရတယ်။ ကိုရင်ဖြစ်တော့ ကိုရင်တာဖြစ်ပြီး ရဟန်းလည်းဖြစ်ရော ရဟန်းတာ..လို့ အခေါ်ခံရတာပါဘုရား..”တဲ့။
နိဗ္ဗာန်ရောက်သူ
၎ ဦး
တစ်ခါက
မန္တလေးတောင်ပေါ်တက်ပြီး နိုင်ငံခြားသားတွေနဲ့ အင်္ဂလိပ်စကားပြောလေ့ကျင့်တဲ့ ကိုယ်တော်လေးတစ်ပါးရှိပါတယ်။
ဘာသာရေးစိတ်ဝင်စားတဲ့ တိုးရစ်တစ်ယောက်က ထိုကိုယ်တော် လေးအား “အရှင်ဘုရားတို့ ဗုဒ္ဓဘာသာမှာ
နိဗ္ဗာန်ဆိုတာ လူသိများတယ်။ ခုအဲဒီနိဗ္ဗာန်ကို ရောက်တဲ့သူ ဘယ်နှစ်ဦးရှိပြီလဲ..”လို့
မေးလိုက်ရာ ကိုယ်တော်လေးက အင်္ဂလိပ်အသံထွက်ကလည်း တကယ် နားမယဉ်သေးတော့ နိဗ္ဗာန်ကို မျက်မှောက်အာရုံပြုနိုင်တဲ့
ပုဂ္ဂိုလ်တွေနဲ့လွဲပြီး ၄ ယောက်လို့ ရုတ်တရက် မှားဖြေလိုက်မိပါတယ်။ သူက သောတာပန်၊ သကဒါဂါမ်၊
အနာဂါမ်နဲ့ ရဟန္တာပုဂ္ဂိုလ်တွေကို ရည်ရွယ်ပြီး ဖြေလိုက်မိတာပါ။
တိုးရစ်ကမျက်နှာရှုံ့မဲ့ကာ…
“အိုး တော်ပြီ၊ တော်ပြီ၊ အရှင်ဘုရားတို့ နိဗ္ဗာန်က လူနည်းနည်းပဲ
လက်ခံတာ၊ ဒါကြောင့် သူတရားအားမထုတ်ချင်တော့ဘူး” လို့ ပြောပြီး စိတ်ပျက်ပျက်နဲ့ ပြန်သွားရှာသတဲ့…။
ရီစရာလေးတွေဖတ်ရတာ မောသမျှ ရီလိုက်တော့ စိတ်ထဲကိုလန်းသွားတာပဲ
ReplyDeleteကျေးဇူးပါ