မူလစာမျက်နှာ၊ ကဗျာ၊ဟာသ၊ ၀တ္ထု၊ ဆောင်းပါး၊ ခရီးသွား၊ ခံစားမှု၊ ဘာသာပြန်

Sunday, December 25, 2011

စပ်မိစပ်ရာ ဟာသများ(၅)


 အလွန်းလို့ ချပစ်တာ
စာရေးသူ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မှာ စာသင်နေတုန်းကပေါ့။ တစ်ညနေခင်းမှာ စာသင်သားကိုယ်တော်တွေက ဆရာတော် ဦးသီရိန်  (သီရိန္ဒာ ဘိဝံသ)ရဲ့ ကျောင်းနောက်ဖေး ရေချိုးအုတ်ကန်မှာ ခပ်ကြီးကြီး ပလပ်စတစ်ရေဆွဲပုံးတွေနဲ့ တဘွမ်းဘွမ်းရေးချိုးနေရာ ဆရာတော်က ရေကို မချွေတာလို့ ရိုက်မယ်ဆိုပြီး ကျောင်းပေါ်က ဆင်းလာပါတယ်။
          ရေကန်နားလည်းရောက်ရော ဆရာတော်က ရေတဘွမ်းဘွမ်းနဲ့ ချိုးနေသူတွေ ကြားထဲမှာ တစ်ပါးတည်း နို့ဆီဘူးသာသာခွက်လေးနဲ့ ရေချိုးနေတဲ့ ဦးကုသလဆိုတဲ့ ကိုယ်တော်ကို တွေ့သွားပါတယ်။ ဆရာတော်က အဲဒီခွက်သေးသေးနဲ့ ချိုးနေတဲ့ ကိုယ်တော် တစ်ပါးတည်းကိုပဲ ရွေးပြီး ရိုက်သွားပါတယ်။
          ညရောက်တော့ ဘုရားရှိခိုးအပြီး ဆရာတော်ပေးလိုက်တဲ့ သြ၀ါဒက “တပည့်တော် ညနေက ကိုယ်တော်တွေ ရေကို မချွေတာဘူးဆိုပြီး ရိုက်မလို့ သွားတာ၊ ကန်နားရောက်တော့ ဦးကုသလက သူများတွေ ခွက်ကြီးကြီးနဲ့ချိုးနေတဲ့အချိန် သူက ခွက်သေးသေးနဲ့ ချိုးနေတော့ ဒီလောက်တောင် အလှချည်းလားဆိုပြီး သူ့ကိုပဲ အလွန်းလို့ ချပစ်ခဲ့တယ်” လို့ မိန့်လိုက်ရာ စာသင်သားတွေမှာ တဝေါဝေါနဲ့ ပွဲကျသွားပါတော့တယ်။



ကိုယ့်ရှူးကိုယ့်ပတ်


အညာဒေသေ ရွာတစ်ရွာမှာ ကျောင်းသား၊ ကိုရင်တွေနဲ့ စည်ကားနေတဲ့ ဘုန်းတော် ကြီးကျောင်းတစ်ကျောင်းရှိပါတယ်။ ကျောင်းထိုင်ဆရာတော်က် ကဗျာ၊ လင်္ကာစတာတွေကို လွန်စွာဝါသနာကြီးပါတယ်။ ကျောင်းနံရံတွေမှာလည်း ကဗျာအတိုအစလေးများကို ကပ်ထား လေ့ရှိပါတယ်။ ကြာတော့ ကျောင်းသား၊ ကိုရင်တွေလည်း ဆရာတော့်ဓာတ်ကူးသွားကာ သူတို့စိတ်ထဲပေါ်လာတဲ့ ကဗျာ၊ ကာရံအတိုအထွာတွေကို တွေ့တဲ့နေရာ ရေးလိုက်၊ ပါးစပ်က ဆိုလိုက်နဲ့ ဖြစ်ကုန်ပါတော့တယ်။
တစ်နေ့မှာ ကျောင်းဝိုင်းကျယ်ကြီးကို သန့်ရှင်းရေးလုပ်နေခိုက် ကျောင်းသားငယ် တစ်ဦးက “ဒို့ကျောင်းတော်ကြီး သာသာယာယာ” လို့ ပါးစပ်ထဲပေါ်ရာကို ဆိုလိုက်ရာ ဘုန်းတော်ကြီးက ပြူတင်းပေါက်က ကြည့်နေရင်း သဘောကျသွားကာ “ဟဲ့..ကျောင်းသား၊ ဆက်ဆိုစမ်းပါဦး” ဟု လှမ်းအော်လိုက်ပါတယ်။ ကျောင်းသားကလည်း ဆက်မဆိုတတ်လို့ တွန့်ဆုတ်ဆုတ်ဖြစ်နေရာ ဘုန်းတော်ကြီးက ဆက်ဆိုဖို့ ထပ်အော်လိုက်ပြန်ပါတယ်။
 ကျောင်းသားကလည်း ကြောက်ကြောက်နဲ့ “ဘုန်းတော်ကြီးလည်း ပျံတော်မူတော့မှာ” လို့ ဆက်ဆိုချလိုက်ရာ ဘုန်းတော်ကြီးမှာ အရှိုက်ထိသွားကာ မျက်နှာရွံ့မဲ့မဲ့ဖြစ်ပြီး ရိုက်ရခက်၊ ငေါက်ရခက်မို့ ပြူတင်းပေါက်ကို ဒိုင်းကနဲ ဆောင့်ပိတ်ချလိုက်ပါတော့တယ်။

ရယ်စရာ မဟုတ်တဲ့ ဟာသ


 
တစ်ခါက နာမည်ကြီးကျောင်းတိုက်ကြီးတစ်ခုမှာ စာချဆရာတော်ကြီးက စာလိုက်တဲ့ တပည့်စာသင်သားများ ပျင်းမှာစိုးပြီး စာချရင်း ရယ်စရာဟာသများပြောပြပါတယ်။ ဒါပေမယ့် ဆရာတော့်ဟာသတွေက ခြောက်ကပ်ကပ်နဲ့ မရယ်ရပါဘူး။ တပည့်များက ပျင်းပျင်းရိရိနဲ့ ပြူးကြောင်ပြီး ကြည့်နေတော့ ဆရာတော်က “ဟဲ့ ကောင်တွေ၊ ငါက ရယ်စရာ ပြောနေတာ၊ ရယ်ကြလေ” လို့ မိန့်လိုက်ရာ ထိုအခါမှပဲ ရယ်စရာမဟုတ်ဘဲနဲ့ တဟဲဟဲ ရယ်လိုက်ရပါတော့တယ်။

 ဘယ်သူမှ နားမလည်တဲ့ စကား

စာရေးသူ ချင်းတောင်ပေါ် သာသနာပြုနေစဉ်ကပေါ့။ တစ်ချိန်မှာ မြေမြန့်ကို ကိစ္စ တစ်ခုနဲ့ ပြန်ဆင်းပါတယ်။ အဲဒီတုန်းက မိုးတွေကရွာ၊ ချောင်းတွေကကြီးပြီး ခရီးတော်တော် ဖင့်နေပါတယ်။ မိုးသဲသဲ ညမှောင်မှောင်ထဲ စိုးတထိတ်ထိတ်နဲ့ ခြေကျင်ခရီးနှင်ရင်း အိမ်ခြေ ၅ အိမ်လောက်ရှိတဲ့ ရွာလေးတစ်ရွာကို ည ၁၂ နာရီဝန်းကျင်လောက်မှာ ရောက်သွားပါတယ်။ အဲဒီရွာလေးထဲ ၀င်ခါစမှာပဲ ခွေးတွေအများကြီးထွက်လာပြီး ကျယ်လောင်စွာမာန်ဖီဟောင်ကြ ရင်း စာရေးသူကို ၀ိုင်းထားကြပါတယ်။ စာရေးသူအဖို့ လေးလံလှတဲ့ ကျောပိုးအိပ်နဲ့ တစ်နေကုန် မိုးတောထဲ လျှောက်ခဲ့ရတဲ့ဒဏ်တွေကြောင့် အတော်ကြီးမောပန်းနွမ်းနယ်နေပါပြီ။ ခုခံဖို့ မလွယ်တော့ပါဘူး။
          ထိုစဉ် လူရွယ်တစ်ယောက် ရောက်လာပြီး ခွေးတွေကို မောင်းထုတ်လိုက်ပါတယ်။ ပြီးတော့ ထိခြင်းငါးပါးနဲ့ ကျကျနန ရှိခိုးရင်း “ခုလို ဝေးလံခေါင်သီတဲ့ တောတောင်ကြီးထဲမှာ အရှင်ဘုရားကို ဖူးတွေ့ရတာ ရှားပါးတဲ့ အခွင့်အရေးတစ်ခုပါပဲ…ဘုရား”တဲ့။ 
          အရှင်လည်း မြန်မာစကားကို ပီပီသသနဲ့ ကျွမ်းကျင်စွာပြောဆိုလိုက်တဲ့ လူငယ့်စကား ကြောင့် အံ့သြ၀မ်းသာဖြစ်မိပါတယ်။ သူက ရိပ်မိဟန်တူတယ်။ ချင်ချင်းပဲ...“တပည့်တော် ဗမာတစ်ယောက်ပါ ဘုရား။ တစ်ချိန်က အရှင်ဘုရားလိုပဲ သာသနာပြုရဟန်းတစ်ပါးပါ။ ဒီမှာ အိမ်ထောင်ကျတာ ၂ နှစ်ရှိပါပြီဘုရား..။ ခုလောလောဆယ် အရှင်ဘုရားကို အရေးကြီးတဲ့ စကားတစ်ခွန်းလောက် ပြောချင်လို့ပါ။ ဒီစကားကို ဒီအရပ်မှာ ဘယ်သူမှ နားလည်မှာ မဟုတ် လို့ နားမထောင်ခြင်လည်း သည်းခံပြီး နားထောင်ပေးပါ ဘုရား..”လို့ ခွင့်တောင်းပြန်ရာ..
          “မောင်ရင် ပြောစရာရှိရင် မြန်မြန်ပြောကွာ၊ ငါလည်း ပန်းလည်းပန်း ချမ်းလည်းချမ်းနေပြီ”လို့ ပြောရင်း ခွင့်ပေးလိုက်ရာ…သူတအားပြောချင်နေတဲ့ အရေးကြီးပြီး ဘယ်သူမှ နားလည်မှာ မဟုတ်တဲ့ စကားကတော့ “အရှင်ဘုရား ခု မန်ချက်နိုင်သွားပြီဘုရား…”တဲ့။

လွဲချက်ကယ် နာ

ချင်းတောင်ပေါ် သာသနာပြုနေစဉ်က ဖြစ်ရပ်လေးပါ။ သာသနာပြုကိုယ်တော် တစ်ပါးက ချင်းလူငယ်တွေကို ရဟန်းသံဃာနဲ့ ဆက်ဆံတဲ့အခါ တစ်ခုခုပြောဆိုမှားသွားရင် “ကန်တော့၊ ကန်တော့” လို့ တောင်းပန်ရန်၊ အလှူဒါနလုပ်တဲ့အခါ..တရားနာတဲ့အခါ “သာဓု၊ သာဓု” လို့ ခေါ်ဆိုရန် သင်ပေးထားလိုက်ပါတယ်။
          တစ်ချိန်မှာ ရေတာပိုင်နဲ့ မီးအားထုတ်ဖို့ သာသနာပြုကိုယ်တော်က ပခုက္ကူဆင်းပြီး ရေပိုက်၊ ဒိုင်နမိုဝယ်ရန်သွားရင်း သူ့ရဲ့တပည့်လူငယ်တစ်ဦးကို ကပ္ပိယအဖြစ် ခေါ်သွားပါတယ်။ ကိုယ်တော်က ကားအတွင်းက စီးခွင့်ရပြီး လူရွယ်က ခေါ်မိုးပေါ်က စီးဖို့နေရာရပါတယ်။ ပခုက္ကူလည်းရောက်ရော လူငယ်က ကားခေါင်မိုးပေါ်ကနေ အောက်ဆင်းခိုက် မမျှော်လင့်ဘဲ သူ့ဆရာကိုယ်တော်ရဲ့ခေါင်းကို ခြေနဲ့ကန်မိသွားပါတယ်။ အဲဒီအချိန် ထိုချင်းလူငယ်က အသံခပ်လေးလေးနဲ့ လွဲမှားပြီးတောင်းပန်လိုက်ပုံက.. “သာ…ဓု၊ သာ….ဓု…သာဓု” တဲ့။
          ဘေးက ခရီးသည်တွေ တခွီးခွီးနဲ့ အူတက်နေသလောက် ထိုကိုယ်တော်အဖို့တော့ စိတ်တိုရခက်၊ ရယ်ရခက်နဲ့ ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်သွားပါလေရော။

No comments:

Post a Comment