မူလစာမျက်နှာ၊ ကဗျာ၊ဟာသ၊ ၀တ္ထု၊ ဆောင်းပါး၊ ခရီးသွား၊ ခံစားမှု၊ ဘာသာပြန်

Wednesday, April 11, 2012

စပ်မိစပ်ရာ ဟာသများ (၉)


မောပြီးမှ ရယ်ရတယ်

အင်္ဂလိပ်စကားပြောသင်တန်းတစ်ခုမှာပါ။ ဆရာက မိသားစု၊ ညီကိုမောင်နှမ ဘယ်နှစ် ယောက်ရှိသလဲ...စတဲ့ မေးခွန်းတွေ မေးပြီး ထထဖြေခိုင်းပါတယ်။ ဆရာက “How many brother and sister do you have in your family? လို့ ခပ်ကြီးကြီး အေးအေးဦးဇင်းတစ်ပါးကို မေးလိုက်ပါတယ်။ ဦးဇင်းကြီးက နားကြားစွမ်းရည် အားနည်းတော့ နားမလည်ပါဘူး။ ဒါနဲ့ သူပြန်ဖြေလိုက်ပုံက I have no family. တဲ့။ 

ဆရာလည်း မျက်မှောင်ကြုတ်သွားကာ “မိသားစု မရှိဘဲနဲ့ ကိုယ်တော် ဘယ်လိုလုပ်ပြီး မွေးလာတာလဲ” ထပ်မေးလိုက်ပါတယ်။ ဆရာမေးတာကို နားမလည်ဘဲနဲ့ သူဖြေချင်ရာကို ဖြေလိုက်ပုံက “I don’t know.” တဲ့။

ဆရာခမျာ လက်နောက်ပစ်ပြီး ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်ရင်း ထပ်တလဲလဲ စဉ်းစား နေပါတယ်။ အတော်လည်း ခေါင်းရှုပ်သွားဟန်ရှိလေရဲ့။ နောက်မှ ဘေးက ကိုယ်တော်တွေက  “ဒီဦးဇင်းဆိုလိုတာက သူ့မှာ ညီကိုမောင်နှစ်မ မရှိဘူး၊ သူတစ်ယောက်ထဲလို့ ပြောတာ။ မိသားစုမရှိဘူးလို့ ဆိုလိုတာမဟုတ်ကြောင်း၊ ဒါပေမယ့် သူက အင်္ဂလိပ်စာ အားနည်းလို့ သေချာပြန်မပြောတတ်တာ” လို့ ၀ိုင်းရှင်းပြလိုက်မှ ဆရာလည်း စဉ်းစားရင်း မောနေရာကနေ ရယ်သွားပါတော့တယ်။ 
အော် တခါတရံ ရယ်ပြီးမှ မောရတာ မဟုတ်ဘဲ မောပြီးမှ ရယ်ရတာပါလား…..      

တောသားအတွေး

4.4.2010 နေ့က အိန္ဒိယနိုင်ငံ၊ မဂဓတက္ကသိုလ်ထဲက မြန်မာကျောင်းသား ရဟန်းတော်တွေ နေတဲ့ အဆောင်မှာ မီးလန့်သွားပါတယ်။ ဖြစ်ပုံက ရာသီဥတု ပူပြင်းပြီး လျှပ်စစ်အသုံးများကာ ၀ါယာကြိုးတွေ လျှော့ဖြစ်သွားတာပါ။ ကိုယ်တော်တွေလည်း ရုန်းရင်းဆန်ခတ် ဖြစ်သွားကြပါလေရော။ 

အဲဒီအချိန်မှာ ဦးဇင်းလေးတစ်ပါးက ပြာတာတာနဲ့ ပြေးလာပြီး ခြေမကိုင်မိ၊ လက်မကိုင်မိနဲ့ ပြောလိုက်ပုံက “မီး လောင်ရင် ရေလောင်းကြလေ၊ ဘာလုပ်နေကြတာလဲ“ တဲ့။

သူ့ခေတ် ကိုယ့်ခေတ်
          နယ်စပ်မှာ သာသနာပြုတာဝန်ထမ်းဆောင်တဲ့ ဦးဇင်းလေးတစ်ပါးက ရိုးအေးတဲ့ ဆရာတော် ကြီးတစ်ပါးရှေ့မှာ ယောင်ယမ်းပြီး  “ကောင်းတာတွေ စား၊ ကောင်းတာတွေ ၀တ်…….” ဆိုတဲ့ J-မီ ဆိုထားတဲ့ ခေတ်သီချင်းလေး တစ်ပိုဒ်စ၊ နှစ်ပိုဒ်စကို ဆိုမိပါတယ်။

ဆရာတော်ကြီးက သီချင်းမှန်း မသိလေတော့ “ဟ..ဖြေးဖြေး ဖြေးဖြေး ပြန်ပြောပါဦး။ ဘယ်ဆရာတော့် သြ၀ါဒလဲ၊ တပည့်တော် မှတ်စုထဲ မှတ်ထားချင်လို့..၊ ခဏ..ခဏ” ဆိုပြီး ဗလာ စာအုပ်နဲ့ ခဲတံလေး လိုက်ရှာပါလေရော….။


ပါဆယ်ဝမ်း ဒီမှာ သောက်မှာ
          
သူငယ်ချင်း ကရင်ဦးဇင်းလေးတစ်ပါးပေါ့။  သူနဲ့ မန္တလေး၊ သာသနာ့တက္ကသိုလ်တက်တုန်းက ခင်မင်ခဲ့တာပါ။ သူက တိုင်းရင်းသားလည်း ဖြစ်ပြန်၊ ခပ်အေးအေး ခပ်ဖျင်းဖျင်းဆိုတော့ သူ့အမူအရာက ရိုးအတဲ့သဘောဆန်နေပါတော့တယ်။
          
တစ်နေ့မှာ သူက လက်ဖက်ရည်ဆိုင် သွားထိုင်ပါတယ်။  စားပွဲထိုးကောင်လေးက “ဦးဇင်း ဘာသောက်မှာလဲ” လို့ မေးတော့ ထိုဦးဇင်းလေးက ဘာမှ မမှာတတ်ဘဲ ဖြစ်နေပါတယ်။ ဒါနဲ့ သူက ဟိုဟိုဒီဒီ ငေးကြည့်လိုက်ပါတယ်။ အဲဒီအချိန်မှာ တစ်နေရာက “ပါဆယ်ဝမ်း” လို့ အော်တဲ့အသံလည်း ကြားရော သူက မှိုရမျက်နှာမျိုးနဲ့ ပါဆယ်ဝမ်းလို့ စားပွဲထိုးလေးကို ပြောလိုက်ပါတယ်။
           
ခဏနေတော့ ပလပ်စတစ်အိပ်နဲ့ ထည့်ထားတဲ့ လက်ဖက်ရည်ပါဆယ်တစ်ထုပ် လာပို့တော့ ထိုဦးဇင်းက “ဟေ့ကောင်..ငါ ဒီမှာ သောက်မှာကွ”လို့ ပြောပါလေရော။ ကောင်လေးက “ဦးဇင်းပဲ ပါဆယ်ဝမ်းဆို” လို့ တုန့်ပြန်တော့ ထိုဦးဇင်းလေးက “ဟေ့ကောင် ငါ..ပါဆယ်ဝမ်း ဒီမှာသောက်မှာကွ၊ မင်းမသိဘူးလား” လို့ ဟောက်ပစ်လိုက်ရာ အနှီစားပွဲထိုးလေးခမျာ မျက်စိကလည်ကလည် ဖြစ်နေပါတော့တယ်။ ဘေးက လူတွေကလည်း အာဂမောင်ဦးဇင်း ထူးဆန်းလိုက်လေခြင်းဆိုတဲ့ အကြည့်တွေ စုပြုံလာပြီး လက်ဖက်ရည် သောက်ရန်ပင် မေ့ကုန်ကြပါလေရော…။   


ဉာဏ်အကောင်းဆုံး ကျောင်းသား
           
အလယ်တန်းကျောင်းတစ်ကျောင်းမှာပါ။ ဆရာမက ကျောင်းသား၊ ကျောင်းသူတွေကို စာစီ စာကုံးသင်ပေးရင်း
"မင်းတို့ကို ကြက်အကြောင်းလို့ ခေါင်းစဉ်ပေးမယ်၊ အဲဒါ ဆယ်ကြောင်းပြည့်အောင် ရေးကြ"
လို့ ပြောလိုက်ရာ ခဏအတွင်းမှာပဲ ကျောင်းသားတစ်ယောက်က ရေးပြီးသွားပါတယ်။ ဒါနဲ့ လေ့ကျင့်ခန်းစာအုပ်ကို သွားပြလိုက်ရာ ဆရာမ အံ့သြသွားပါလေရော။ ပါးစပ်ဟောင်းလောင်းဖြစ်သွားပြီး လောကကြီးကို တခဏမျှ မေ့သွားတယ် ထင်ပါရဲ့

ကျောင်းသားလေးက ဆယ်ကြောင်းပြည့်အောင် ဂဏန်းစဉ်ပြီး ရေးလိုက်ပုံက……
(၁) ကြက်အကြောင်း၊
(၂) ကြက်အကြောင်း၊
(၃) ကြက်အကြောင်း၊
(…………………………….)
(၁၀) ကြက်အကြောင်း…ဟူသတဲ့။




 
မှားတတ်တယ် မောင်ပဇင်းတို့

6.4.2010 နေ့က သီတဂူဆရာတော်ကြီး အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာ၊ မဂဓတက္ကသိုလ်နားက ကျောင်းသားကျောင်းမှာ စာရေးသူတို့နဲ့အတူ ဆွမ်းလာဘုန်းပေးပါတယ်။ နောက်တစ်နေ့မှာလည်း ဆွမ်းလာဘုန်းပေးပြီး သြ၀ါဒပေးရင်း လာမယ့်နှစ်ဒီဇင်ဘာမှာ မဟာဗောဓိဘုရားထဲတွင် ကျင်းပမယ့် နိုင်ငံတကာ၊ တိပိဋကရွတ်ဖတ် ပူဇော်ပွဲ(International Tipitaka Chanting)မှာ မြန်မာရဟန်းတော်တွေ စနစ်တကျနဲ့ အောင်မြင်စွာ ကျင်းပနိုင်ဖို့ရန် လမ်းညွန်ရင်း နည်းစနစ်တွေ ပေးသွားပါတယ်။ 

အလှူငွေသိန်းပေါင်းများစွာကိုလည်း ခဏအတွင်းမှာပဲ ရရှိအောင် ဆော်သြစည်းရုံးပြသွားပါတယ် ဆရာတော်ကြီးနောက်က သီတဂူသာသနာပြုအဖွဲ့ဒကာ၊ ဒကာမတွေ ပါလာပါတယ်။ ဆရာတော်ကြီး ပြန်ကြွတော့ ကားပေါ်ကနေ လက်ပြနုတ်ဆက်ပါတယ်။ ဦးပဇင်းများက လက်အုပ်ချီရမယ့်အစား ပြန်လည်လက်ပြနုတ်ဆက်လိုက်ပါတယ်။ တစ်ခါ ဆရာတော်ကြီးရဲ့နောက်က ဒကာ၊ ဒကာမတွေက လက်ပြနုတ်ဆက်လိုက်ချိန်မှာ ဦးပဇင်းများက ယောင်မှားပြီး လက်အုပ်ချီမိပါလေရော။ ဆရာတော်ကြီးက ခပ်ပြုံးပြုံးကြည့်သွားလေရဲ့။


“ဆိုင်း” ကြိုက်တဲ့မောင်နဲ့ သူ၏ကကြိုးကကွက်များ

ငယ်စဉ်က ကျောက်ပန်းတောင်းမြို့၊ စိတ္တပါလဂူကျောင်းမှာ စာသင်တုန်းကပေါ့။ လူချစ်လူခင်ပေါတဲ့ ပြောင်ချော်ချော် စပ်ဖြီးဖြီး ပုတုတု ၀တတ ညီနောင်သုံးပါးရှိပါတယ်။ သူတို့နဲ့အတူတူ နေရတာဆိုတော့ နေ့စဉ်အူတက်ရပါတယ်။ သူတို့မှာ ကျော်ကြားတဲ့ နာမည်ထူးတွေ ပိုင်ဆိုင်ရရှိထားကြပါတယ်။ တစ်ပါးက “စာချီး”တဲ့။ နောက်တစ်ပါးက “ခိုချီး” တဲ့။ အငယ်ဆုံးကောင်က “ကြောင်ချီး” ဟူသတဲ့။

အကြီးနှစ်ပါးက ကျောင်းခေါင်မိုးပေါ် စာချီး၊ ခိုချီးတက်ကျုံးရင်း လိမ့်ကျတာနဲ့ စာချီး၊ ခိုချီး ဘွဲ့ထူးကြီးများ ပိုင်ဆိုင်သွားလေရဲ့။ အငယ်ကောင်ကတော့ ကြောင်ချီးအမြဲကျုံးရလို့ ကြောင်ချီးလို့ ဂုဏ်နဲ့ဒြပ်ဟပ်နေကြောင်း။

အကြီးဆုံးလူ စာချီးရဲ့အထူးခြားဆုံးစွမ်းရည်တစ်ခုကတော့ ဆိုင်းသံကြားရင် လက်ခြေမလှုပ်ဘဲ မနေနိုင်ခြင်းပင်။ စာသင်သားအချင်းချင်းက "ဟေ့..ဟေ့ ဟေ့" နဲ့ လက်ခုပ်ဝိုင်းတီးရင် မကဘဲ မနေနိုင်ပါ။ တစ်ခါမှာတော့ ဆွမ်းခံသွားရင်း ရွှေဝတ်မှုံလက်ဘက်ရည်ဆိုင်ရှေ့အရောက် ဆိုင်ထဲက မြူးကြွကြွ တီးလုံးသံများကို ကြားလေရာ ဆိုင်းကြိုက်မောင်ကိုစာချီးခမျာ ခန္ဓာကိုယ် လှုပ်လှုပ်ရွရွ ဖြစ်သွားကာ သပိတ်မှောက်သွားပါတော့တယ်။ ပါလာသမျှ ဆွမ်းတွေ၊ ဟင်းတွေလည်း ပြောင်သွားပါလေရော။

ဆိုင်းကြိုက်မောင် ကိုစာချီးရဲ့ အများနဲ့မတူ ထူးခြားတဲ့ ကကြိုးကကွက်တွေကတော့ အရပ်ပုခြင်း၊ မျက်နှာပြားပြီး စပ်ဖြဲဖြဲ အမြဲနေခြင်း၊ ၀က်ခြံများ ပေါက်ခြင်း၊ သွားတက်ပါခြင်း၊ ညာဘက်ပါးတွင် အမာရွတ်ရှိခြင်း၊ အလှအပအသန့်အပြန့် လွန်စွာကြိုက်ခြင်း၊ သူ့ကြည့်သူမှန်သမျှ သူ့ကို သဘောကျတယ်ချည်း ထင်နေခြင်း၊ စာဘက်မှာ လွန်စွာဥာဏ်တုံးသလောက် မိန်းကလေးများ၏ ဟန်ပန်အမူအရာနဲ့ အ၀တ်စားများကိုတော့ အသေးစိပ် မှတ်မိတဲ့ အာဂစွမ်းရည်ရှိခြင်း၊ 

သူနဲ့ သိသိ.. မသိသိ တွေ့ရာလူကို ဆွဲပြီး လွန်စွာလေပေါတတ်တဲ့ အကျင့်ရှိခြင်း၊ ဘယ်လောက်ပဲ ရိုက်ခံရ.. ငေါက်ခံရ.. အမှတ်အသား မရှိခြင်း၊ သူတို့ညီနောင်အချင်းချင်း တစ်ပါးကို တစ်ပါး ဆုံးမလိုက်… စကားများလိုက်နဲ့ တစ်နေကုန် တစ်နေခန်း ဆူညံပွတ်လောရိုက်နေတတ်ခြင်း၊ တွေ့ရာလူကို ဂါလိ လိုက်ထိုးချင်တဲ့ အကျင့်ရှိခြင်း၊ စကားပြောတိုင်း မျက်ခုံးမျက်စပစ်ပြီး စတိုင်လွန်စွာထုတ်ခြင်း၊ 

စာအံ ကျောင်းမတက်..တရားမထိုင်ဘဲ ခိုးအိပ်တတ်သူတွေကို လာလာချောင်းပြီး စာချဘုန်းကြီးအား မကြာခဏ သွားလျှောက်တဲ့ အကျင့်ရှိခြင်း၊ သူများ ရယ်စရာပြောရင် ပါးစပ်ကြီးဖြဲပြီး သွားရည်တွေကျကာ ပြူးကြောင်ကြည့်နေတတ်ပြီး အူတက်လို့မဆုံး ဖြစ်နေတတ်ခြင်း၊ ပြီးရင် နားမလည်လို့ စိတ်ပျက်စရာကောင်းလောက်အောင် ပြန်ပြန်ပြောခိုင်းခြင်း၊ 

စာကျက်ပြီး စာချဘုန်းကြီးရှေ့ အာဂုံအလွတ်ပြန်ဆိုတဲ့အခါ ရှေ့ဟာ နောက်ရောက်၊ နောက်ဟာ ရှေ့ရောက် အမြဲဖြစ်ခြင်း၊ ပါးစပ်ကလည်း အို..နေဦး နေဦး.. အိုး နေဦး..နေဦးနဲ့ ခဏခဏပြောတတ်ခြင်း၊ (သူတို့ စာပြန်တာကို နားထောင်တဲ့စာချ ဘုန်းကြီးခမျာ မျက်နှာအမြဲရွံ့မဲ့ပြီး ခေါင်းကို ခဏခဏကုတ်နေရခြင်း)၊ စာချီးစာပြန်ပြီး ကိုယ်အလှည့်ရောက်ရင် ရပြီးသားစာတွေပါ မေ့မေ့သွားတတ်ခြင်း၊ ပြောပြီးသားစကားကိုလည်း အခါတရာ မကအောင် ထပ်တလဲလဲ ပြောနေခြင်း၊ စာချဘုန်းကြီးတွေရဲ့ အမူအရာတွေကို အတုခိုးပြီး ပြောင်လှောင်တတ်ခြင်း၊ စာအုပ်နဲ့တွေ့လိုက်တာနဲ့ ချက်ချင်းငိုက်တတ်ခြင်း……….ခြင်း……..ခြင်း....ခြင်း။ သူကား မယက်ဘဲနဲ့ ခြင်းများစွာ ပိုင်ဆိုင်ထားသူပါတကား.......။

ဤသို့ဤနှယ် ဆိုင်းကြိုက်မောင် ကိုစာချီးရဲ့ ကကြိုးကကွက်အသွယ်သွယ်ကား စာဖွဲ့မကုန် စုံမှစုံပါပဲ။ ခုတော့ လူ့ဘုံသို့ သူခုန်သွားလေခဲ့လေပြီတကား။ ဆိုင်းကြိုက်မောင် ကိုစာချီးအဖို့တော့ လွတ်လွတ်လပ်လပ်နဲ့ ကိုယ်တိုင်ဆိုင်းတွေ တအားတီးပြီး သား..သမီး..ဇနီးမယားဆိုတဲ့ ကကြိုးကကွက်တွေ တော်တော်စုံနေလောက်ပြီ ထင်ပါရဲ့.....

(စာသင်သားဘ၀ သူငယ်ချင်းများကို အမှတ်တရ)           





No comments:

Post a Comment