မူလစာမျက်နှာ၊ ကဗျာ၊ဟာသ၊ ၀တ္ထု၊ ဆောင်းပါး၊ ခရီးသွား၊ ခံစားမှု၊ ဘာသာပြန်

Tuesday, November 15, 2011

စပ်မိစပ်ရာ ဟာသများ(၁)


တွေ့ကြုံခဲ့တယ်…စာသင်သားဘ၀ ကသောင်းကနင်းများ။
ကြားခဲ့ရတယ်…ဗရုတ်သုက္ခဇာတ်လမ်းများ…။
မြင်ခဲ့၊ ဖတ်ခဲ့ရတယ်…ကမောက်ကမဖြစ်ရပ်များ…။
ရယ်ချင်မိခဲ့တယ်…အစီအငေါ မတည့်မှုများ….။
အဲဒါတွေ ပေါင်းလိုက်တော့ စပ်မိစပ်ရာ ဟာသများဖြစ်သွားတယ်။ ကဲ..စပ်..မစပ်.. အကဲဖြတ်တော်မူ ကြပါကုန်…..။


ကြယ်တွေ..လတွေ စုံသောညမှာ
လွန်ခဲ့တဲ့နှစ်(၂၀)ကျော်က ညမိုက်ညတစ်ညပေါ့။ လမိုက်ညဆိုရင် ဘာလို့ ကြယ်တွေ၊ လတွေ စုံရမှာလဲ…လို့ အသင် စောဒနာငြားအံ့။ သောဓနာပါ့မယ်..။

စာရေးသူတို့ ရွာဦးကျောင်းဘေးက စာသင်ကျောင်းမှာ ၄-တန်းကျောင်းသား၊ သူများကို ညည အပိုချိန်ခေါ်ပြီး စာသင်ပေးနေပါတယ်။ သင်တဲ့ဆရာက အရိုက်ကြမ်းတဲ့နေရာမှာ စိန်ဗေဒါနဲ့ နင်လား ငါလားပါပဲ။ ကြမ်းလွန်းလို့ နောက်ပိုင်းတော့ တစ်ရွာလုံးနဲ့ တစ်ယောက်ဖြစ်ပြီး ဥက္ကဋ္ဌတွေ၊ လူကြီးတွေနဲ့ အကြီးအကျယ် ပြဿနာတက်ပြီး လက်မှတ်ထိုးယူရတဲ့အဆင့်ထိ ရောက်သွားပါတယ်။

ဘုန်းကြီးကျောင်းသားလေးယောက်က တစ်ည ညီလာခံ ကျင်းပပါတယ်။ စည်းဝေးပွဲဆုံးဖြတ်ချက်က “ဒီည ၄-တန်းကျောင်းဆင်းရင် သူတို့သဘောကျနေတဲ့ ကောင်မလေးကို အမှောင်ထဲကနေချောင်းပြီး ဖက်နမ်းကြ စတမ်းတဲ့။” ဧရာမမန်ကြီးပင်ကြီးတစ်ပင်ကိုကွယ်ကာ ကျောင်းဆင်းကို စောင့်မျှော်နေပါတယ်။ လာပါပြီ။ အဖြူရောင်ဝတ်စုံလေးနဲ့။ ဖြေလှမ်းမှန်မှန်လှမ်းလို့။ ဖျတ်…ဖျတ်….ဖျတ်..နဲ့။ မန်ကြီးပင်နားအရောက် ဘုန်းကြီး ကျောင်းသားများက တစ်ပြိုင်နက် ၀ိုင်းဖက်နမ်းလိုက်ပါတယ်။ အဲဒီညက သူတို့လေးယောက် ကြယ်တွေ၊ လတွေ အစုံမြင်လိုက်ရတယ်ဆိုပဲ…။ ရှင်းချက်က သူတို့ဖက်နမ်းလိုက်တာဟာ ကောင်မလေးမဟုတ်ဘဲ အရိုက်အကြမ်းဆုံးဆရာ ဖြစ်နေလို့တဲ့……။

သတင်းထူး
စာသင်တိုက်ကြီးတစ်တိုက်က။ ကိုယ်တော်တစ်ပါး။ အကြွား သိပ်သန်။ လူစုံတာနဲ့ ဆီလိုအပေါက်ရှာပြီး ကြွားတတ်သူ။ တစ်နေ့ သူက ပြောတယ်။ “ကိုယ့်လူတို့ကို ကြုံတုန်းသတင်းထူးပြောရဦးမယ်..။ လမ်းမှာ ခွေးနှစ်ကောင်ကိုက်တာ၊ တပည့်တော်က ခေါက်ဆွဲစားရင်း ကြည့်နေမိတာ။ ကြေးအိုးဆီချက်ခေါက်ဆွဲတစ်ပွဲနဲ့ ရှယ်လဘက်ရည်တစ်ခွက်သောက်ရင်း…”

စကားစပြတ်သွား။ ဘေးကိုယ်တော်တစ်ပါးရဲ့ ကြားဖြတ်စစ်ဆင်ရေးကြောင့်။ “ထွီ…ကြွားစရာမရှိရင် ဖင်လှန်ပြပြီး ကြွားမယ့်ကောင်….”တဲ့။ ကြွားတဲ့ကိုယ်တော် မျက်နှာဇီးရွက်လောက်ပဲကျန်။ ဘေးကိုယ်တော်များ ၀ါးကနဲပွဲကျသွား တဟားဟားနဲ့ပါပဲ..။

ဗြူတီဖူးဆိုတာ ဟင်းကောင်းတာ
စာရေးသူနဲ့အတူနေတဲ့ သီရိလင်္ကာကိုယ်တော်တစ်ပါး။ အင်္ဂလိပ်က မရဘူး။ တစ်မနက်ပေါ့ စာရေးသူကို Broken English နဲ့ ဆင်ဟာလီစကားညှပ်မေးတယ်။ “ကျန်ဒါစီရိ! ဒန်ဆာလ… ဘရိတ်ဖတ်စ်..ဗြူတီဖူး? (စန္ဒာသီရိ..ဆွမ်းစားကျောင်းမှာ နံနက်စာ ဟင်းကောင်းလား?..)

စာရေးသူလည်း ဗြူတီဖူးကို လှတာလောက်ပဲ သိတော့ “No, Beautiful” လို့ ဖြေလိုက်တယ်။ သူလည်း ဆွမ်းငတ်ပါလေရော။ သူ့ကို ဗြူတီဖူးလို့ မပြောရကောင်းလားဆိုပြီး စာရေးသူနဲ့ စကားများပါလေရော။

သြော်..ဗြူတီဖူးဆိုတာ ဟင်းကောင်းတာကိုလည်း ပြောလို့ရပါလား…လို့ ကောက်ချက်ဆွဲနေမိတယ်။


စွဲမိပါသော...ခင်ရယ်....
အညာဒေသ အသက်(၉၀)ကျော် တောရွာတစ်ရွာက ဆရာတော်ကြီးတစ်ပါး။ တစ်နေ့ ပစ္စည်းတွေ ရှင်းခိုက် ပလပ်စတစ်နဲ့ အထပ်ထပ်ပတ်ပြီး သိမ်းထားတဲ့ ဆပ်ပြာအဟောင်း တစ်ခဲတွေ့။ ဖြည်ကြည့်လိုက်ရာ …ဆပ်ပြာခဲမှာ ကပ်ထားတဲ့ စာရွက်လေးပေါ်က စာလေးတစ်ကြောင်းကြောင့် “ဟိုက်...သေပါလေရော။ ငါသေချင်တယ်”ဟု ဆရာတော်ကြီးမိန့်။ စာက “ကိုရင့်ကို ချစ်တယ်တဲ့”

ရှင်းချက်တောင်းတော့…“ငါငယ်ငယ်က စွဲလမ်းခဲ့တဲ့ကောင်းမလေးက ပေး(လှူ)တာ၊ သူ့ကို စွဲလန်းလွန်းလို့ မသုံးရက်ဘဲ သိမ်းထားမိတာ ခုတော့ မဟာအမှားကြီးပါတကား”..တဲ့။

ထိုစဉ် တိုက်ဆိုင်စွာပဲ..ရွာထဲအသံချဲ့စက်က မြန်မာပြည်သိန်းတန်ဆိုထားတဲ့ ပြည်သန်းနွယ်ရဲ့သီချင်း “ချစ်ဒုက္ခ” ကို ဖွင့်လိုက်ရာ “စွဲလန်းလို့ သေမှာ ခင်ရယ်…” အပိုဒ်လည်းရောက်ရော ဆရာတော်ကြီးက ဆပ်ပြာခဲလေးကို နာနာဆုပ်ထားပါတော့တယ်…။







No comments:

Post a Comment