ခဏလေး ပြောမှာပါ
လွန်ခဲ့တဲ့ (၁၀)နှစ်လောက်ကပါ။ လမ်းဘေးဖုန်းဆိုင်(P.C.O)တစ်ခုဆီသို့ တောနယ်က အရပ် ထောင်ထောင်မောင်းမောင်းနဲ့ လူကြီးတစ်ယောက် ရောက်လာပါတယ်။ ပုံစံက အတော်ရိုးအမယ့်ပုံပါ။ ဖျင်ကြမ်း ပုဆိုးကြီးကို ခေါင်းပေါင်းထားပြီး ခပ်နွမ်းနွမ်းလွယ်အိတ်တစ်လုံးကို လွယ်ထားပါတယ်။ ပါးစပ်ကလည်း ဦးဖိုးထိုက် ဆေးလိပ်မြီးတိုကြီး ခဲထားပါတယ်။

ခပ်လောလောနဲ့
ရောက်လာပြီး လွယ်အိတ်ထဲက ခပ်နွမ်းနွမ်းဗလာစာအုပ်ကို အမြန်ဖြဲလှန်ပြီး “ဟဲ့ ကလေးမ..ဒီဖုန်းကို
ခေါ်ပေးစမ်းပါ” လို့ ပြောလိုက်ပါတယ်။ ဘေးက လူတွေကလည်း အသာ ကြည့်နေရင်း ဖုန်းပြောနေပါတယ်။
သူတို့က မတိုးအကျယ်အသံတွေနဲ့ ပြောနေတာပါ။
ဆိုင်ကောင်မလေးက
“ ဦးကြီး ဖုန်းက မအားသေးဘူး…လို့ ပြောနေတယ်” ဆိုပြီး ဖုန်းပြန်ချမယ်လုပ်ခိုက်
ထိုလူကြီးက ကောင်မလေးလက်ထဲက ဖုန်းကို ဆတ်ကနဲ ဆွဲယူပြီး နားထောင် လိုက်ရာ ဖုန်းထဲက “လူကြီးမင်း
ခေါ်ဆိုသော တယ်လီဖုန်းမှာ မအားသေးပါရှင်” ဆိုတဲ့ အသံကိုလည်း ကြားရော သူက ချက်ချင်းပဲ
အသံကျယ်ကျယ်နဲ့ “အေး…မအားသေးလဲ ခဏလေးပြောမှာပါလို့ ပြောလိုက်စမ်းပါ” လို့ အော်ပြောလိုက်ရာ
ဘေးက လူများ တ၀ါးဝါးဖြစ်ကုန်ပါတော့တယ်။
ကိုကို မဟုတ်ဘူး၊ မောင်မောင် မောင်မောင်
စာရေးသူ ငယ်စဉ်က စာသင်ခဲ့တဲ့ စာသင်တိုက်ကြီးတစ်ခုမှာပါ။ တိုက်အုပ်ဆရာတော်ကြီးက အင်မတန်သီလ၊ သမာဓိ၊ သိက္ခာကြီးမားတော်မူပါတယ်။ ခေတ်အသုံးအဆောင်ဆိုလို့ ဖုန်းတစ်လုံးပဲ သူဘေးမှာ ရှိတာပါ။ အချိန်ရှိသရွေ့ စာပေပို့ချလိုက်၊ စာဖတ်လိုက်နဲ့ပဲ နေနေတာပါ။

တစ်နေ့
စာဝါချခိုက် ဖုန်းဝင်လာရာ ကောက်ကိုင်ပြီး “အဟမ်း..ပြော” လို့ တုန့်ပြန်လိုက်ပါတယ်။
ဖုန်းကြိုးက အပေါ်နဲ့အောက် လွဲနေတော့ တစ်ဖက်က အသံကို ရှင်းရှင်းမကြားရပါဘူး။ ဆရာတော်ကြီးက
“ဘယ်ကောင်တွေလဲ မသိဘူး။ ငြိမ်ငြိမ်မနေဘူး။ အားအားရှိ ဖုန်းပဲကလိနေတယ်။ ဘုန်းကြီးမှန်းသိလို့
ရှင်းအောင်လည်း မပြောရဲဘူး…”လို့ ပြောပြီး ဖုန်းကို ပြန်ချလိုက်ပါတယ်။ စာရေးသူတို့လည်း
ရယ်ချင်စိတ်ကို အောင့်ထားရပါတယ်။ ဆရာတော်ကြီးကို ရှိန်နေတာဆိုတော့ မရယ်ရဲပါဘူး။
နောက်တစ်ခါ
ဖုန်းဝင်လာပြန်ပါတယ်။ ဆရာတော်ကြီးက ဆတ်ကနဲ ကောက်ကိုင်ပြီး နားနဲ့ ကပ်လိုက်ပါတယ်။ ဒီတစ်ခါ
ဖုန်းကြိုးက အထက်အောက် တည့်ပါတယ်။ နားနဲ့ကပ်ခိုက် တစ်ဖက်က “ဟလို ကိုကိုလား” တဲ့။ ဆရာတော်ကြီးက
ရှုးရှုးရှဲရှဲဖြစ်သွားကာ “ကိုကို မဟုတ်ဘူး၊ မောင်မောင်..မောင်မောင်” လို့ ဒေါသတကြီးအော်ပြီး
ခွမ်းကနဲ ဖုန်းကို ပစ်ချလိုက်ပါတော့တယ်။
good
ReplyDelete