စာရေးသူရဲ့
သူငယ်ချင်းဦးဇင်းလေး တစ်ပါးပါ။ သူအင်္ဂလိပ်စာကျက်ရင် ဘေးကလူတွေ တ၀ါး ၀ါးနဲ့ ဖြစ်နေပါတော့တယ်။
အဲဒါ သူ့ရဲ့ အင်မတန်တိကျမှန်ကန်တဲ့ အသံထွက်တွေကြောင့်ပါပဲ။ ဥပမာ =soldier (စစ်သား)ဆိုရင်
သူက ဆိုးလဂျားတဲ့။ also ဆိုရင် အော်လည်းဆိုး၊ although ကို အော်လသိုးး၊ world ကိုတော့ ၀ါးလထစ်တဲ့။
သူ့အကြောင်းပြချက်ကတော့ စာလုံးပေါင်း မှန်အောင်လို့ဆိုပဲ။ ရှက်ရမ်း ရမ်းတာထင်ပါရဲ့။
ဘာသာပြန် တိကျလိုက်ပုံက
အင်္ဂလိပ်စာ
လေ့လာခါစ ကိုယ်တော်လေးတစ်ပါးဆီ သူ့ရဲ့တူတွေ၊ တူမတွေ အလည်ရောက် လာပါတယ်။ သူတို့က ခြောက်တန်း၊
ခုနှစ်တန်းလောက်တွေ ထင်ပါတယ်။ သူတို့က “ဦးဇင်း..Human rights..ဆိုတာ ဘာလဲဟင်” မေးလိုက်ပါတယ်။
ဦးဇင်းလေးကလည်း ခဏစဉ်းစားပြီး “Human… ဆိုတာ လူ..လို့
ပြောတာ။ right က ညာဆိုတော့ လူညာပေါ့ကွ” တဲ့။
အင်္ဂလိပ်အသံဆိုတာ
ဖော့ထွက်ရတယ်
စာရေးသူတို့ မန္တလေး၊ သာသနာ့တက္ကသိုလ်မှာ အင်္ဂလိပ်စာ သင်ခါစကပါ။ သင်ပေးတဲ့ဆရာက
စတိက်ခုံပေါ်ကနေ “ကိုယ်တော်တို့ အင်္ဂလိပ်စာဆိုတာ ဖော့ထွက်ရတယ်။ အင်္ဂလိပ်လူမျိုးတွေက အသံကို လေးစေတဲ့
ငပိတွေကို မစားဘူး။ ဒါကြောင့် သူတို့က အသံကို လျှာဖျားလေးနဲ့တင် ဖွဖွလေး ထွက်တာ။”
ဥပမာ…လို့ဆိုပြီး မြေဖြူဘောပေါ်တွင် “F” ကို ရေးလိုက်ပါတယ်။ ပြီးမှ တပည့်တော်နဲ့ တူအောင် လိုက်ဆိုလို့ ပြောပြီး အက်ဖ်..အက်ဖ်နဲ့ ပါးစပ်ကလေးကို အသာပိတ်ပိတ်ဆိုပြပါတယ်။ ဆိုရင်းဆိုရင်းနဲ့ အမူအရာတွေ ပါလာပါတယ်။ ညာလက်ကလေးကို အသာမြောက်ပြီး ညာခြေထောက် ကလေးကိုလည်း အသာကွေးကွေးပြရင်း အက်..ဖ်၊ အက်..ဖ်..လို့ ဆိုပြပါတယ်။
သူဆိုပြတာကို ဘာမှ မကြားရပါဘူး။ ပါးစပ်ကလေးပိတ်ပိတ်ပြီး ခြေမြောက်၊ လက်မြောက်တာကိုပဲ မြင်မြင်နေရပါတယ်။ အချို့က အူတက်ကုန်ကြပါလေရော။ ဘေးက ကိုယ်တော်တစ်ပါးက “ကိုယ့်လူ.. ဒါကြောင့် အင်္ဂလိပ်တွေ စကားပြောရင် အမူအရာ တအားပါတာ..နေမှာနော်”လို့ ကောက်ချက်ချရင်း ထောက်ခံမှုကို တောင်းဆိုနေတော့ စာရေးသူလည်း “ဒို့တော့ အက်ဖစ် တစ်လုံးနဲ့ပဲ တစ်နှစ်လုံး ကုန်တော့မယ် ထင်ပါရဲ့” လို့ ပြောလိုက်ရာ ဘေးနားက တ၀ါးဝါး ဖြစ်ကုန်ပါတော့တယ်။
ဒို့အသံထွက်က
အမှန်ဆုံး
သီရိလင်္ကာနဲ့အိန္ဒိယမှာ ကျောင်းတက်နေတဲ့ မြန်မာရဟန်းတော်တွေ ရင်ဆိုင်ရတဲ့
ပြဿနာ တစ်ခုကတော့ အသံထွက်ကိစ္စပါပဲ။
ကုလားလူမျိုးတွေဟာ အစွဲအလမ်းကြီးသလား၊ မာနကြီးသလား
မပြောတတ်ပါ။ သူတို့အသံထွက်တွေထဲမှာ စာရေးသူတို့ကြားဘူးထားတဲ့ အသံထွက်တွေနဲ့ လုံးဝကို
ကွဲပြားနေတဲ့ စကားလုံးတွေ ရှိပါတယ်။ သူတို့ထွက်နေကျ အသံတွေကို အင်္ဂလန်၊ အမေရိကန်စတဲ့
မိခင်ဘာသာ အင်္ဂလိပ်စကားပြောနိုင်ငံကြီးတွေက ဆရာတွေကိုယ်တိုင် ပြင်ပေးလည်း မလိုက်နာ တဲ့သူက
များပါတယ်။
သရပါတဲ့အသံတွေဆိုရင် သူတို့က ယ-သံထည့်ပြီး ပြောလေ့ရှိပါတယ်။ ဥပမာ=အိုင်
နိုး အဲဗရီးသင်း(I know everything.) ဆိုရင် ယိုင်နိုး ယဲဗရီးသင်းတဲ့။ အိတ်တီး(eighty)ဆိုရင်
ယိတ်တီး တဲ့။ ရှစ်မိနစ်စောင့်ဆိုရင် ၀ိတ်-ယိတ်မိနစ် (wait eight)တဲ့။ တစ်နေရာသွားဖို့
တက္ကစီငှားရင် ၀စ်ချေး ရီးယား-၀စ်ချေးရီးယားနဲ့ မကြာခဏမေးတတ်ပါတယ်။ ရုတ်တရက် နားမလည်ပါဘူး။
နောက်မှ အော် Which area? လို့ မေးတာပါ့လားလို့ သဘောပေါက်လာပါတယ်။ only one ကို လုံးလီးဝမ်းတဲ့။
ရံခါ အုန်းနလီး ၀မ်းလို့လည်း ထွက်ပြန်ရော။ zero ကိုတော့ ဂျီးရိုးတဲ့။
Active, have, love..စတဲ့ ve ဆုံးတဲ့စာလုံးတွေကို အဆုံးမှာ ဥ-ဆိုတဲ့အသံတွေနဲ့
အက်ဂျစ်တု၊ ဟပ်ဗ်ဥ၊ လဗ်ဥ…လို့ပဲ အမြဲထွက်ပါတယ်။
နောက်ပြီး သူတို့က လင့်ကင်း(linking)(စကားလုံး-သို့-အသံ)တွေ တအားတွဲပြီး
ပြောလေ့ရှိပါတယ်။
တစ်ခါက သီရိလင်္ကာနိုင်ငံ၊ ကေယနိယတက္ကသိုလ်မှာ ပါမောက္ခက အနောဒတ်တူ ဒစ်ဒကတ်ဒ်ရှင်း-လို့
ပြောလိုက်ရာ ဘယ်လိုမှ စဉ်းစားမရခဲ့ပါဘူး။ အဘိဓာန်ထဲ သဲကြီးမဲကြီးရှာသော်လည်း မတွေ့မိ။ တော်တော်ဦးနှောက်ခြောက်မိပါတယ်။
နားထောင်ပါများလာမှ In order to discussing လို့ ပြောတာပါ့လားဆိုပြီး နားလည်လာပါတော့တယ်။
No comments:
Post a Comment