မူလစာမျက်နှာ၊ ကဗျာ၊ဟာသ၊ ၀တ္ထု၊ ဆောင်းပါး၊ ခရီးသွား၊ ခံစားမှု၊ ဘာသာပြန်

Thursday, March 29, 2012

ကာလသုံးပါးကြား ခရီးသွားသူများ

 (ဤအရှင် အိန္ဒိယနိုင်ငံ၊ မဂဓတက္ကသိုလ်တွင် Ph.D ၀င်ခွင့်ဖြေရန် စောင့်ဆိုင်းနေရသည်မှာ သုံးလတိုင်ခဲ့လေပြီ။ ၁-လပိုင်းက ဖြေမည်ဟု သတင်းရပြန်သည်။ နောက်တော့ ဖြေခွင့်ရက် ပြောင်းသွားပြန်သည်။ ၂-လပိုင်းဟုဆိုကြသည်။ ၂-လပိုင်းရောက်သောအခါ သုံးလပိုင်းဖြစ်သွားပြန်သည်။  သို့နှင့် တစ်လပြီးတစ်လကြာခဲ့လေပြီ။ 

ယခုဧပြီလတွင်မူ အမှန်ဖြေရမည်ဖြစ်သည်။ အချိန်ဇယားလည်း ထွက်ပြီ။ သတင်းစာထဲတွင်လည်း ဖော်ပြထားသည်။ ဧပြီ ၉ ရက်နေ့တွင် မဂဓကောလိပ်သို့ သွား၍ဖြေရမည်။ ၀င်ခွင့်ဖြေရန် အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဘာသာသမိုင်းကြောင်းများကို လေ့လာနေမိသည်။ ဗုဒ္ဓဘာသာသမိုင်းကြောင်းနှင့် ပတ်သက်၍ “2500 years of Buddhism”,P.V.Bapat, စာအုပ်နှင့် မောင်အံ့ (မဟာဝိဇ္ဇာ၊ဘုံဘေ)၏ “ဗုဒ္ဓသာသနာတော် ၂၅၀၀ ခရီး” စာအုပ်တို့မှာ တော်တော်ပြည့်ပြည့်ရှိလှသည်။ 

ထိုစာအုပ်များကို ဖတ်ရင်း အင်တာနက်ထဲတွင် ရှာဖွေရင်းဖြင့် သီရိလင်္ကာသမိုင်း အလှည့်ရောက်လာသည်။ သီရိလင်္ကာနိုင်ငံ၊ ဗုဒ္ဓဘာသာသမိုင်းများကို လေ့လာရင်း သီရိလင်္ကာနိုင်ငံတွင် ပညာသင်ခဲ့စဉ်က ရေးခဲ့သော ဆောင်းပါးကို ပြန်တွေ့မိသည်။ ထိုဆောင်းပါးကို အကြောင်းအမျိုးမျိုးကြောင့် မည်သည့်စာစောင်မှ မထည့်မိပါ။ သို့နှင့် ထိုဆောင်းပါးကို ယခုဖော်ပြလိုက်ပါသည်။)   

 စာရေးသူသည် သီရိလင်္ကာနိုင်ငံ၊ ကေလနိယတက္ကသိုလ်တွင် ပညာသင်ကြားနေသော စာသင်သား ရဟန်းတစ်ပါးဖြစ်ပါသည်။ ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာ(၁၈)ရက်နေ့က M.Aတန်းစာမေးပွဲ ဖြေဆိုပြီးခဲ့သည်။ စာမေးပွဲဖြေပြီးကြောင့် စာသင်းသားတို့ထုံးစံအတိုင်း သူငယ်ချင်းစာသင်ဘက် ရဟန်းတော်များနှင့်အတူ လေ့လာရေးဘုရားဖူးလှည့်လည်ရာ (၅) ညအိပ် (၆) ရက် ကြာသွားလေ၏။ နေရာတော်တော်များများသို့ ရောက်ရှိခဲ့သည်။

ဘုရားဖူးလေ့လာရေးခရီးစဉ်အတွင်း သီရိလင်္ကာနိုင်ငံနှင့်ပတ်သက်သော ယဉ်ကျေးမှုများ၊ ဓလေ့ထုံးစံများ၊ မှတ်သားဖွယ်ရာများနှင့် အံ့သြဖွယ်ရာများကို တွေ့ကြုံခံစားခဲ့ရလေ၏။ ထိုအကြောင်းအရာများကို မျှဝေချင်သောကြောင့် ဤဆောင်းပါးကို ရေးသားခြင်းဖြစ်ပါသည်။

သီရိလင်္ကာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏တောင်ဘက် အိန္ဒိယသမုဒ္ဒရာထဲမှ ကျွန်းနိုင်ငံ တစ်ခုဖြစ်သည်။ ရှေးအခါက သီဟိုဠ်ကျွန်းဟု လူသိများသည်။ ပါဠိစာပေတို့၌ သီဟဠ၊ လင်္ကာဒီပ၊ တမ္ဗပဏ္ဍိဟု ဖော်ပြထားလေ၏။ နိုင်ငံ၏မြေပုံသည် ညောင်ရွက်(သို့မဟုတ်) ယွန်းအုပ်နှင့် ခပ်ဆင်ဆင် တူလေ၏။ နိုင်ငံ၏မြောက်ဖျားမှ တိုင်းတာလျင် အိန္ဒိယဆိပ်ကမ်းနှင့် (၂၂)မိုင်မျှသာ ဝေးလေ၏။ သီရိလင်္ကာနိုင်ငံသည် အလျား(၂၇၀)မိုင်၊ အနံ(၁၄၀)မိုင်နှင့် အကျယ်စတုရန်း (၂၅၃၃၂)မိုင် ရှိသည်။

သီရိလင်္ကာနိုင်ငံတွင် ၂၀၀၇ ခုနှစ်စာရင်းအရ လူဦးရေသန်း(၂၀၉၂၆၃၁၅) ရှိလေ၏။ ဗုဒ္ဓဘာသာ (၇၅%)၊ အစ္စလာမ်(၈%)၊ ဟိန္ဒူ(၇%)၊ ခရစ်ယာန်(၆%)ရာခိုင်နှုံးရှိသည်ဟု သိရသည်။ အသုံးပြုသောဘာသာစကားများမှာ ဆင်ဟာလီ၊ တမီးလ်နှင့် အင်္ဂလိပ်ဖြစ်သည်။ အင်္ဂလိပ်စကားကို ရုံးသုံး၊ လုပ်ငန်းသုံးအဖြစ် အသုံးပြုကြသည်။

နိုင်ငံ၏စိုက်ပျိုးရေးနှင့် မွေးမြူရေးမှာ ဆန်၊ ဂျုံ၊ ကြံ၊ နို့၊ ပဲ၊ ဆီ၊ ငရုတ်၊ လက်ဖက်၊ ရော်ဘာ၊ အုန်း၊ ငါး၊ ဥအမျိုးမျိုးတို့ ဖြစ်သည်။ သဘာဝအရင်းအမြစ်များအဖြစ် ထုံးကျောက်၊ ခဲနက်၊ သတ္တု၊ သဲ၊ မီးစုန်းဓာတ်၊ မြေစေး၊ စိန်၊ မြနှင့် အခြားရတနာများလည်း ရှိလေ၏။ ထို့အပြင် ရေအားလျှပ်စစ်၊ ဓာတ်ဆီ၊ စားသောက်ကုန်နှင့် ပို့ဆောင်ရေးပစ္စည်းများ၊ ကား၊ ဆိုင်ကယ်များ ထုတ်လုပ်နိုင်သည် ကိုလည်း တွေ့ရသည်။

သီရိလင်္ကာနိုင်ငံနှင့် စီးပွားရေးအဓိကဆက်သွယ်ထားသောနိုင်ငံများမှာ အမေရိကန်၊ အင်္ဂလန်၊ အိန္ဒိယ၊ ဂျာမဏီ၊ စင်္ကာပူ၊ ဟောင်ကောင်၊ တရုတ်၊ အီရန်၊ ဂျပန်နှင့် မလေးရှားနိုင်ငံတို့ ဖြစ်ကြသည်။ ဖုန်း၊ အင်တာနက်စသောဆက်သွယ်ရေးများကကိုလည်း လူတိုင်းနီးပါး အသုံးပြုနိုင်သည်ကို တွေ့ရလေသည်။ ဘတ်စကား၊ ရထား၊ သင်္ဘော၊ လေယာဉ်များကလည်း အချိန်ပြည့် ပျံသန်းမောင်းနှင်ကာ ခရီးသည်များကို ပို့ဆောင်ပေးလေသည်။

စာရေးသူတို့ ဖြတ်သန်းသွားလာခဲ့ရာ လမ်းတလျှောက်တွင် အုန်းတောများ၊ လက်ဖက်ခင်း များကို နေရာတိုင်းတွင် တွေ့မြင်ခဲ့ရလေ၏။ စာရေးသူတို့အဖွဲ့မှာ အားလုံး(၁၃)ပါးဖြစ်သည်။ စာရေးသူတို့ အဖွဲ့တွင် ၀ါဝင်သူများမှာ ဦးနန္ဒာစာရ၊ ဦးပဏ္ဍိတ၊ ဦးဣန္ဒက၊ ဦးသောဘိတ၊ ဦးပညာစက္က၊ ဦးဝါယမ၊ ဦးဇနက၊ ဦးဇ၀န၊ ဦးဝိလာသဂ္ဂ၊ ဦးစန္ဒိမာ၊ ဦးဝဏ္ဏာစာရ၊ ဦးဝါသ၀တို့ဖြစ်သည်။   တစ်ပါးချင်း၏ ခရီးစဉ်အစအဆုံး ကုန်ကျမှုမှာ သီရိလင်္ကာရူးပီး (၁၀၀၀၀)စီဖြစ်သည်။ မြန်မာငွေ တစ်သိန်း ၀န်းကျင်ခန့်ဖြစ်သည်။ မိမိတို့သည် စိတ်တူကိုယ်တူဖြစ်ခြင်း၊ တစ်ဦးပေါ်တစ်ဦး နားလည်မှုရှိခြင်း၊ ဖေးမမှုရှိခြင်းတို့ကြောင့် ခရီးစဉ်အစအဆုံး အဆင်ပြေချောမောလေ၏။ အဖွဲ့လိုက် ခရီးသွားရာတွင် အချင်းချင်းညီညွတ်မှုသည် မည်မျှအရေးပါကြောင်းကို သွားဖူးသူတိုင်း သိပြီးဖြစ်ပေလိမ့်မည်။

သီရိလင်္ကာမှ ကားများမှာ ရက်အရေအတွက်ပေါ်မူတည်ပြီး ငွေပေးရခြင်းမဟုတ်ပါ။ ကီလိုမီတာပေါ်မူတည်ပြီး ပေးရခြင်းဖြစ်ပါသည်။ တစ်ကီလိုမီတာကို (၃၅) ရူးပီးပေးရ၏။ အဲယားကွန်း (AC) မပါလျှင် (၃၀) ရူးပီးပေးရ၏။ စာရေးသူတို့အဖွဲ့သည် (၂၁)ရက်နေ့တွင် ကိုလံဘိုမှ အနုရာဓပူရသို့ စတင်မောင်းနှင်ခဲ့သည်။

ကိုလံဘိုမှ အနုရာဓပူရသို့ ကီလိုမီတာ (၂၅၃) ဝေးသည်။ အနုရာဓပူရမြန်မာဘုန်းကြီး ကျောင်း၌ ညအိပ်တည်းခိုပြီး  အနုရာဓပူရမှ နာဂဒီပ (၅၃၉)၊ အနုရာဓပူရမှ ပေါရုနာရုဝ (၂၁၂)၊ ပေါရုနာရုဝမှ မဟီယင်္ဂဏ (၈၀)၊ မဟီယင်္ဂဏမှ နုဝလအေရိယ (၂၂၆)၊ နုဝလအေရိယမှ စရီပါဒ (၈၅)၊ စရီပါဒမှ ကိုလံဘို (၁၅၆) ကီလိုမီတာ ရှိလေ၏။ စုစုပေါင်း ကီလိုမီတာ (၁၅၅၁) ရှိလေ၏။ သို့ဖြစ်၍ ၁၅၅၁ကို (၃၅) နှင့်မြှောက်ရာ ရူးပီးငွေ (၁၇၇၅၅) ကုန်ကျသည်။ ကားရပ်နားခအဖြစ် တစ်ညကို ရူးပီး (၅၀၀) ပေးရသည်။ ငါးညရပ်နားရာ ရူးပီး (၂၅၀၀) ပေးရသည်။

အနုရာဓပူရမြို့၊ မြန်မာဘုန်းကြီးကျောင်းမှ မွန်ဆရာတော် ဦးသုန္ဒရက မိမိတို့အား မဟာဗောဓိပင်သို့ ဦးဆောင်ပို့ပေးပြီး မဟာဗောဓိပင်ကို ပူဇော်စေ၏။ ထိုမဟာဗာဓိပင်ကို လွန်ခဲ့သော နှစ်ပေါင်း(၂၂၀၀)ကျော်က သီရိဓမ္မာအသောကမင်းကြီး၏ သမီးတော် သင်္ဃမိတ္တာထေရီ ပင့်ဆောင်ပူဇော်ခဲ့ခြင်းဖြစ်သည်။ မဟာဗောဓိရင်ပြင်ထဲမှ ဓမ္မာရုံတစ်ခုတွင် ဆရာတော်ဦးဆောင်ပြီး မြန်မာဒကာ၊ ဒကာမများမှ လှူဒါန်းထားသော မြန်မာ့လက်ရာရုပ်ပွားတော် တစ်ဆူကိုလည်း ဖူးတွေ့ခဲ့ရသည်။ မဟာဗောဓိရင်ပြင်၏ အခြားတစ်ဖက်တွင် ကျောက်တိုင်ပေါင်း (၁၆၀၀) ရှိသော မဟာလောဟပါသာဒခေါ် ရှေးဟောင်းကြေးပြာသာဒ်ကျောင်းတိုက်ကြီးကိုလည်း တွေ့ရ၏

မိမိတို့သည် မွန်ဆရာတော်အား ရူးပီး (၅၀၀၀) လှူဒါန်းပြီးနောက် အနုရာဓပူရမြို့ထဲရှိ ရှေးဟောင်းဘုရားစေတီ၊ ကျောင်း၊ ကန်များကို ကြည့်ရူလေ့လာဖူးမြှော်ကြသည်။ ထို့နောက် မဟိန္ဒလေ့တောင်၊ ဒမ္ဘူလတောင်၊ စိဂိရိယတောင်ပေါ်များသို့ တက်ရောက်လေ့လာခဲ့သည်။

မဟိန္ဒလေ့(Mahintale)တောင်ပေါ်တွင် သီရိလင်္ကာနိုင်ငံသို့ အစောဆုံး သာသနာပြု ကြွတော် မူခဲ့သော သီရိဓမ္မာအသောကမင်းကြီး၏သားတော် ရှင်မဟာမဟိန္ဒ သီတင်းသုံး၍ တရားအားထုတ်ခဲ့ သော လှိုဏ်ဂူများကို တွေ့ရသည်။ ထို့နောက် ဒမ္ဘူလတောင်ပေါ်ရှိ သဘာဝကျောက်လှိုဏ်ဂူများ၊ စတုတ္ထသံဂါယနာတင်ခဲ့သော အာလုဝိဟာရကျောက်လှိုဏ်ဂူ၊ ဘုရားရုပ်ပွားတော်များနှင့် နံရံဆေးရေး ပန်းချီများကို လေ့လာခဲ့သည်။
ဒမ္ဘူလတောင်ကို လေ့လာပြီးနောက် စိဂိရိယ(Sigiriya) တောင်ပေါ်ရှိ ရှေးဟောင်းနန်းတော်ရာ တစ်ခုကို တက်ရောက်လေ့လာခဲ့သည်။ ထိုနန်းတော်ကို အေဒီ (၄၅၆) က သူပုန်ရန်မှ လွတ်ကင်းရန် ကဿပ (Kasyapa) အမည်ရှိမင်းတစ်ပါးက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အကျယ်အ၀န်းမှာ (၁၀၈) ပေရှိသည်။ အလျားအနံမှာ (၂၁၆) ပေရှိသည်။ 

စိဂိရိယ (Sigiriya) အမည်သည် သီဟဂိရိ(Sinhagiri)မှ ဆင်းသက်လာသည်ဟု ဆိုကြသည်။ သီဟသည် ခြင်္သေ့ဟု အဓိပ္ပါယ်ရသည်။ ဂိရိသည် တောင်ဟု အဓိပ္ပါယ်ရှိသည်။ တောင်၏ပုံသဏ္ဍာန်မှာ ခြင်္သေ့၏ဦးခေါင်းနှင့် တူသည်။ ထို့ကြောင့် စိဂိရိယ (သို့) သီဟဂိရိဟု ဆိုခြင်းဖြစ်ဟန်တူသည်။ လေ့လာသူများ လွယ်ကူစွာ တက်ရောက်လေ့လာနိုင်စေရန် သံလှေခါးထစ်များ၊ ကြောင်လိန် လှေခါးများကို ခဲခဲရင်းရင်း တပ်ဆင်ပေးထားလေ၏။

စိဂိရိယအပါအ၀င် ရှေးဟောင်းနေရာများ၊ အဆောက်အဦများကို ယူနက်စကို (UNESO)မှ ထိန်းသိမ်းပေးထားသည်။ “ဒီလောက်မြင့်မားတဲ့ကျောက်တောင်ကြီးပေါ်ကို ဘယ်လိုလုပ်ပြီး နန်းတော် တည်ဆောက်ခဲ့တာလဲ” ဟူသော ဆွေးနွေးမှုက စိတ်ဝင်စားဖွယ် ခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့သည်။

ထိုကျောက်တောင်ကြီး၏ ထက်ဝက်ကျော်တွင် တွေ့ရသော အေဒီ (၆) ရာစုဝန်းကျင်က နံရံဆေးရေး အင်္ဂတေပန်းချီလက်ရာများမှာ လွန်စွာထူးခြားအံ့သြဖွယ်ရာကောင်းလှ၏။ အမျိုးသမီးများ၏ ခန္ဓာကိုယ်အလှများကို ကြက်သီးမွေးညှင်းထလောက်အောင် ဖော်ပြနိုင်စွမ်းရှိပေသည်။ လူပုံတူပန်းချီ ကားများ(၅၀၀)မျှ ရှိခဲ့သည်ဟု ရှေးမှတ်တမ်းများက ဆိုကြသည်။ ယခုအခါ (၂၁)ပုံသာ တွေ့ရတော့သည်။

ထိုပန်းချီများနှင့် သီရိလင်္ကာနိုင်ငံ၏ ရှေးဟောင်းဗိသုကာများအကြောင်းကို ကေလနိယ (Kelaniya) တက္ကသိုလ်မှ ပါမောက္ခများက သင်ကြားပို့ချပေးလေသည်။ တက္ကသိုလ်က စာတွေ့နှင့် ယခုလက်တွေ့ ပေါင်းစပ်လိုက်သောအခါ အသိဉာဏ်များက တောက်ပစွာ နေရာယူလာကြသည်။ အရသာလည်း ရှိလှ၏။ ထိုပန်းချီများနှင့် ဗိသုကာများမှာ မဟာယာနဗုဒ္ဓဘာသာနှင့် ဆက်နွှယ်နေ သည်။ ကျောက်တောင်ကြီးပေါ်မှ မြင်တွေ့ရသော သဘာဝအလှရှုခင်းများကလည်း ကြည့်လို့မ၀နိုင် လောက်အောင် ဆွဲဆောင်နေလေသည်။

ဒီဇင်ဘာ (၂၄) ရက်နေ့တွင် မဟီယင်္ဂဏမှ ရှေးဟောင်းဘုရားများ၊ အဆောက်အဦးများကို လေ့လာပြီးနောက် နုဝရအေလိယ (NuwaraEliya)အမည်ရှိ တောင်ပေါ်မြို့တစ်ခုကို ဆက်လက် ထွက်ခွာကြသည်။ တစ်လမ်းလုံး လက်ဖက်ခင်းများ၊ ထင်းရူးပင်များ၊ ရေတံခွန်များနှင့် လွန်စွာ လှပနေလေ၏။ မြို့ပေါ်ရောက်သောအခါ ပြင်းထန်လှသော အအေးဒဏ်က ဆီးကြိုနေလေ၏။ ဆီးနှင်းမြူခိုး၊ ထင်ရူးတောတန်းနှင့် အလှပန်းရှုခင်းများက ချင်းတောင်ပေါ်သာသနာပြုကြွစဉ်က နေ့ရက်များကို ပြန်လည်ပုံဖော်ပေးနေကြသည်။ နုဝရအေလိယမြို့တွင် အေဒီ (၁၈၅၂) နှစ်က တည်ထောင်ခဲ့သော သီရိလင်္ကာနိုင်ငံ၏ အစဦးဆုံး ချပ်ကျောင်းကြီး (Holy Trinity Church) ကိုလည်း တွေ့ရသည်။ ထိုချပ်ကျောင်းကြီးထဲတွင် ရှေးအကျဆုံး စန္ဒယားကြီးတစ်ခုကိုလည်း တွေ့ခဲ့ရသည်။

ချပ်ကျောင်းထဲမှ ခရစ်ယာန်ဘုန်းတော်ကြီးများနှင့် တွေ့ဆုံမေးမြန်းပြီးနောက် မလ်လေစနတီး ကတ်စတယ် (Mlesna Tea Castle, St Chair)အမည်ရှိ လက်ဖက်ထုတ်လုပ်ဖြန့်ချီနေသော ဆိုင်ကြီး တစ်ခုကို လေ့လာကြသည်။ ရိုးရာဝတ်စုံများ ၀တ်ဆင်ထားသော ဆင်ဟာလီလှပျိုဖြူများက လက်ဖက် အမျိုးမျိုး၏အရသာများကို သေသေချာချာရှင်းပြပြီး လက်ဖက်ရည်များကိုလည်း တစ်မျိုးပြီးတစ်မျိုး လက်တွေ့မြည်းစမ်းခွင့်ပေးလေ၏။

လက်ဖက်ကို လွန်ခဲ့သော ဘီစီ (၂၇၃၇) ခုနှစ်က တရုတ်ပြည်တွင် စတင်တွေ့ရှိခဲ့ပြီး အေဒီ (၁၈၆၇) ခုနှစ်တွင် စကော့တလန်လူမျိုး ဂျိန်းတေလာ(James Taylor)က သီရိလင်္ကာနိုင်ငံသို့ စတင်မိတ်ဆက်ပေးခဲ့သည်။ ယခုအခါ သီရိလင်္ကာနိုင်ငံသည် ကမ္ဘာပေါ်တွင် စံချိန်အမြင့်ဆုံး လက်ဖက်ထုတ်လုပ်နိုင်သော နိုင်ငံတစ်ခုဖြစ်နေသည်။

၂၅ ရက်နေ့တွင် လက်ဖက်ထုတ်လုပ်မှုများကို လေ့လာပြီးနောက် နောက်ဆုံးခရီးစဉ်အဖြစ် စရီပါဒ(သီရိပါဒ)တောင်သို့ ဆက်လက်ထွက်ခွာကြသည်။ သီရိဟူသည် မြင့်မြတ်သော၊ ကျက်သရေ ရှိသောဟု အဓိပ္ပါယ်ရသည်။ ပါဒဟူသည် ခြေတော်ရာကို ဆိုလိုခြင်းဖြစ်သည်။ ဘုရားရှင်သည် သီရိလင်္ကာနိုင်ငံ (ရှေးအခေါ် သ်ီဟိုဠ်ကျွန်း)သို့ သုံးကြိမ်ကြွတော်မူခဲ့ရာ တတိယအကြိမ်မြောက်တွင် သုမနနတ်မင်း၏ တောင်းပန်မှုကြောင့် ထိုတောင်ထိပ်ပေါ်တွင် ၀ဲဘက်ခြေတော်ရာကို  ချတော်မူခဲ့သည်။ စရီပါဒတောင်သည် ပေပေါင်း (၇၆၃၀) မြင့်လေ၏။ မြို့တော်ကိုလံဘိုနှင့် မိုင် (၁၃၆) ဝေးသည်။

နံနက်အရုဏ်တက်သောအခါ နေမင်းကြီးက (၁၅) မိနစ်ခန့် ငုတ်ချည်ပေါ်ချည်ဖြင့် ဦးသုံးကြိမ် တိုက်ပြီးမှ ထွက်လာသည်ဟု ဆိုကြသည်။ နေမင်းကြီး၏ ထူးခြားမှုကို ကြည့်ရှုနိုင်ဖို့ရန် ရင်ပြင်ပေါ်တွင် တစ်ညလုံး အချမ်းခံပြီး စောင့်နေသူများကို တွေ့ရသည်။ စရီပါဒတောင်၏ အနောက်ဘက်တွင် တောင်ခြေမှ ထိုးထွက်နေသော မှောင်ရိပ်ကြီးမှာ မိုင် (၆၀)၊ (၇၀) ခန့်ရှိလေ၏။ ထိုအရိပ်ကြီးမှာ အချိန်မရွေး ထိုအတိုင်းဖြစ်နေသည်မှာ အံ့သြဖွယ်ရာကောင်းလှ၏။

ပို၍ အံ့သြဖို့ကောင်းသည်မှာ ဘာသာကြီးလေးခုလုံးက လာရောက်အရိုအသေပေးခံရခြင်း ဖြစ်သည်။ ခရစ်ယာန်များက ဤတောင်ထိပ်မှအထက် မိုင်(၄၀)တွင် ကောင်းကင်ဘုံရှိသည်ဟု ယုံကြည်ကြသည်။ (လေယာဉ်များဖြင့် မိုင်(၄၀)အထိ ပျံသန်းပြီး သေချာရှာဖွေဖို့ တိုက်တွန်းလျင် ကောင်းမလားဟု အတွေးပေါက်မိသည်။)

ဟိန္ဒူဘာသာဝင်များက ရာမဘုရား၏ခြေရာဟုလည်းကောင်း၊ အစ္စလာမ်ဘာသာင်များက အာဒံ၏ခြေရာဟုလည်းကောင်း အသီးသီးယုံကြည်ကြသည်။ ကိုလိုနီခေတ်က ထိုခြေရာကို အကြောင်းပြုပြီး ပြဿနာများရှိခဲ့ဘူးသည်။ ကိုလိုနီအုပ်ချုပ်စဉ်က သီရိလင်္ကာနိုင်ငံမှ ဗုဒ္ဓဘာသာခေါင်းဆောင် များက ထိုခြေတော်ရာကို ဗုဒ္ဓဘာသာများပိုင်ဆိုင်ခွင့်ရရန် ဗြိတိသျှဘုရင်မကြီးထံ မေတ္တာရပ်ခံပြီး နည်းမျိုးမျိုးဖြင့် ကြိုးစားခဲ့ကြသည်။ ထိုကြိုးစားမှု၏အောင်ပွဲအဖြစ် ယခုအခါ ဗုဒ္ဓဘာသာဘုန်းတော် ကြီးများက ထိန်းသိမ်းထားနိုင်ကြလေ၏။ 

၂၆ ရက်နေ့တွင် ခရီးစဉ်ပြီးဆုံးသွားသည်။ ခရီးစဉ်ပြီးဆုံးသောကြောင့် ကိုလံဘိုမြို့၊ မကုဋာရာမမြန်မာကျောင်းသို့ ပြန်ခဲ့ကြသည်။ မိမိတို့အချင်းချင်းလည်း တွေ့ကြုံမှုများကို အခြေခံကာ သီရိလင်္ကာနိုင်ငံ၏ နောက်ခံသမိုင်းကြောင်းများကို ငြင်းခုံဆွေးနွေးဖြစ်ကြသည်။ သီရိလင်္ကာနိုင်ငံ၏ ဗုဒ္ဓဘာသာသမိုင်းလမ်းကြောင်းသည် ဖြောင့်၊ ကောက်၊ နိမ့်၊ မြင့်၊ တက်၊ ကျများဖြင့် ယနေ့မြင်တွေ့နေရသည့် တည်ငြိမ်မှုပန်းတိုင်ဆီသို့ မချိမဆံ့အားမာန်တွေတင်းကာ ချီတက်ခဲ့ကြရခြင်း ဖြစ်သည်။ အတိက်သည် အတိက်မှာပဲ ကျန်ခဲ့လေပြီ။ သို့သော် အတိတ်၏ ပုံရိပ်များက ပစ္စုပ္ပန်တွင် ရောင်ပြန်ဟပ်နေဆဲပင်။ ထိုရောင်ပြန်များသည် နှစ်ပရိစ္ဆေဒ အလွန့်အလွန် ကြာညောင်းနေ၍လားမသိ၊ မှုန်ပျပျသာ ပေါ်လွင်လာကြသည်။ မှုန်ပျပျ ပုံရိပ်များကို အခြေခံပြီး အနာဂတ်ကို ပုံဖော်ရသည်မှာလည်း ဝေး၀ါးနေပြန်တော့၏။ အမှန်တကယ်အားဖြင့် အရာရာတိုင်းသည် ဖြစ်ပြီးလျှင် ပျက်ရမည်မှာ အမှန်ပင်။ မည်သူမှ ငြင်း၍မရ၊ လွန်ဆန်၍ မရပေ။

မိမိတို့သည် ယခုပစ္စုပ္ပန်တွင် တည်ရှိနေကြသည်။ သို့သော် အနာဂတ်ဟု သတ်မှတ်ထားသော ကာလတစ်ခုသို့ရောက်လျှင် ယခုပစ္စုပ္ပန်သည် အတိက်ဟူသော ကာလထဲသို့ တစ်ဖန် ရောက်သွားပေ လိမ့်ဦးမည်။ မိမိတို့ကားလေးသည် တစ်နေရာမှ တစ်နေရာသို့ မောင်းနှင်နေလေ၏။ ဖြတ်သန်းခဲ့သော ပုံရိပ်များသည် ဝေးဝေးသွားကာ မှုန်ပျပျသာ ကျန်နေခဲ့လေ၏။ မိမိတို့ကမူ အနာဂတ်ကို မျှော်လင့်ကာ ထပ်ကာထပ်ကာ သွားနေကြသည်။ လုပ်ကိုင်ဆောင်ရွက်နေကြသည်။ မိမိတို့မျှော်လင့်ထားသော အနာဂတ်သို့ ရောက်ပြီးသောအခါ ထိုအနာဂတ်သည်လည်း တစ်ဖန် အတိက်ပြန်ဖြစ်ဦးမည်မှာ မုချအမှန်ပေ။

ထို့ကြောင့်သေချာစဉ်းစားကြည့်လျင် မိမိတို့အားလုံးသည် အတိက်မှ ပစ္စုပ္ပန်၊ ပစ္စုပ္ပန်မှ အနာဂတ်၊ အနာဂတ်မှတစ်ဖန် အတိက်သို့ ခရီးစဉ်တွေ တစ်ခုပြီးတစ်ခု ဖြတ်သန်းသွားလာ နေကြသူများပါတကား……..ဟုခြင်ဆင်သုံးသပ်မိသည် အမှန်အားဖြင့် မိမိတို့အားလုံးသည် ကာလသုံးပါးကြား ခရီးသွားနေသူကြသူများပါတကား……………..။

အကိုး၊ History of Buddhism in Ceylon, Walpola Rahula,
Sacred Island, A Buddhist Pilgrim’s Guide to Sri Lanka, Ven. S.Dhammika
          Sri Lanka Pilgrim’s Guide, Buddhist Culture Centre
          Tourist Map of Sri Lanka, ABC Publication
          ကိုယ်တွေ့မှတ်တမ်းများ။
 
ကာလသုံးပါးကြား ခရီးသွားသူများ
နုဝလဧလိယမြို့၊ Holy Trinity Church ချပ်ကျောင်းမှ ရှေးအကျဆုံး စန္ဒယားကြီး      

James Taylor, the father of Ceylon tea   


   သီရိလင်္ကာနိုင်ငံတွင် လဘက်စတင်စိုက်ပျိုးထုတ်လုပ်စဉ်က ပုံရိပ်များ



Mlesna Tea Castle ပေါ်မှ ယနေ့မြင်တွေ့နိုင်သော စရီပါဒတောင်နှင့် တစ်ကမ္ဘာလုံးသို့ ဖြန့်ချီနေသော လဘက်ခင်းများ

Saturday, March 17, 2012

စပ်မိစပ်ရာ ဟာသများ (၈)


        စာရေးသူရဲ့ သူငယ်ချင်းဦးဇင်းလေး တစ်ပါးပါ။ သူအင်္ဂလိပ်စာကျက်ရင် ဘေးကလူတွေ တ၀ါး ၀ါးနဲ့ ဖြစ်နေပါတော့တယ်။ အဲဒါ သူ့ရဲ့ အင်မတန်တိကျမှန်ကန်တဲ့ အသံထွက်တွေကြောင့်ပါပဲ။ ဥပမာ =soldier (စစ်သား)ဆိုရင် သူက ဆိုးလဂျားတဲ့။ also ဆိုရင် အော်လည်းဆိုး၊ although ကို အော်လသိုးး၊ world ကိုတော့ ၀ါးလထစ်တဲ့။
          သူ့အကြောင်းပြချက်ကတော့ စာလုံးပေါင်း မှန်အောင်လို့ဆိုပဲ။ ရှက်ရမ်း ရမ်းတာထင်ပါရဲ့။

 
ဘာသာပြန် တိကျလိုက်ပုံက
          အင်္ဂလိပ်စာ လေ့လာခါစ ကိုယ်တော်လေးတစ်ပါးဆီ သူ့ရဲ့တူတွေ၊ တူမတွေ အလည်ရောက် လာပါတယ်။ သူတို့က ခြောက်တန်း၊ ခုနှစ်တန်းလောက်တွေ ထင်ပါတယ်။ သူတို့က “ဦးဇင်း..Human rights..ဆိုတာ ဘာလဲဟင်” မေးလိုက်ပါတယ်။ ဦးဇင်းလေးကလည်း ခဏစဉ်းစားပြီး “Human… ဆိုတာ လူ..လို့ ပြောတာ။ right က ညာဆိုတော့ လူညာပေါ့ကွ” တဲ့။  

   


အင်္ဂလိပ်အသံဆိုတာ ဖော့ထွက်ရတယ်
          စာရေးသူတို့ မန္တလေး၊ သာသနာ့တက္ကသိုလ်မှာ အင်္ဂလိပ်စာ သင်ခါစကပါ။ သင်ပေးတဲ့ဆရာက စတိက်ခုံပေါ်ကနေ “ကိုယ်တော်တို့ အင်္ဂလိပ်စာဆိုတာ ဖော့ထွက်ရတယ်။ အင်္ဂလိပ်လူမျိုးတွေက အသံကို လေးစေတဲ့ ငပိတွေကို မစားဘူး။ ဒါကြောင့် သူတို့က အသံကို လျှာဖျားလေးနဲ့တင် ဖွဖွလေး ထွက်တာ။”

ဥပမာ…လို့ဆိုပြီး မြေဖြူဘောပေါ်တွင် “F” ကို ရေးလိုက်ပါတယ်။ ပြီးမှ တပည့်တော်နဲ့ တူအောင် လိုက်ဆိုလို့ ပြောပြီး အက်ဖ်..အက်ဖ်နဲ့ ပါးစပ်ကလေးကို အသာပိတ်ပိတ်ဆိုပြပါတယ်။ ဆိုရင်းဆိုရင်းနဲ့ အမူအရာတွေ ပါလာပါတယ်။ ညာလက်ကလေးကို အသာမြောက်ပြီး ညာခြေထောက် ကလေးကိုလည်း အသာကွေးကွေးပြရင်း အက်..ဖ်၊ အက်..ဖ်..လို့ ဆိုပြပါတယ်။

သူဆိုပြတာကို ဘာမှ မကြားရပါဘူး။ ပါးစပ်ကလေးပိတ်ပိတ်ပြီး ခြေမြောက်၊ လက်မြောက်တာကိုပဲ မြင်မြင်နေရပါတယ်။ အချို့က အူတက်ကုန်ကြပါလေရော။ ဘေးက ကိုယ်တော်တစ်ပါးက “ကိုယ့်လူ.. ဒါကြောင့် အင်္ဂလိပ်တွေ စကားပြောရင် အမူအရာ တအားပါတာ..နေမှာနော်”လို့ ကောက်ချက်ချရင်း ထောက်ခံမှုကို တောင်းဆိုနေတော့ စာရေးသူလည်း “ဒို့တော့ အက်ဖစ် တစ်လုံးနဲ့ပဲ တစ်နှစ်လုံး ကုန်တော့မယ် ထင်ပါရဲ့” လို့ ပြောလိုက်ရာ ဘေးနားက တ၀ါးဝါး ဖြစ်ကုန်ပါတော့တယ်။
   

 
ဒို့အသံထွက်က အမှန်ဆုံး
    သီရိလင်္ကာနဲ့အိန္ဒိယမှာ ကျောင်းတက်နေတဲ့ မြန်မာရဟန်းတော်တွေ ရင်ဆိုင်ရတဲ့ ပြဿနာ တစ်ခုကတော့ အသံထွက်ကိစ္စပါပဲ။ 
ကုလားလူမျိုးတွေဟာ အစွဲအလမ်းကြီးသလား၊ မာနကြီးသလား မပြောတတ်ပါ။ သူတို့အသံထွက်တွေထဲမှာ စာရေးသူတို့ကြားဘူးထားတဲ့ အသံထွက်တွေနဲ့ လုံးဝကို ကွဲပြားနေတဲ့ စကားလုံးတွေ ရှိပါတယ်။ သူတို့ထွက်နေကျ အသံတွေကို အင်္ဂလန်၊ အမေရိကန်စတဲ့ မိခင်ဘာသာ အင်္ဂလိပ်စကားပြောနိုင်ငံကြီးတွေက ဆရာတွေကိုယ်တိုင် ပြင်ပေးလည်း မလိုက်နာ တဲ့သူက များပါတယ်။  
           
သရပါတဲ့အသံတွေဆိုရင် သူတို့က ယ-သံထည့်ပြီး ပြောလေ့ရှိပါတယ်။ ဥပမာ=အိုင် နိုး အဲဗရီးသင်း(I know everything.) ဆိုရင် ယိုင်နိုး ယဲဗရီးသင်းတဲ့။ အိတ်တီး(eighty)ဆိုရင် ယိတ်တီး တဲ့။ ရှစ်မိနစ်စောင့်ဆိုရင် ၀ိတ်-ယိတ်မိနစ် (wait eight)တဲ့။ တစ်နေရာသွားဖို့ တက္ကစီငှားရင် ၀စ်ချေး ရီးယား-၀စ်ချေးရီးယားနဲ့ မကြာခဏမေးတတ်ပါတယ်။ ရုတ်တရက် နားမလည်ပါဘူး။ နောက်မှ အော် Which area? လို့ မေးတာပါ့လားလို့ သဘောပေါက်လာပါတယ်။ only one ကို လုံးလီးဝမ်းတဲ့။ ရံခါ အုန်းနလီး ၀မ်းလို့လည်း ထွက်ပြန်ရော။ zero ကိုတော့ ဂျီးရိုးတဲ့။
          
 Active, have, love..စတဲ့ ve ဆုံးတဲ့စာလုံးတွေကို အဆုံးမှာ ဥ-ဆိုတဲ့အသံတွေနဲ့ အက်ဂျစ်တု၊ ဟပ်ဗ်ဥ၊ လဗ်ဥ…လို့ပဲ အမြဲထွက်ပါတယ်။
          နောက်ပြီး သူတို့က လင့်ကင်း(linking)(စကားလုံး-သို့-အသံ)တွေ တအားတွဲပြီး ပြောလေ့ရှိပါတယ်။ 
တစ်ခါက သီရိလင်္ကာနိုင်ငံ၊ ကေယနိယတက္ကသိုလ်မှာ ပါမောက္ခက အနောဒတ်တူ ဒစ်ဒကတ်ဒ်ရှင်း-လို့ ပြောလိုက်ရာ ဘယ်လိုမှ စဉ်းစားမရခဲ့ပါဘူး။ အဘိဓာန်ထဲ သဲကြီးမဲကြီးရှာသော်လည်း မတွေ့မိ။ တော်တော်ဦးနှောက်ခြောက်မိပါတယ်။ နားထောင်ပါများလာမှ In order to discussing လို့ ပြောတာပါ့လားဆိုပြီး နားလည်လာပါတော့တယ်။ 

Monday, March 5, 2012

စပ်မိစပ်ရာ ဟာသများ (၇)

ခဏလေး ပြောမှာပါ

လွန်ခဲ့တဲ့ (၁၀)နှစ်လောက်ကပါ။ လမ်းဘေးဖုန်းဆိုင်(P.C.O)တစ်ခုဆီသို့ တောနယ်က အရပ် ထောင်ထောင်မောင်းမောင်းနဲ့ လူကြီးတစ်ယောက် ရောက်လာပါတယ်။ ပုံစံက အတော်ရိုးအမယ့်ပုံပါ။ ဖျင်ကြမ်း ပုဆိုးကြီးကို ခေါင်းပေါင်းထားပြီး ခပ်နွမ်းနွမ်းလွယ်အိတ်တစ်လုံးကို လွယ်ထားပါတယ်။ ပါးစပ်ကလည်း ဦးဖိုးထိုက် ဆေးလိပ်မြီးတိုကြီး ခဲထားပါတယ်။

ခပ်လောလောနဲ့ ရောက်လာပြီး လွယ်အိတ်ထဲက ခပ်နွမ်းနွမ်းဗလာစာအုပ်ကို အမြန်ဖြဲလှန်ပြီး “ဟဲ့ ကလေးမ..ဒီဖုန်းကို ခေါ်ပေးစမ်းပါ” လို့ ပြောလိုက်ပါတယ်။ ဘေးက လူတွေကလည်း အသာ ကြည့်နေရင်း ဖုန်းပြောနေပါတယ်။ သူတို့က မတိုးအကျယ်အသံတွေနဲ့ ပြောနေတာပါ။

ဆိုင်ကောင်မလေးက “ ဦးကြီး ဖုန်းက မအားသေးဘူး…လို့ ပြောနေတယ်” ဆိုပြီး ဖုန်းပြန်ချမယ်လုပ်ခိုက် ထိုလူကြီးက ကောင်မလေးလက်ထဲက ဖုန်းကို ဆတ်ကနဲ ဆွဲယူပြီး နားထောင် လိုက်ရာ ဖုန်းထဲက “လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ မအားသေးပါရှင်” ဆိုတဲ့ အသံကိုလည်း ကြားရော သူက ချက်ချင်းပဲ အသံကျယ်ကျယ်နဲ့ “အေး…မအားသေးလဲ ခဏလေးပြောမှာပါလို့ ပြောလိုက်စမ်းပါ” လို့ အော်ပြောလိုက်ရာ ဘေးက လူများ တ၀ါးဝါးဖြစ်ကုန်ပါတော့တယ်။


ကိုကို မဟုတ်ဘူး၊ မောင်မောင် မောင်မောင်

စာရေးသူ ငယ်စဉ်က စာသင်ခဲ့တဲ့ စာသင်တိုက်ကြီးတစ်ခုမှာပါ။ တိုက်အုပ်ဆရာတော်ကြီးက အင်မတန်သီလ၊ သမာဓိ၊ သိက္ခာကြီးမားတော်မူပါတယ်။ ခေတ်အသုံးအဆောင်ဆိုလို့ ဖုန်းတစ်လုံးပဲ သူဘေးမှာ ရှိတာပါ။ အချိန်ရှိသရွေ့ စာပေပို့ချလိုက်၊ စာဖတ်လိုက်နဲ့ပဲ နေနေတာပါ။

တစ်နေ့ စာဝါချခိုက် ဖုန်းဝင်လာရာ ကောက်ကိုင်ပြီး “အဟမ်း..ပြော” လို့ တုန့်ပြန်လိုက်ပါတယ်။ ဖုန်းကြိုးက အပေါ်နဲ့အောက် လွဲနေတော့ တစ်ဖက်က အသံကို ရှင်းရှင်းမကြားရပါဘူး။ ဆရာတော်ကြီးက “ဘယ်ကောင်တွေလဲ မသိဘူး။ ငြိမ်ငြိမ်မနေဘူး။ အားအားရှိ ဖုန်းပဲကလိနေတယ်။ ဘုန်းကြီးမှန်းသိလို့ ရှင်းအောင်လည်း မပြောရဲဘူး…”လို့ ပြောပြီး ဖုန်းကို ပြန်ချလိုက်ပါတယ်။ စာရေးသူတို့လည်း ရယ်ချင်စိတ်ကို အောင့်ထားရပါတယ်။ ဆရာတော်ကြီးကို ရှိန်နေတာဆိုတော့ မရယ်ရဲပါဘူး။

နောက်တစ်ခါ ဖုန်းဝင်လာပြန်ပါတယ်။ ဆရာတော်ကြီးက ဆတ်ကနဲ ကောက်ကိုင်ပြီး နားနဲ့ ကပ်လိုက်ပါတယ်။ ဒီတစ်ခါ ဖုန်းကြိုးက အထက်အောက် တည့်ပါတယ်။ နားနဲ့ကပ်ခိုက် တစ်ဖက်က “ဟလို ကိုကိုလား” တဲ့။ ဆရာတော်ကြီးက ရှုးရှုးရှဲရှဲဖြစ်သွားကာ “ကိုကို မဟုတ်ဘူး၊ မောင်မောင်..မောင်မောင်” လို့ ဒေါသတကြီးအော်ပြီး ခွမ်းကနဲ ဖုန်းကို ပစ်ချလိုက်ပါတော့တယ်။