မူလစာမျက်နှာ၊ ကဗျာ၊ဟာသ၊ ၀တ္ထု၊ ဆောင်းပါး၊ ခရီးသွား၊ ခံစားမှု၊ ဘာသာပြန်

Thursday, November 24, 2011

စပ်မိစပ်ရာ ဟာသများ(၂)


သက်သေပြလိုက်ပုံက
တစ်ခါက ပဋ္ဌာန်းပွဲတစ်ခုမှာပါ။ ပဋ္ဌာန်းအော်ရွတ်ရတဲ့အရှိန်နဲ့ ညရောက်တော့ ဗိုက်ဆာလာပါတယ်။ ဒကာမတစ်ယောက်က ဂျင်းသုပ်လာကပ်ရာ ခပ်၀၀ ကိုယ်တော်တစ်ပါးက ၀မ်းသာအားရနဲ့ “ဒို့ကတော့ ပွင့်ပွင့်လင်းလင်းပဲ၊ ဗိုက်ဆာနေတာနဲ့ အတော်ပဲ၊ ဟန်မဆောင်နိုင်ဘူး၊ ကဲ ကပ်စမ်းလို့ပြောရင်း ရှေ့ကုန်းပြီး လှမ်းယူလိုက်စဉ် သူ့ဖင်က “ဘူ”ကနဲ ခပ်ကျယ်ကျယ် အသံထွက်သွားပါတယ်။

ဘေးက ကိုယ်တော်တစ်ပါးက “ပွင့်လင်းမှု အားကြီးလွန်းလှပါတယ်…ဘုရား” ဆိုပြီး မျက်နှာရွံ့မဲ့မဲ့နဲ့ အရွမ်းဖောက်လိုက်ရာ ဝေါကနဲ ပွဲကျကုန်ပါတော့တယ်။


စာမတတ် လမ်းမှာဖတ်
တစ်ခါတုန်းက ရွာက ကိုရင်များကို မြို့ပေါ်စာသင်ဖို့ ခေါ်လာခဲ့ပါတယ်။ စာမတတ်ရင် လမ်းမှာဖတ်လို့ သူတို့နားလည်အောင်လည်း ရှင်းပြထားမိပါတယ်။ သူတို့ကို လမ်းတွေ မှတ်မိစေရန်၊ အပျင်းပြေစေရန် ဟိုဟိုဒီဒီ လျှောက်ပြလိုက်ပါတယ်။ တောက ရောက်လာခါစ ကိုရင်ငယ်တွေဆိုတော့ သူတို့အပြုအမူတွေက အတော့်ကို မျက်စိမွေးစူးစရာပါပဲ။ လမ်းမှာတွေ့တဲ့ ကား၊ ယာဉ်စတာတွေကို အော်ကြီးဟစ်ကျယ်နဲ့ လက်ညှိုးတွေ ထိုးထိုးပြီး ပြောလား၊ ဆိုလားနဲ့ပေါ့။

တစ်နေရာအရောက် လမ်းဘေးဆိုင်းပုဒ်ကို ကြည့်ပြီး“ယာဥများ မရပ်ရ” ဆိုတာ ဘာလဲ.. ကိုရင်ကြီးလို့ မိမိကို အော်မေးလိုက်ရာ လမ်းဘေးက လူများက ၀ါးကနဲ ဖြစ်သွားကြပါတယ်။ လှည့်ကြည့်လိုက်တော့ ယာဉ်များ မရပ်ရလို့ ရေးထားတာပါ။ “ဉ” အထက်က သင်္ဘောဆေးနဲ့ ရေးထားတဲ့ အသတ်က ပြုတ်နေတော့ သူတို့ ဖတ်တာက အမှန်ပါပဲ။

တစ်ခါ သူတို့အချင်းချင်း တစ်နေရာကို လက်ညှိုးထိုးပြီး “ဟာ ဟိုမှာ၊ ဂါရ၀” တဲ့။ သေချာကြည့်လိုက်တော့ သိန်း ၈၇၀ လို့ ဘောမှာ မြေဖြူနဲ့ ရေးထားတဲ့ ထီပေါက်ကြော်ငြာ ဖြစ်နေပါတော့တယ်။

နောက်တစ်နေရာရောက်မှ ပိုဆိုးပါလေရော။ “ဟေး၊ လိဥ ၅ လုံး တစ်ကျပ်တဲ့ကွ”။

လိပ်ဥတွင် “ပ်” ကို တမင်ပဲ လက်ဆော့ပြီး ဖျက်ထားတာလား၊ ဘာလားဆိုတာကို မတွေးတတ်တော့ပါဘူး။




ကလောင်စွမ်းထက်လိုက်ပါဘိ
လွန်ခဲ့တဲ့ နှစ်(၃၀)၀န်းကျင်လောက်ပေါ့။ ကိုယ်တော်တစ်ပါး ပခုက္ကူမြို့က နာမည်ကြီး စာသင်တိုက်ကြီးဆီကို စာသင်ဖို့ ကားနဲ့ သွားပါတယ်။ ကားမထွက်ခင်လေးမှာပဲ သူ့ရဟန်းဒကာမက ကပျာကယာပြေးလိုက်လာပြီး ဈေးထဲက ခြင်ထောင်တစ်လုံးကို ကမန်းကတမ်း လှူလိုက်ပါတယ်။ ဟိုရောက်တော့ အံကိုက်ပါပဲ။ အိုက်ကအိုက်၊ ခြင်ကကိုက်ဆိုတော့။

ကိုယ်တော်က ကျေးဇူးတင်လွန်းအားကြီးပြီး ချက်ချင်းသူ့ရဟန်းအမဆီကို စာပြန်လိုက်ပါတယ်။ “ဒကာမကြီးကို ဦးဇင်း တအားကျေးဇူးတင်မိတာပဲ၊ ညည ခြင်ထောင်လေးကို မြင်တိုင်း ဒကာမကြီးကို သတိရနေတာ……”။

စာက မဆုံးသေးပါဘူး။ ဒကာကြီးနဲ့ ဒကာမကြီးက နောင်ချိန် ချပါလေရောဗျာ….။

စကားပြောနည်း နိဿရည်း
ကိုယ်တော်လေးတစ်ပါး။ စာတော်တယ်။ အေးဆေးတယ်။ စကားပြောရမှာတော့ ၀န်လေးတယ်။ ပြောစလည်း သိပ်မရှိတော့ အေးအေးပဲ နေတာများနေတယ်။

တစ်နေ့ သူ့ဆရာတော်ကြီးက ကိုယ့်ဒကာ/မတွေကို စကားလေး၊ ဘာလေး ပြောပေးရတယ်လို့ ဆုံးမ။ ဘယ်က စပြောရမှန်း မသိဘူးဘုရားလို့ သူကလျှောက်။ ဆရာတော်ကြီးက မြင်ရာ စပြော၊ စမေးလိုက်ပေါ့တဲ့။

ကိုယ်တော်လေးလည်း ဆွမ်းခံသွားရာ အိမ်တစ်အိမ်ရောက်တော့ ဒကာမတစ်ယောက်ကို သူမြင်ရာ မေးလိုက်ပုံက “ဒကာမကြီး၊ ဗိုက်ကြီးနေတာ ဘယ်လောက် ကြာပြီလဲ” တဲ့။ တစ်ခါမှ စကားမပြောဘူးတဲ့ ကိုယ်တော်လေးရဲ့ ပွဲဦးထွက် နုတ်ခွန်းဆက်ကြောင့် ဒကာမခမျာ မျက်လုံးမျက်ဆန်ပြူးပြီး ပါးစပ်ဟကာ ဘာမှ မပြောနိုင်ဘဲ မင်သက်မိသွားပါတော့တယ်။



မိုးကိုယ်တော်
တစ်ခါက စာသင်တိုက်ကြီးတစ်တိုက်မှာ ခပ်ရိုးရိုးကုတ်ကုတ်နဲ့ စာကြိုးစားနေတဲ့ ကိုယ်တော်လေးတစ်ပါးပေါ့။ သူက စာပဲ ဖိကြိုးစားနေတော့ လူနဲ့သူနဲ့ စကားမပြောမိတာ များလာတယ်။ ကြာတော့ လူတောထဲ စကားမပြောဝံ့၊ မပြောတတ်သလို ဖြစ်လာပါတယ်။ ဘယ်ကစလို့ ဘယ်လို ပြောရမှန်းမသိ၊ သူ့ခမျာ အခက်တွေ့နေပါတော့တယ်။ ကျောင်းတိုက်ဆရာတော်ကြီးက တစ်ညမှာ သူ့ကိုယ်တွေ့များနဲ့ ယှဉ်ပြီး သြ၀ါဒပေးပါတယ်။ “စကားလုံးလုံး မပြောရင်လည်း မကောင်းကြောင်း၊ ဒကာ/မနဲ့ ဆက်ဆံတဲ့အခါ အလိုက်သင့် ပြောတတ်၊ ဆိုတတ်အောင် လုပ်ထားကြဖို့၊ ဘယ်က စပြောရမှန်းမသိရင် လွယ်ပါတယ်၊ တွေ့တွေ့ချင်း “ဒကာကြီး၊ နေကောင်းလား၊ ခင်များတို့ရွာ မိုးရွာလား” လို့ နုတ်ဆက်ပြောဆိုလိုက်ပေါ့တဲ့။”

စကားပြောရမှာ တွန့်နေတဲ့ ကိုယ်တော်လေးက သူ့ရွာလည်း ပြန်သွားရော တွေ့သမျှကို “ခင်များတို့ရွာ မိုးရွာလား”ချည်းမေးနေရာ ကြာတော့ ရွာသားများက နှာခေါင်းရွံ့ပြီး “မရွာဘူး…မိုးကိုယ်တော်၊ မိုးနတ်သားနဲ့ ခင်ရင်လည်း အကြောင်းကြားပေးတော်မူပါဦး…မိုးကိုယ်တော်”လို့စလိုက်ရာ မိုးကိုယ်တော်ခမျာ စိတ်ညစ်ညစ်နဲ့ မိုးကိုပဲ ခဏခဏ မျှော်ကြည့်နေပါတော့တယ်….။ ညရောက်တော့ ရွာထဲက စန္ဒယားလှထွတ်ရဲ့ “တိမ်တမန်” သီချင်းသံကြောင့် မိုးကိုယ်တော်လေးက ခေါင်းတဆတ်ဆတ် ညိမ့်နေပါတော့တယ်။










Tuesday, November 15, 2011

စပ်မိစပ်ရာ ဟာသများ(၁)


တွေ့ကြုံခဲ့တယ်…စာသင်သားဘ၀ ကသောင်းကနင်းများ။
ကြားခဲ့ရတယ်…ဗရုတ်သုက္ခဇာတ်လမ်းများ…။
မြင်ခဲ့၊ ဖတ်ခဲ့ရတယ်…ကမောက်ကမဖြစ်ရပ်များ…။
ရယ်ချင်မိခဲ့တယ်…အစီအငေါ မတည့်မှုများ….။
အဲဒါတွေ ပေါင်းလိုက်တော့ စပ်မိစပ်ရာ ဟာသများဖြစ်သွားတယ်။ ကဲ..စပ်..မစပ်.. အကဲဖြတ်တော်မူ ကြပါကုန်…..။


ကြယ်တွေ..လတွေ စုံသောညမှာ
လွန်ခဲ့တဲ့နှစ်(၂၀)ကျော်က ညမိုက်ညတစ်ညပေါ့။ လမိုက်ညဆိုရင် ဘာလို့ ကြယ်တွေ၊ လတွေ စုံရမှာလဲ…လို့ အသင် စောဒနာငြားအံ့။ သောဓနာပါ့မယ်..။

စာရေးသူတို့ ရွာဦးကျောင်းဘေးက စာသင်ကျောင်းမှာ ၄-တန်းကျောင်းသား၊ သူများကို ညည အပိုချိန်ခေါ်ပြီး စာသင်ပေးနေပါတယ်။ သင်တဲ့ဆရာက အရိုက်ကြမ်းတဲ့နေရာမှာ စိန်ဗေဒါနဲ့ နင်လား ငါလားပါပဲ။ ကြမ်းလွန်းလို့ နောက်ပိုင်းတော့ တစ်ရွာလုံးနဲ့ တစ်ယောက်ဖြစ်ပြီး ဥက္ကဋ္ဌတွေ၊ လူကြီးတွေနဲ့ အကြီးအကျယ် ပြဿနာတက်ပြီး လက်မှတ်ထိုးယူရတဲ့အဆင့်ထိ ရောက်သွားပါတယ်။

ဘုန်းကြီးကျောင်းသားလေးယောက်က တစ်ည ညီလာခံ ကျင်းပပါတယ်။ စည်းဝေးပွဲဆုံးဖြတ်ချက်က “ဒီည ၄-တန်းကျောင်းဆင်းရင် သူတို့သဘောကျနေတဲ့ ကောင်မလေးကို အမှောင်ထဲကနေချောင်းပြီး ဖက်နမ်းကြ စတမ်းတဲ့။” ဧရာမမန်ကြီးပင်ကြီးတစ်ပင်ကိုကွယ်ကာ ကျောင်းဆင်းကို စောင့်မျှော်နေပါတယ်။ လာပါပြီ။ အဖြူရောင်ဝတ်စုံလေးနဲ့။ ဖြေလှမ်းမှန်မှန်လှမ်းလို့။ ဖျတ်…ဖျတ်….ဖျတ်..နဲ့။ မန်ကြီးပင်နားအရောက် ဘုန်းကြီး ကျောင်းသားများက တစ်ပြိုင်နက် ၀ိုင်းဖက်နမ်းလိုက်ပါတယ်။ အဲဒီညက သူတို့လေးယောက် ကြယ်တွေ၊ လတွေ အစုံမြင်လိုက်ရတယ်ဆိုပဲ…။ ရှင်းချက်က သူတို့ဖက်နမ်းလိုက်တာဟာ ကောင်မလေးမဟုတ်ဘဲ အရိုက်အကြမ်းဆုံးဆရာ ဖြစ်နေလို့တဲ့……။

သတင်းထူး
စာသင်တိုက်ကြီးတစ်တိုက်က။ ကိုယ်တော်တစ်ပါး။ အကြွား သိပ်သန်။ လူစုံတာနဲ့ ဆီလိုအပေါက်ရှာပြီး ကြွားတတ်သူ။ တစ်နေ့ သူက ပြောတယ်။ “ကိုယ့်လူတို့ကို ကြုံတုန်းသတင်းထူးပြောရဦးမယ်..။ လမ်းမှာ ခွေးနှစ်ကောင်ကိုက်တာ၊ တပည့်တော်က ခေါက်ဆွဲစားရင်း ကြည့်နေမိတာ။ ကြေးအိုးဆီချက်ခေါက်ဆွဲတစ်ပွဲနဲ့ ရှယ်လဘက်ရည်တစ်ခွက်သောက်ရင်း…”

စကားစပြတ်သွား။ ဘေးကိုယ်တော်တစ်ပါးရဲ့ ကြားဖြတ်စစ်ဆင်ရေးကြောင့်။ “ထွီ…ကြွားစရာမရှိရင် ဖင်လှန်ပြပြီး ကြွားမယ့်ကောင်….”တဲ့။ ကြွားတဲ့ကိုယ်တော် မျက်နှာဇီးရွက်လောက်ပဲကျန်။ ဘေးကိုယ်တော်များ ၀ါးကနဲပွဲကျသွား တဟားဟားနဲ့ပါပဲ..။

ဗြူတီဖူးဆိုတာ ဟင်းကောင်းတာ
စာရေးသူနဲ့အတူနေတဲ့ သီရိလင်္ကာကိုယ်တော်တစ်ပါး။ အင်္ဂလိပ်က မရဘူး။ တစ်မနက်ပေါ့ စာရေးသူကို Broken English နဲ့ ဆင်ဟာလီစကားညှပ်မေးတယ်။ “ကျန်ဒါစီရိ! ဒန်ဆာလ… ဘရိတ်ဖတ်စ်..ဗြူတီဖူး? (စန္ဒာသီရိ..ဆွမ်းစားကျောင်းမှာ နံနက်စာ ဟင်းကောင်းလား?..)

စာရေးသူလည်း ဗြူတီဖူးကို လှတာလောက်ပဲ သိတော့ “No, Beautiful” လို့ ဖြေလိုက်တယ်။ သူလည်း ဆွမ်းငတ်ပါလေရော။ သူ့ကို ဗြူတီဖူးလို့ မပြောရကောင်းလားဆိုပြီး စာရေးသူနဲ့ စကားများပါလေရော။

သြော်..ဗြူတီဖူးဆိုတာ ဟင်းကောင်းတာကိုလည်း ပြောလို့ရပါလား…လို့ ကောက်ချက်ဆွဲနေမိတယ်။


စွဲမိပါသော...ခင်ရယ်....
အညာဒေသ အသက်(၉၀)ကျော် တောရွာတစ်ရွာက ဆရာတော်ကြီးတစ်ပါး။ တစ်နေ့ ပစ္စည်းတွေ ရှင်းခိုက် ပလပ်စတစ်နဲ့ အထပ်ထပ်ပတ်ပြီး သိမ်းထားတဲ့ ဆပ်ပြာအဟောင်း တစ်ခဲတွေ့။ ဖြည်ကြည့်လိုက်ရာ …ဆပ်ပြာခဲမှာ ကပ်ထားတဲ့ စာရွက်လေးပေါ်က စာလေးတစ်ကြောင်းကြောင့် “ဟိုက်...သေပါလေရော။ ငါသေချင်တယ်”ဟု ဆရာတော်ကြီးမိန့်။ စာက “ကိုရင့်ကို ချစ်တယ်တဲ့”

ရှင်းချက်တောင်းတော့…“ငါငယ်ငယ်က စွဲလမ်းခဲ့တဲ့ကောင်းမလေးက ပေး(လှူ)တာ၊ သူ့ကို စွဲလန်းလွန်းလို့ မသုံးရက်ဘဲ သိမ်းထားမိတာ ခုတော့ မဟာအမှားကြီးပါတကား”..တဲ့။

ထိုစဉ် တိုက်ဆိုင်စွာပဲ..ရွာထဲအသံချဲ့စက်က မြန်မာပြည်သိန်းတန်ဆိုထားတဲ့ ပြည်သန်းနွယ်ရဲ့သီချင်း “ချစ်ဒုက္ခ” ကို ဖွင့်လိုက်ရာ “စွဲလန်းလို့ သေမှာ ခင်ရယ်…” အပိုဒ်လည်းရောက်ရော ဆရာတော်ကြီးက ဆပ်ပြာခဲလေးကို နာနာဆုပ်ထားပါတော့တယ်…။







Monday, November 7, 2011

အနာဂတ်သာသနာ

အထက်အညာဒေသ ဧရာဝတီမြစ်ဘေးတွင် ရွာလေးတစ်ရွာရှိ၏။ နာမည်လေးက ရွာသာယာ။ တကယ့်လက်တွေ့တွင် မသာယာပေ။ ရွာသာယာသည် ရှေးအခါက နာမည်နှင့်လိုက်ဖက်စွာ အလှူပေးသံများ၊ အမျှဝေသံများ၊ ကြေးစည်သံများဖြင့် တကယ်သာယာခဲ့သည်။ အေးချမ်းခဲ့သည်။ သာယာစည်ကားခဲ့သည်။

ယခုတော့ နိုင်ငံတစ်ခုလုံး သူ့ကျွန်ဘ၀ကျရောက်နေချိန်မို့ အားလုံး ကျီးလန့်စာစား ဖြစ်နေကြ၏။ စစ်ဖိနပ်သံ၊ မြင်းခွာသံ၊ ဘင်ခရာသံ၊ မကျေနပ်သံ စသည်များက ငြိမ်းချမ်းရေးသံစဉ်များကို အနိုင်ယူထားကြသည်။

ရွာဦးကျောင်းတွင်လည်း ကျောင်းသားမရှိ၊ ကိုရင်မရှိဖြစ်နေသည်။ ဆရာတော် ဦးဝိသုဒ္ဓအဖို့လည်း အနာဂတ် သာသနာရေးအတွက် တွေးမိတိုင်း ရတက်မအေး ဖြစ်နေမိသည်။ ဆရာတော်သည် လောကဓံကို တရားသဘောဖြင့် ဆင်ခြင်ကာ အခက်အခဲ အမျိုးမျိုးကြားမှပင် အနာဂတ်သာာသနာတော်အတွက် မျိုးဆက်သစ် ရဟန်းတော်တစ်ပါး မွေးထုတ်ပေးနိုင်ခဲ့သည်။

ဆရာတော်မွေးထုတ်ပေးခဲ့သော မျိုးဆက်သစ် ရဟန်းတော်၏ ဘွဲ့တော်မှာ ဦးဥတ္တရ ဖြစ်သည်။ ဦးပဉ္စင်း ဦးဥတ္တရသည် ဉာဏ်ကောင်းသည်။ ၀ိနည်းလည်း လေးစားသည်။ ဦးဥတ္တရသည် ပခုက္ကူမြို့၊ မဟာ ၀ိသုတာရာမကျောင်းတိုက်ကြီးမှ နာမည်ကြီးလှသော ဆရာတော်ဦးဂန္ထသာရစသော ဆရာတော်ကြီးများ ထံတွင် ရိုသေကျိုးနွံစွာဖြင့် ပိဋကတ်စာပေများကိုလည်း စနစ်တကျလေ့လာခဲ့သည်။ ဆရာတော်ကြီးများက ပိဋကတ်ပင်လယ်ပြင်ကို ကူးခတ်နိုင်သော ညဏ်ပညာ လှော်တက်ကိုလည်း ပေးခဲ့၏။ သံသရာတစ်ဖက်ကမ်းကို ငြိမ်းချမ်းစွာ ဖြတ်သန်း နိုင်စေရန် ၀ိနည်းကျင့်ထုံးများကိုလည်း အခြေခံကျကျ သင်ပြပေးခဲ့သည်။

ဦးပဉ္စင်းဦးဥတ္တရသည် စာပေကျမ်းဂန်လည်း တတ်မြောက်ခဲ့ပြီ။ ဆယ်ဝါလည်း ပြည့်ပြီ။ ငယ်ဆရာတော်လည်း မရှိတော့ပြီမို့ ကျောင်းထိုင်ဆရာတော်ကြီးတစ်ပါး ဖြစ်လာလေ၏။ ရပ်ရွာပေါ်မှာလည်း သြဇာညောင်းသည်။ ဆရာတော် ဦးဥတ္တရသည် အနာဂတ်သာသနာတော်အကျိုးမျှော်ကိုးကာ သာသနာပြုလုပ်ငန်းများကို ပြင်ဆင် နေသည်။

ထိုအခိုက်မှာပင် တိုင်းပြည်က မငြိမ်မသက်ဖြစ်လာလေသည်။ ရောင်စုံသူပုန်များ၏ ဘေးရန်ကြောင့် ရွာသာယာလည်း တစ်ဖန်မသာမယာ ဖြစ်လာပြန်သည်။ ဆရာတော်လည်း သာသနာပြုလုပ်ငန်းများကို အေးချမ်းစွာဖြင့် မဆောင်ရွက်နိုင် တော့ပေ။ ရွာသာယာအဖို့တော့ ပျဉ်းမငုတ်တိုကဲ့သို့ စစ်ကိုလည်းခံ၊ ခြအုံလည်းဖြစ်၊ ဓားထစ်လည်းခံဘ၀ဖြစ်နေရသည်။

ဆရာတော်ဦးဥတ္တရ လွန်တော်မူသောခါ ဆရာတော်ဦးဇောတိဿရ ကျောင်းထိုင်ဆရာတော်ဖြစ်လာသည်။ ဦးဇောတိဿရသည် ခေတ်အခြေအနေစသော အကြောင်းအမျိုးမျိုးကြောင့် ပရိယတ္တိစာပေကို ကောင်းစွာသင်ကြားခွင့် မရခဲ့ပေ။ ထို့ကြောင့် ဆရာတော်သည် မျက်နှာငယ်ရသည်။

သို့သော် ဆရာတော်သည် အမြှော်အမြင်ကြီးမားသည်။ စိတ်သဘောထားပြည့်ဝသည်။ အနာဂတ် သာသနာအတွက် အားကိုးလောက်သော တပည့်များစွာ မွေးထုတ်ပေးနိုင်သည်။ ဆရာတော်၏တပည့်များမှာ ဦးပညော၊ ဦးဉာဏော၊ ဦးစန္ဒ၊ ဦးသဂ္ဂ၊ ဦးစက္က၊ ဦးရေ၀တ၊ ဦးဥတ္တရတို့ ဖြစ်ကြသည်။ ဆရာတော်သည် မိမိ၏တပည့်များကို မိမိကဲသို့ မျက်နှာမငယ်စေရန်၊ အနာဂတ်သာသနာတော်ကို အရည်အချင်းရှိရှိ ထမ်းဆောင်နိုင်စေရန် နာမည်ကြီးစာသင်တိုက်ကြီးများဆီသို့ ပို့လွှတ်၍ ပညာသင်စေသည်။

ဆရာတော်ကို မလိုသူအချို့က “မျောက်ပြ ဆန်တောင်း” စသဖြင့် အမျိုးမျိုး ဝေဖန်ပြောဆိုကြ၏။ ဆရာတော်က အပြုံးမပျက် သည်းခံခဲ့ပါသည်။ တပည့်များကလည်း ဆရာ့ကျေးဇူးကို နားလည်ကြသည်။ စည်းကမ်းလိုက်နာပြီး စာကြိုးစားကြသည်။ ထို့ကြောင့် ပထမငယ်၊ ပထမလတ်၊ ပထမကြီး၊ အစိုးရ ဓမ္မာစရိယ စသဖြင့် စာမေးပွဲအသီးသီးမှာ အောင်ပန်းအလီလီ ဆင်မြန်းနိုင်ခဲ့ကြသည်။

ဤသို့ဖြင့် ရွာသာယာသည် စိုပြေလာပြန်သည်။ နာမည်နှင့်လိုက်ဖက်စွာ သာယာလာလေပြီ။ ပတ်ဝန်းကျင် ရွာများကပါ လေးစားလာကြသည်။ မိုးလေ၀သ ကောင်းမွန်လာပြီး ဆန်ရေစပါးများလည်း ပေါများလာသည်။ မိမိတို့ရွာမှ ဦးဇင်းများ စာမေးပွဲအောင်မြင်ပြီဆိုလျှင် တစ်ရွာလုံး ၀မ်းသာလိုက်သည့်ဖြစ်ခြင်း၊ တစ်နှစ်လုံး မိုးထဲ၊ လယ်ထဲတွင် နွားနှင့်ရုံးခဲ့ရသည့် ပင်ပန်းမှုများ တစ်ခါတည်း ပျောက်သွားကြသည်။ မိမိတို့ဦးဇင်းများ၏ အောင်မြင်မှုများကို အိုးစည်၊ ဗုံမောင်းများဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။ တန်ခူးလ စာမေးပွဲများ ဖြေပြီးလျှင် ဦးဇင်းများကလည်း ဆွေမျိုးမိဘများနှင့် ၀မ်းသာအားရ တွေ့ဆုံရန် ပြန်လာလေ့ရှိကြသည်။ ရွာသူ၊ ရွာသားများကလည်း လယ်ယာကောက်စပါးများ ရိတ်သိမ်းပြီးချိန်မို့ ကျောင်းကန်ဘုရားများသွား၍ ဥပုသ်စောင့်ကြသည်။ တရားနာကြသည်။ အလှူအတန်းများ ပေးကြသည်။ မိမိတို့ သားမြေးများကိုလည်း သာသနာ့ဘောင်သွတ်သွင်း၍ ရှင်သာမဏေပြုစေကာ မွန်မြတ်သော ကုသိုလ်ကောင်းမှုများဖြင့် ဗုဒ္ဓသာသနာတော်ကို ချီးမြှောက်ထောက်ပံ့ကြသည်။

ဦးဇင်းများကလည်း မြို့ကြီး၊ ပြကြီးများမှ ပြန်လာပြီး ခေတ်အမြင်ရှိသူများပီပီ ကိုယ့်ရပ်၊ ကိုယ့်ရွာကို တိုးတက်စေ ချင်ကြသည်။ ထို့ကြောင့် ယဉ်ကျေးမှုသင်တန်းများ ဖွင့်ပေးခြင်း၊ စာကြည့်တိုက်၊ စာကြည့်အသင်းများ ထူထောင်ပေးခြင်း၊ တရားပွဲ များ စီစဉ်ကျင်းပပေးခြင်းတို့ဖြင့် ရွာအကျိုး၊ အများအကျိုးကို တတ်စွမ်းသမျှ ဆောင် ရွက်ကြသည်။ အချင်းချင်းလည်း ညီညွတ်ကြသည်။ “စည်းလုံးခြင်းသည် အင်အား၊ ညီညွတ် ခြင်းသည် စွမ်းအား” ဟုလည်း နားလည်သဘောပေါက်ထားကြသည်။ ပြဿနာများ၊ အခက်အခဲများ တွေ့ကြုံလာ လျှင်လည်း ၀ိုင်းဝန်းဆွေးနွေး ဖြေရှင်းကြသည်။

ရွာသာယာသည် ယခုမှ နာမည်နှင့်လိုက်ဖက်စွာ တကယ်သာယာလာလေပြီ။ ရွာသာယာ၏ သတင်းမွှေးပုံ များကတော့ ပြောမယုံ၊ ကြုံဖူးမှ သိပေလိမ့်မည်။ ဦးဉာဏောက စာမေးပွဲအောင်ရုံမျှဖြင့် အားမရ၊ ဓမ္မကထိက သင်တန်းများကိုပါ စိတ်ပါလက်ပါ တက်ရောက်လေ့လာစည်းပူးလေသည်။ ဦးစန္ဒကလည်း ခေတ်လူငယ်၊ လူရွယ်များကိုပါ စည်းရုံးနိုင်စေရန်၊ ဗုဒ္ဓတရားတော်များကို ကမ္ဘာသို့ ဖြန့်ချီနိုင်ရန်၊ ခေတ်မီမီသာသနာပြုနိုင်ရန် ပါဠိစာပေမျှဖြင့် အားမရဘဲ အင်္ဂလိပ်စာပေများကိုပါ ထပ်မံလေ့လာဆည်းပူးပြန်သည်။ ဦးသဂ္ဂကလည်း ဆေးပညာ၊ ဗေဒင်ပညာများကိုပါ ဗဟုသုတအဖြစ် လေ့လာလိုက်စားလေ၏။ ဦးစိတ္တရကမူ ရေဒီိယို၊ ကက်စက်များပြုပြင်ခြင်း၊ လျှပ်စစ်ပစ္စည်းများ တပ်ဆင်ခြင်းစသော အီလက်ထရောနစ်ပညာများပါ တတ်ကျွမ်း လေသည်။ တပည့်များသည် မိမိတို့ကိုယ်စီ တတ်ကျွမ်းထားသော အတတ်ပညာ၊ အသိပညာများဖြင့် ရပ်အကျိုး၊ ရွာအကျိုးများကို တက်ညီ၊ လက်ညီ ဆောင်ရွက်ကြသည်။

ရွာသာယာဘေးမှ ဧရာဝတီမြစ်ရေသည် ၀န်းကျင်မှ လေနုအေးလေးများကြောင့် ကြည်လင်အေးမြ သာယာလျှက်ရှိသည်။ ဆရာတော်ကလည်း တပည့်များ၏ အောင်မြင်မှုများ၊ တတ်ကျွမ်းမှုများကို တပြုံးပြုံးနှင့် ဂုဏ်ယူမဆုံး၊ ၀မ်းသာ၍မဆုံး ဖြစ်နေသည်။ တပည့်များ၏ အောင်မြင်မှုများကိုကြားရလေတိုင်း ဆရာသခင်၏ မျက်နှာမှာ လရောင်ဝါနှင့်တွေ့သော ကြာပဒုမ္မာကဲ့သို့ ပီတိများ ဖြာနေတတ်သည်။

တပည့်များထဲတွင် ဦးပညောက ၀ါအကြီးဆုံးဖြစ်သည်။ သို့သော် ဉာဏ်သိပ် မကောင်းပေ။ ငယ်၊ လတ်၊ ကြီး စာမေးပွဲများကိုပင် အောင်မြင်ရန်ပင် မနည်း ကြိုးစားခဲ့ရသည်။ ဦးပညောကို ဆရာတော်က သနားသည်။ ကရုဏာပိုသည်။ ဆရာတော်ကလည်း သက်တော်၊ ၀ါတော်လည်းကြီးရင့်လာပြီဖြစ်သည်။ ထို့ကြောင့် အနီးကပ် ပြုစုရန် ဦးပညောကိုပင် မိမိအနား ခေါ်ထားလိုက်သည်။

မုန်တိုင်းထန်လျှင် လှိုင်းထမြဲဖြစ်သည်။ ရွာသာယာတွင် မမျှော်လင့်ဘဲ မုန်တိုင်း ထန်လာလေပြီ။ ရွာသာယာ၏ ဥယျာဉ်မှူးကြီး ဆရာတော် ဦးဇောတိဿရသည် တပည့်များ၏ စွမ်းရည်ကို ယုံကြည်သည့်အလား မမျှော်လင့်ဘဲ မျက်နှာလွှဲသွားလေသည်။ ဆရာတော်သည် ရုတ်တရက်လေဖြတ်ကာ ပျံလွန်တော်မူသွားရှာသည်။

ဦးပညောသည် အားလုံးထဲတွင် ၀ါလည်းအကြီးဆုံး၊ ဆရာတော်ကိုလည်း အနီးကပ် ပြုစုနေရသူမို့ ဦးပညောကို ကျောင်းထိုင်အဖြစ်ခန့်အပ်ချင်ကြသည်။ သို့သော် ဦးဉာဏောနှင့် သူ၏ဆွေမျိုးမျာက သဘောမတူကြ။ ဦးဉာဏောက ဦးပညောနှင့် ၀ါအတူတူပင်ဖြစ်သည်။ ရဟန်းဖြစ်သည့်ရက်သာ အနည်းငယ် နောက်ကြခြင်း ဖြစ်သည်။ စာလည်းတတ်၊ အပြောအဟောလည်း ကောင်းသည်။ သို့ဖြစ်၍ ဦးဉာဏောသာ ကျောင်းထိုင်းဆရာတော် ဖြစ်သင့်သည်ဟူသော သတင်း များ ထွက်လာသည်။

အချို့ကလည်း ဦးစန္ဒကို ပို၍ သဘောကျလေသည်။ ဦးစန္ဒက ခေတ်အမြင်လည်း ရှိသည်။ စည်းရုံးရေး လည်းကောင်းသည်။ ထို့ကြောင့် သုံးပါးဆိုင် (တိသန္တက)အဖြစ် လွှဲအပ်သင့်သည်ဟူသော အဆိုပြုချက်များ ကလည်း ထွက်ပေါ်လာပြန်သည်။

တစ်ဖန် ဦးသဂ္ဂနှင့် ဦးစိတ္တရ၏ အသိုင်းအ၀ိုင်းများကလည်း “ဒို့ဦးဇင်းတွေကိုတော့ ဘေးချိတ်ထားတယ်၊ အပ်မှာဆိုလည်း အကုန်လုံးကိုအပ်” ဟူ၍ အဆို တင်သွင်း လာကြပြန်သည်။ “ဆရာမြှောက်တော့ ဒကာမွဲ၊ ဒကာမြောက် တော့ ဆရာလဲ” ကိန်းဆိုက်လာသည်။ ဦးဇင်းများ၏ ပင်ကိုယ်စိတ်များက ဖြူစင်ကြသည်။ သို့သော် ပတ်ဝန်းကျင်၏ ပယောဂများ၊ ဘေးတီးမှုများကြောင့် တစ်ဦးပေါ်တစ်ဦး မခံချင်စိတ်များ၊ အထင်လွဲမှုများ ပေါက်ဖွားလာကြသည်။ ဦးစန္ဒက ညီညွတ်မှုကို လိုလားသည်။ ဦးဉာဏောက ညှိမရပေ။ ပို၍ဆိုးသည်မှာ “ဘုန်းကြီးအမှု ရွာပတ်ခြင်း” ဖြစ်သည်။ ကိုယ့်ဦးဇင်း၊ သူ့ဦးဇင်း ခွဲရေး၊ တွဲရေးများကြောင့် အချင်းချင်း ပြိုင်ဆိုင်မှုများ၊ ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်လာသည်အထိ ပြဿနာက ကြီးထွားလာလေသည်။



ညက တိတ်ဆိတ်၏။ လက သာယာ၏။ တိတ်ဆိတ်အေးမြသော လရောင်အောက်တွင် မအေးမျှနိုင်သူ တစ်ဦးရှိသည်။ သူကား ဦးစန္ဒပင်။

ဦးစန္ဒသည် နာမည်နှင့် လိုက်ဖက်စွာ သာယာစပြုလာသော မိမိရွာ၏ ဘာသာရေး၊ လူမှုရေးပြိုကွဲမှုများကို တွေးကာ စိတ်ထိခိုက်နေမိသည်။ မိမိရွာ၏ အနာဂတ်သာသနာရေးကို ဘယ်သို့ဘယ်ပုံပြုပြင်ရလျှင် ကောင်းမည်နည်းဟု တွေးတောရင်း ဦးစန္ဒ၏စိတ်များ ပူလောင်ဆူပွက်နေသည်။

အေးမြသော လရောင်အောက်တွင် ရွာသာယာလေးက တိတ်ဆိတ် ခြောက်သွေ့နေသည်။ ရွာတောင်ဘက် တောတန်းများဆီမှ ခွေးအူသံများကလည်း ငြိမ်းချမ်းမှုကို ဖျက်ဆီးလျှက်ရှိနေ၏။

အော် ရွာနာမည်လေးက ရွာသာယာ၊ တကယ့်လက်တွေ့တွင် မသာယာသေးပါလား-------------။





စရဏ
(၂၀၁၀၊လင်္ကာတမန်မဂ္ဂဇင်းတွင် ရေးသားခဲ့သော ၀တ္ထု)

Wednesday, November 2, 2011

အောင်မြင်တဲ့ဘဝ

နှလုံးသားတွေ ထက်သန်နေပြီဆိုရင်
မင်းဘ၀ ရှင်သန်နေပြီပေါ့….။
မျှော်လင့်ချက်အိပ်မက်တွေ
မင်းမျက်လုံးထဲ တောက်ပနေပြီဆိုရင်
အဲဒါ မင်းရဲ့ ရှင်သန်ခြင်းပဲ…….။
လွတ်လပ်စွာ တိုက်ခတ်တဲ့လေလို……..
စီးဆင်းနေတဲ့ရေလို……..
အမြဲရှင်သန်နေဖို့ မင်းဘ၀ကို ကြိုးစားလိုက်ပါ……။
အချိန်တိုင်း၊ အခွင့်အရေးတိုင်းကို
မင်းလက်တွေ ဖွင့်ပြီး ထွေးပိုက်လိုက်ပါ……။
မျက်လုံးတွေကို မိုးကုတ်စက်ဝိုင်းထိ ပို့ထားလိုက်…..။
ပြီးရင် မျှော်လင့်ချက်ခြေလှမ်းတွေနဲ့ မှန်မှန်လျှောက်….။
မင်းပိုင်တဲ့အချိန်တွေ..၊ မင်းရဲ့ စွမ်းအားတွေကို
တဒင်္ဂပျော်ရွှင်မှုတွေထဲ မနစ်မြုပ်စေပါနဲ့..။
အဲဒီအချိန်..............
သံစဉ်ညှိမထားတဲ့ ချိုမြိန်တဲ့ လက်ခုပ်သံတွေ
မင်းရဲ့ထံပါး ဘ၀ဂ်လျှံသွားလိမ့်မယ်……။
သီရိလင်္ကာနိုင်ငံ၊ Daily News,Fri,Aug,19,2011 မှ "Live life to the fullest"ဆောင်းပါးထဲက "ZNMD" အမည်ရှိကဗျာကို ဆီလျှော်အောင် ဘာသာပြန်ဆိုဖွဲ့လိုက်သည်။