ချင်းပြည်နယ်က လွမ်းမောဖွယ်ရာ ချင်းရွာတစ်ရွာ
မောင်ရှိန်းဗွေ
တစ်ယောက် ကျောင်းပေါ်ရောက်နေတာ နေကုန်တော့မည်။ ဘာကိစ္စ လည်း မေးမရ။ ကိုယ်မေးတာ
သူနားမလည်၊ သူပြောတာ ကိုယ်နားမလည်။ သူက ချင်းလူမျိုး၊ ဗမာစကား မတတ်။ ကိုယ်က ဗမာ၊ ချင်းစကား
တစ်လုံး၊ နှစ်လုံးပဲ သိသူ။
တရွေ့ရွေ့နဲ့ နေစောင်းလာချေပြီ။ မြူတွေ
မှိုင်းလာသည်။ တစ်တောလုံး၊ တစ်တောင် လုံး အုံ့ဆိုင်းဆိုင်းနဲ့ အအေးဓာတ်တွေ
လွမ်းပတ်လာချေပြီ။ ချင်းတောင်သည် အေးမြမှုရှိ သည်။ သို့သော် ၀န်ကျင်ကို ကာစီးထားတဲ့
မြူမှုံ၊ မင်းလွင်တွေက ၀န်းကျင်ကို ကားဆီးနေ တတ်သည်။ မြူမှုံမင်းလွင်တွေ ကြားကပဲ
ကိုယ်လိုရာခရီးကို စမ်းတ၀ါးဝါး လျှောက်လှမ်းရ တော့သည်။
တောင်တန်းသာသနာပြုရဟန်းတစ်ပါးအနေနဲ့ တစ်စိမ်းတရံဆန်တဲ့ နယ်မြေမှာ စမ်းတ၀ါးဝါးနဲ့
ခရီးနှင်နေရသည်။ အရာရာကို သည်းခံ၍ အခြေအနေကြည့်ပြီး မီးစင်ကြည့်က ရတော့မည်။
ဗမာစကားပြန်ပေးနိုင်သူ
ချင်းလူငယ်တစ်ဦး ရောက်လာသည်။
"...ဒကာ...မောင်ရှိန်းဗွေ
ငါ့ကျောင်းမှာ တစ်နေကုန် ထိုင်နေတာ၊ ဘာမှလဲ မေးမရဘူး။ မေးလိုက်စမ်းပါဦး၊
ဘာကြောင့်လဲဆိုတာ သိရအောင်...."
".....သူက
ကုသိုလ်မရသေးလို့ စောင့်နေတာတဲ့ ဘုန်းကြီး..."
စကားပြန်က ရှင်းပြသည်။
ဟိုက်......ကိုယ့်နဖူးကို လက်ဝါးနဲ့
ရိုက်မိသည်။ မောင်ရှိန်းဗွေတစ်ယောက် အသား ကင်များလာပို့ပြီး ဘာကြောင့်တစ်နေကုန်
စောင့်နေတယ်ဆိုတာ ခုမှ သိရတော့သည်။
မောင်ရှိန်းဗွေက ကုသိုလ်ဆိုတာကို ခုမှ
ကြားဘူးသူ။ ကုသိုလ်ဆိုတာ....မြင်ရတဲ့အရာ ၀တ္ထုတစ်ခုခုဟု ထင်နေသူ။ ကုသိုလ်ဆိုတာ ခု
မရသေးဘူး။ နောင်ကြာမှ ဒါမှမဟုတ် နောင် ဘ၀ရောက်မှ ရမှာဟု ရှင်းပြလိုက်လျှင်လည်း
လက်ငင်းကောင်းကျိုးချမ်းသာ မပေးဘူးလားဟု မေးလာစရာ ရှိသည်။ အဲသလို ပြောရန်လည်း
မသင့်။
စကားပြန်မှတစ်ဆင့် မောင်ရှိန်းဗွေ
နားလည်းအောင် ဘယ်လို ရှင်းပြလျင် ကောင်း မလဲ...ဟု တွေးနေမိသည်။ အလှည့်ကျ
မနွဲ့စတမ်းဟု နှလုံးသွင်းကာ ကြိုးစား၍ ရှင်းပြ လိုက်သည်။
".....ဒကာ.....ခင်များကို နားလည်အောင် အရင်ရှင်းပြမယ်။
ပြီးမှ ဒကာတော်က ကြိုးစားပြီး မောင်ရှိန်းဗွေကို သဘောပေါက်အောင် ပြန်ရှင်းပြလိုက်..."
နိဒါန်းပျိုးလိုက်သည်။ လည်ချောင်းရှင်းကာ
အလွယ်ကူဆုံး ဝေါဟာရများနဲ့ ရှင်းပြ လိုက်သည်။
ပေးလှူတယ်ဆိုတာ မိမိပစ္စည်းကို စွန့်လွတ်ခြင်းဖြစ်တယ်။ မိမိပစ္စည်းကို
စွန့်လွတ်ဖို့ဆို တာ ပစ္စည်းပေါ်မှာ တွယ်တာနေမယ်၊ နှမြောနေမယ်ဆိုရင်
စွန့်လွတ်ချင်မှာ မဟုတ်ဘူ။ စွန့် လွတ်ဝံ့မှာ မဟုတ်ဘူး။ စွန့်လွတ်တယ်ဆိုတာ တကယ်တော့
မိမိပစ္စည်းပေါ်မှာ တွယ် တာကပ်ငြိနေတဲ့ လောဘကို စွန့်လွတ်ခြင်းဖြစ်တယ်။ အဲဒါဟာ
လောဘကို ပယ်သတ်တာပဲ။ အဲ သလို လောဘကို ပယ်သတ်နိုင်၊ ပယ်သတ်နိုင်လာရင် လောဘတွေ
နဲနဲသွားမယ်။ လောဘတွေ နဲနဲ သွားရင် ပစ္စည်းပေါ်မှာ တွယ်တာမှု၊ စိုးရိမ်ပူပန်မှုတွေ
လျှော့လျှော့သွားမယ်။ အဲသလို စိုးရိမ် ပူပန်မှုတွေ လျှော့လျှော့သွားရင် စိတ်ထဲ အေးလာမယ်။
စိတ်အေးလာရင် စိတ်ကြည်လင်မယ်။ စိတ်ကြည်လင်လာတော့ စိတ်ချမ်းသာလာမယ်။ အဲဒါ
ကုသိုလ်ရတာပဲ.....ဒကာ။
"...အဲဒါ
ခုချက်ချင်းရတဲ့ ကောင်းကျိုးချမ်းသာတွေပဲ။ နောင်ဘ၀မှာလည်း ကောင်းကျိုး ချမ်းသာတွေ ရလာအုံးမှာပဲ..."
ထပ်ရှင်းပြလိုက်တယ်။
သူတို့ အချင်းချင်း ချင်းစကားနဲ့
အပြန်အလှန် ပြောနေသံတွေ ဆူညံနေသည်။ မောင်းရှိန်းဗွေ မျက်နှာအကဲခတ်ရတာ
ကျေနပ်အားရပုံ မပေါ်။
ညကမ္ဗလာ ၀တ်ရုံလွှာက ချင်းတောင်တန်းကို
ခပ်ကြမ်းကြမ်း လွှမ်းခြုံသွားလေပြီ။ ရင် ထဲက အပူက အပြင်ဘက် အအေးဒဏ်ကို တန်ပြန်တိုက်စစ်ဆင်နေလေရော့သလား
...........
ထင်ရှုးမီးရောင် မှုံပြပြအောက်က
မောင်းရှိန်းဗွေမျက်နှာမှာ နီကြန့်ကြန့်နဲ့ အဆီပြန်နေ သည်။ မောင်ရှိန်းဗွေက
ကျွနိုပ်အား စိုက်ကြည့်ပြီး တစ်ခုခုပြောလိုက်သည်။ စကားပြန်က.......
".....ခရစ်ယာန်တွေလာရင် သူတို့ကို
ပေးဖို့၊ လှူဖို့ မပြောဘူး။ ငါတို့ကို သူတို့ကချည်း ပေးတာ။ ဒို့က ဒါကြောင့်
သူတို့ကို သဘောကျတယ်..တဲ့။ ခု ဘုန်းကြီးတို့က မပေးဘဲနဲ့ တောင်းနေတာလား၊
လှူခိုင်းနေတာလား ...................လို့ သူက မေးနေတယ် ဘုန်းကြီး..."
အရှိုက်ထိသွားသည်။ စိတ်ထဲ ထောင်းကနဲ
ဖြစ်သွားသည်။ သူတို့က ဘယ်လောက်ထိ လှူနိုင်လို့လဲ.......
မာန်မာနနဲ့ စပ်ယှဉ်တဲ့ ခံပြင်းချက်
အတွေးတစ်ချက်က ဓားထက်ထက်နဲ့ စင်းသလို စေတနာလှိုင်းတွေကို အပိုင်းပိုင်း
ပြတ်သွားစေသည်။
"...စိတ်ရှည်
ဇွဲသန်၊ သည်းညည်းခံ၊ ပြုရန်သာသနာ မဟုတ်လော..........."
သတိပြန်ဝင်လာသည်။
ဟုတ်ပါသည်။ သူတို့ဘ၀တွေက လွန်စွာ နှိမ့်ကျလွန်းတော့ ကူညီ သူကို တမ်းတမိတာ
သဘာဝကျပါတယ်။ ကျေးဇူးတရားကို သိတတ်သော်လည်း ပြန်လည် မပေးဆပ်နိုင်တဲ့ဘ၀မျိုးတွေ
ဖြစ်နေမှာပါပဲ....ဟု ကရုဏာအခြေခံတဲ့ ဆင်ခြင်တုံတရားများ တဖွားဖွား ပေါ်လာသည်။
တကယ်တော့ သူတို့အားလုံးဟာ
မောင်ရှိန်းဗွေလိုပဲ ကုသိုလ်မရသေးလို့ စောင့်နေကြ သူတွေပါတကား.............................
ချင်းတောင်သာသနာပြုခရီး အတွေ့အကြုံအမှတ်တရ
No comments:
Post a Comment