ကျွန်ုပ်၏အမည်သည် မောဂ္ဂလာန်ဖြစ်၏။ ကျွန်ုပ်ကို တန်ခိုးနှင့်ပတ်သက်၍ လူသိများသည်။ မြတ်ဗုဒ္ဓကလည်း ကျွန်ုပ်အား တန်ခိုးအကြီးဆုံးရာထူးဖြစ်သော ဧတဒဂ်ဘွဲ့ကို ချီးမြင့်ထား၏။ ကျွန်ုပ်၏ တန်ခိုးဣဒ္ဓိပါဒ်နှင့် ပတ်သက်၍ နန္ဒောပနန္ဒနဂါးမင်းကို ချွတ်ခန်း၊ သိကြားမင်း၏ ဝေဇယန္တာပြသာဒ်ကို ခြေမဖြင့်ညှပ်၍ လှုပ်ခါပြခန်း၊ ဒေ၀ဒတ်နောက် ပါသွားသော တပည့် ရဟန်းငယ်တို့ကို တန်ခိုးပြ၍ စည်းရုံးခန်းစသည်တို့ကိုသာ လူသိများကြသည်။ ကျွန်ုပ်ရဟန်း ဖြစ်ခါစက ဖြစ်ပျက်ခဲ့သော တန်ခိုးနှင့်ပတ်သက်သည့် ဇာတ်လမ်းတစ်ခုမှာ လူသိနည်းလှပေသည်။ ထိုဇာတ်လမ်းသည် မြတ်ဗုဒ္ဓဝေရဉ္ဇာပြည်၌ ဆယ့်နှစ်ဝါမြောက် ၀ါဆိုဝါကပ်စဉ်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တစ်ခါက မြတ်ဗုဒ္ဓနှင့် တပည့်ရဟန်းငါးရာသည် ဝေရဉ္ဇာပြည်သို့ ကြွချီခဲ့လေသည်။ ထိုအထဲတွင် ကျွန်ုပ်လည်း ပါဝင်သည်။ "၀င်ဝင်ချင်း ဆောက်နဲ့ထွင်း" ဆိုသကဲ့သို့ ခရီးရောက်မဆိုက် ဝေရဉ္ဇာပုဏ္ဏားကြီး ဆိုက်ရောက်လာပါသည်။ ဝေရဉ္ဇာပုဏ္ဏားကြီးသည် နှယ်နှယ်ရရ ပုဂ္ဂိုလ်မဟုတ်။ နာမည်ကြီး ဗြာဟ္မဏဆရာကြီးတစ်ဦးဖြစ်သည်။ သူ၏နာမည်ရင်းမှာ ဥဒယဖြစ် သည်။ ဝေရဉ္ဇာမြို့၌ နေထိုင်သူဖြစ်သောကြောင့် ဝေရဉ္ဇာပုဏ္ဏားကြီးဟု ခေါ်ဆိုကြခြင်းဖြစ် သည်။ ဗြာဟ္မဏမျိုးရိုးမှ ဆင်းသက်ပေါက်ဖွားလာသူ၊ အသက်အရွယ် ကြီးရင့်သူ၊ မင်းနှစ် ဆက်သုံးဆက်ကြုံခဲ့ပြီးဖြစ်သဖြင့် အတွေ့အကြုံများသူစသည်ဖြင့် ထင်ပေါ်ကျော်ကြားသူလည်း ဖြစ်သည်။
ပုဏ္ဏားကြီးသည် ဗုဒ္ဓ၏ဂုဏ်သတင်းကျော်ကြားမှုကို စုံစမ်းလို၍ ရောက်ရှိလာခြင်း ဖြစ်သည်။ မြတ်ဗုဒ္ဓကလည်း ၀မ်းမြောက်ဖွယ် နုတ်ခွန်းဆက်စကားများဖြင့် ဆီးကြိုလေသည်။ ပုဏ္ဏားကြီးသည် အိုမင်းရင့်ရော်နေပြီ ဖြစ်သည်။ မြတ်ဗုဒ္ဓသည် နုပျိုငယ်ရွယ်သည်။ လောကဝေါဟာရအရ ဖအေနှင့်သားပမာ ဖြစ်နေ၏။ ပုဏ္ဏားတို့၏ယဉ်ကျေးမှုအရဖြစ်စေ၊ လောကထုံးစံအရဖြစ်စေ ငယ်သူက ကြီးသူကို ရိုသေလေးစားရမည်။ နေရာမှ ထပေးရမည်။ ခရီးဦး ကြိုဆိုရမည် ဖြစ်သည်။ ယခုမူကား မြတ်ဗုဒ္ဓက ထိုင်မြဲထိုင်နေသည်။ ပုဏ္ဏားကြီးသည် မြတ်ဗုဒ္ဓ၏ အပြုအမူကို သည်းမခံနိုင်သောကြောင့် အရှင်ဂေါတမသည် ကြီးသူတို့အား မရိုသေ၊ မလေးစားဟု ကျွန်ုပ် ကြားဖူးထား၏။ ယခု ကြားသည့်အတိုင်း အမှန်ဖြစ်နေ၏။ အရှင်ဂေါတမသည် ကြီးသူတို့အား ရိုသေလေးစားမှု (၀ုဍ္ဎာပစာယနဓမ္မ)၌ သာယာသူ၊ မွေ့လျော်သူ မဟုတ်၊ ကြီး သူတို့အား ပူလောင်စေသူဖြစ်၏စသဖြင့် အချက်(ဂ)ချက်ဖြင့် စွပ်စွဲကဲ့ရဲ့၍ ပြစ်တင်ရှုတ်ချလေ၏။
ဗုဒ္ဓက ပုဏ္ဏားကြီး၏ စွပ်စွဲကဲ့ရဲ့မှုများကို သည်းခံခွင့်လွတ်၍ ပရိယာယ်တစ်မျိုးဖြင့် ပြန်လည်ချေပ၍ ရှင်းလင်းပြောဆိုလေ၏။ ပုဏ္ဏားကြီး၏ဒေါသကို မေတ္တာဖြင့် နူးညံ့သိမ်မွေ့ စေပြီးနောက် လေးနက်သိမ်မွေ့ခက်ခဲသော ဈာန်မဂ်ဖိုလ်တရားများကို ရှင်းလင်းဟောပြတော်မူ၏။ ပုဏ္ဏားကြီးသည် ဗုဒ္ဓ၏ ဈာနကထာ၊ မဂ္ဂကထာတို့ကို ကြားနာရသောအခါ လွန်စွာအံ့ဩ၍ နှစ်သက်မှုပီတိများ တဖွားဖွားဖြစ်ပွားခဲ့လေ၏။ မြတ်ဗုဒ္ဓက မိမိသည် အ၀ိဇ္ဇာဥခွံအတွင်းမှ ဖောက်ထွက်ကာ ၀ိဇ္ဇာအလင်းကမ္ဘာသို့ ဦးစွာ ရောက်ရှိသူဖြစ်သည်။ ထို့ကြောင့် လောကတွင် မိမိသည်သာ အကြီးဆုံး၊ အမြတ်ဆုံးဖြစ်သည်-ဟု ဟောပြတော်မူ၏။ ပုဏ္ဏားကြီးသည် လွန်စွာကျေနပ်နှစ်သက်ကာ သရဏဂုံဆောက်တည်၍ ရတနာသုံးပါးကို ကြည်ညိုဆည်းကပ်သော ဥပါသကာတစ်ဦး ဖြစ်လာလေ၏။ ပုဏ္ဏားကြီးသည် မြတ်ဗုဒ္ဓအား ဝေရဉ္ဇာပြည်၌ ၀ါဆို (သတင်းသုံး)ပါရန် တောင်းပန်လျှောက်ထားလေ၏။ မြတ်ဗုဒ္ဓကလည်း လက်ခံတော်မူသည်။
နာမည်လေးက လှပါသည်။ ဝေရဉ္ဇာ။ စားစရာမှာ ဗလာနတ္ထိ။ ဝေရဉ္ဇာမြို့သို့ ကျွန်ုပ်တို့ ရောက်သွားသည့်အချိန်မှာ မိုးခေါင်ရေရှားနေချိန်ဖြစ်၏။ အစာရေစာ ငတ်မွတ်ခေါင်းပါးနေ၏။ သတ္တ၀ါများလည်း သေကြေပျက်စီးမှု များလာ၏။ တစ်မြို့လုံးလည်း လူရိုး၊ ကောက်ရိုးများဖြင့် ဖွေးဖွေးဖြူနေ၏။ ဗုဒ္ဓနှင့်ရဟန်းတော်များသည် ဆွမ်းခံ၍ မရပါ။ ဝေရဉ္ဇာမြို့သည် လမ်းပန်းဆက်သွယ်ရေး ညံ့ဖျင်းသောကြောင့် ပြင်ပနှင့်လည်း အဆက်အသွယ်ပြတ်နေ၏။ ထိုအချိန် တွင် ဥတ္တရာပထတိုင်းမှ မြင်းကုန်သည်များ ရုတ်တရက်ရောက်ရှိလာသည်။ မြင်းကုန်သည်တို့က ဗုဒ္ဓနှင့်သံဃာတော်တို့အား မုယောဆန်များ လှူဒါန်းလေ၏။ မုယောဆန်သည် ကြမ်းလွန်းသောကြောင့် ပုဆိန်ဖြင့် ပေါက်စားရမလို ဖြစ်နေ၏။ ရဟန်းတော်တို့သည် ထိုမုယော ဆန်ကြမ်းများကို ထုထောင်း၍ သုံးဆောင်ရလေ၏။ အရှင်အာနန္ဒာသည် မုယောဆန်တို့ကို ထုထောင်း၍ ဗုဒ္ဓအားဆက်ကပ်လေ၏။ နတ်တို့ကလည်း ထိုမုယောဆန်ထဲသို့ နတ်ဩဇာများ ထည့်ကြလေ၏။ တစ်နေ့သောအခါ အရှင်အာနန္ဒာ၏ မုယောဆန်ထောင်းထုသံကို မြတ်ဗုဒ္ဓ ကြား၍ အကြောင်းစုံ မေးမြန်းပြီး "ကောင်းပေစွ၊ ကောင်းပေစွ၊ ချစ်သား အာနန္ဒာ၊ သူတော် ကောင်းဖြစ်ကြသော သင်တို့သည် ဒုဗ္ဘိက္ခ(ငတ်မွတ်ခေါင်းပါးခြင်း)၊ လောဘ(အလိုရမ္မက်ကြီး ခြင်း)၊ ဣစ္ဆာစာရ(လိုချင်နှစ်သက်ခြင်း)တို့ကို အောင်မြင်လေပြီ။ နောင်လာနောက်သားတို့ သည် (ဆန်ကြမ်းများကို မဆိုထားဘိ) အသားရောပြွန်း ဒံပေါက်ဆွမ်းကိုပင် အထင်အမြင်သေးကြလိမ့်မည်"ဟု မိန့်တော်မူလေသည်။
(မှတ်ချက်။ ။ အရှင်အာနန္ဒာသည် ထိုစဉ်က ဗုဒ္ဓ၏ အလုပ်အကြွေးမဖြစ်သေးပါ။ ဗုဒ္ဓ၏ ၀ါတော်(၂၀)အတွင်းတွင် မမြဲအလုပ်အကြွေးရဟန်းမရှိသေးပါ။ တစ်ခါတရံ နာဂသမာလမထေရ်၊ ရံခါ နာဂိတမထေရ်၊ ရံခါ ဥပ၀ါဏမထေရ်၊ ရံခါ သာဂတ၊ ရံခါ သုနက္ခတ္တ၊ ရံခါ မေဃိယ မထေရ်ဟူသော မထေရ်(ရ)ပါးတို့က ပြုစုလုပ်ကျွေးကြ၏။)
ဝေရဉ္ဇာပြည်၏ ကပ်ဘေးကြီးသည် အဆုံးမသတ်သေးပါ။ ဝေရဉ္ဇာပုဏ္ဏားကြီးနှင့် မြို့သူ၊ မြို့သားတို့ကလည်း ဘုရားရှင်နှင့် သံဃာတော်တို့ကို ဆွမ်းလှူဒါန်းဖို့ မေ့လျော့နေကြလေ၏။ ဤသို့ မေ့လျော့နေခြင်းမှာ မာရ်နတ်က လှည့်ပတ်ထားသောကြောင့် ဖြစ်သည်။ ဘုရားရှင် သည် ထိုနှစ်အဖို့ စမ္ပာ၊ သာဝတ္ထိ၊ ရာဇဂြိုလ်စသော မြို့ကြီးများ၊ တာဝတိံသာကဲ့သို့သော နတ်ဘုံများ၌ သီတင်းသုံးပါကလည်း ၀ဋ်ကြွေးမှ လွတ်မည်မဟုတ်ပါ။ "ဘုရားရှင်သည် ကဿပဘုရားလက်ထက် ပုဏ္ဏားတစ်ဦးဖြစ်ခဲ့စဉ် ရဟန်းတော်များကို စားကောင်း သောက်ဖွယ်များကို စားပြီး အချောင်နေသူတွေ" ဟု စွပ်စွဲကဲ့ရဲ့ဖူးလေသည်။ ထိုဝဋ်ကြွေးကို ယခုပြန်လည်ခံရခြင်း ဖြစ်သည်။ ဘုရားရှင်တို့တောင် ၀ဋ်ကြွေးကို ရှောင်လွဲ၍ မရပါလားဟု သတိသံဝေဂယူရမည် ဖြစ်၏။
ကျွန်ုပ်သည် ရဟန်းငယ်များအဖို့ ခေါင်းဆောင်တစ်ဦးဖြစ်နေလေ၏။ အရှင်သာရိ ပုတ္တရာသည်လည်း ထို့အတူပင် ခေါင်းဆောင်တစ်ဦးဖြစ်လေ၏။ ခေါင်းဆောင်သည် ခေါင်းရှောင်၍ မရပါ။ ခေါင်းဆောင်သည် ငယ်သားများ၏ အခက်အခဲများကို ဖြေရှင်းပေးဖို့ရန် တာဝန်ရှိ၏။ ထိုတာဝန်ကို ကျွန်ုပ်၏ တန်ခိုးဣဒ္ဓိပါဒ်ဖြင့် ဖြေရှင်းရန် ကြံစည်မိ၏။
ဤကမ္ဘာမြေကြီး၏အောက်၌ မြေဆီမြေလွှာများရှိ၏။ ထိုမြေဆီမြေလွှာတို့သည် ပျားသကာကဲ့သို့ ချိုမြနေ၏။ ကျွန်ုပ်သည် လက်တစ်ဖက်ပေါ်တွင် သတ္တ၀ါများကို တင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ဤကမ္ဘာမြေကြီးကို လှန်ကာ ထိုမြေဆီမြေလွှာများကို သုံးဆောင်စေမည် ဖြစ်၏။ ထိုအကြံအစည်ကို ဗုဒ္ဓက ပယ်ချခဲ့လေသည်။
ဗုဒ္ဓက နောက်ထပ်အဘယ်သို့ ပြနိုင်သေးသနည်းဟု မေးမြန်းတော်မူ၏။ ကျွန်ုပ်လည်း ခြေတစ်လှမ်းဖြင့် မြောက်ကျွန်းသို့ ကြွလှမ်းနိုင်စေရန် လမ်းခရီးကို ကျုံ့ပစ်မည်ဟု လျှောက်ထားသောအခါ ဗုဒ္ဓက ပယ်ချတော်မူပြန်သည်။ ဗုဒ္ဓက ကျွန်ုပ်၏အကြံကို ပယ်ချခြင်းမှာ နောင်လာနောက်သားများအတွက် ဖြစ်သည်။ နောင်အနာဂတ်တွင်လည်း ဤပြဿနာမျိုး ပေါ်ပေါက်လာဦးမည်ဖြစ်၏။ ထိုအခါ တန်ခိုးဣဒ္ဓိပါဒ်ဖြင့် မဖြေရှင်းနိုင်ပါက ဘုရားရှင်၏ တပည့်များကို အထင်သေးခံရမည်မှာ မြေကြီးလက်ခတ်မလွဲနိုင်ပါ။ လူအများ၏ အထင်အမြင်သေးခြင်းကို ခံရပါက ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးရှားပါးကာ သာသနာ့တာဝန်များကို ထမ်းဆောင်နိုင်မည်မဟုတ်။ သာသနာပြုလုပ်ငန်းများ ခက်ခဲသွားမည်ဖြစ်၏။ လူအများအဖို့လည်း အရိယာနွယ်ဝင် သံဃာတော်အရှင်တို့ကို ပြစ်မှားသော အကုသိုလ်ကံကြောင့် အပါယ်ငရဲသို့ မုချ ကျရောက်ပေလိမ့်မည်။ ထို့ကြောင့် ၀မ်းရေးကို တန်းခိုးဖြင့် မဖြေရှင်းစေလို ခြင်း ဖြစ်သည်။ အရှင်သာရိပုတ္တရာသည်လည်း ခေါင်းဆောင်ပီပီ နောက်လိုက်ငယ်သားများ၏ အရေး၊ သာသနာ့အရေးကို သူ၏ကြီးမားသော ပညာဉာဏ်ဖြင့် ဖြေရှင်းဖို့ရန် တစ်ပါးတည်း ကြံစည်နေလေ၏။ ပုထုဇဉ်တို့သည် လောကဓံဆိုးများနှင့် ရင်ဆိုင်တွေ့ကြုံရပါက ကိုယ်ကျင့်တရားများ ပျက်ပြားတတ်ကြလေ၏။ ယခုဝေရဉ္ဇာပြည်၏ ဒုဗ္ဘိက္ခဘေးကို ရဟန်းတော်များ လည်း ရင်ဆိုင်နေရပြီ။ နောင်အနာဂတ်တွင် ဤပြဿနာမျိုး ပေါ်ပေါက်လာနိုင်သည်။
ထိုကဲ့သို့သော ပြဿနာမျိုးမပေါ်ပေါက်သေးခင် ယခုကတည်းက စည်းမျဉ်းဥပဒေ (၀ိနည်းသိက္ခာပုဒ်)များ သတ်မှတ်ပြဋ္ဌာန်း(ပညတ်)ထားသင့်သည်ဟု အရှင်သာရိပုတ္တရာက ကြံစည်မိလေသည်။ ဤအကြံကို ဘုရားရှင်အား လျှောက်ထားလေ၏။ ဘုရားရှင်က ရဟန်းတော်များကြားတွင် လောဘ၊ ဒိဋ္ဌိ၊ မာနဟူသော အာသဝေါတရားများ ဖြစ်ပွားပေါ်ပေါက်လာမှ သိက္ခာပုဒ်များကို ပညတ်မည်ဟု မိန့်တော်မူ၍ အရှင်သာရိပုတ္တရာ၏ အကြံကိုလည်း ပယ်ချခဲ့လေသည်။
ဝေရဉ္ဇာပြည်၏ ကပ်ကြီးလည်း ပြီးဆုံးသွားပြီ။ ၀ါလည်း ကျွတ်လေပြီ။ ဘုရားရှင်သည် အရှင်အာနန္ဒာကို ခေါ်၍ ဝေရဉ္ဇာပုဏ္ဏားထံ ပန်ကြားဖို့ရန် ကြွသွားလေသည်။ မိမိတို့ကို ပင့်ဖိတ်ထားသော ဒါယကာတို့အား ပန်ကြားအသိပေးပြီးမှ ဒေသစာရီကြွချီခြင်းသည် ဘုရားရှင်တို့၏ ထုံးစံဖြစ်သည်။
ဘုရားရှင်ကြွလာသောအခါ ဝေရဉ္ဇာပုဏ္ဏားကြီးက မိမိသည် ဃရာဝါသ၊ ကိစ္စများ မြောင်၊ လူတို့ဘောင်တွင် နေထိုင်ရသူဖြစ်သောကြောင့် သတိမေ့လျော့ကာ အရှင်ဘုရားတို့ကို ပစ်ထားမိပါသည်ဟု တောင်းပန်လျှောက်ထားလေ၏။ ထို့နောက် ဘုရားရှင်နှင့် သံဃာတော်တို့အား ဆွမ်း၊ သင်္ကန်းများ လှူဒါန်းဆက်ကပ်လေ၏။ ဘုရားရှင်က ဆွမ်းအနုမောဒနာတရား ဟောကြားပြီးနောက် ဆက်လက်၍ သာသနာပြုရန် ဒေသစာရီ ကြွချီခဲ့လေသည်။ ဝေရဉ္ဖာမှ တစ်ဆင့် သောရေယျပြည်၊ သင်္ကဿပြည်၊ ကဏ္ဏကုဇ္ဇအရပ်၊ ပယာဂဆိပ်ကမ်း၊ ဂင်္ဂါမြစ်တို့ကို ဖြတ်သန်းကာ ဗာရာဏသီ၊ ဝေသာလီပြည်များသို့ အစဉ်အတိုင်းကြွချီကာ သာသနာတော်ကို ဖြန့်ချီခဲ့လေသည်။
မြတ်ဗုဒ္ဓ၏ ဝေရဉ္ဇာသာသနာပြခရီးမဟာသည် စိတ်ဝင်စားဖွယ်၊ သံဝေဂရဖွယ်၊ လေးစားကြည်ညိုဖွယ်၊ သင်္ခန်းစာယူဖွယ်များဖြင့် ပြည့်နှက်နေလေ၏။ သာသနာတော်ထွန်းကားပြန့်ပွားရေးအတွက် လမ်းပန်းဆက်သွယ်ရေး ညံ့ဖျင်းသော ခရီးကြမ်းများကို ရင်ဆိုင်ခဲ့ရခြင်း၊ ဝေရဉ္ဇာပုဏ္ဏားကြီး၏ ဒေါသစကားလုံးများကို မေတ္တာနှလုံးသားဖြင့် အနိုင်ယူခဲ့ခြင်း၊ ဒုဗ္ဘိက္ခဘေးများ၊ ရာသီဥတုဘေးများကို သည်းခံခဲ့ခြင်းတို့သည် အနာဂတ်သာသနာပြုရဟန်းတော်တို့အတွက် ဂုဏ်ယူအားတက်ဖွယ်၊ အတုယူလေးစားလိုက်နာဖွယ် ဖြစ်ပါကြောင်းကို ကျွန်ုပ်၏ ဝေရဉ္ဇာခရီး ဒိုင်ယာရီက မှာတမ်းပြုခဲ့ချင်ပါ၏.................။
ပုံ
အရှင်မဟာမောဂ္ဂလာန်
ခေတ္တ=ဝေရဉ္ဇာ
ဘီစီ=၅၈၇
(၂၀၀၇ ခုနှစ်ထုတ်၊ မန္တလေး၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်မဂ္ဂဇင်းတွင် ရေးခဲ့သော ဆောင်းပါး)
အရှင်မဟာမောဂ္ဂလာန်
ခေတ္တ=ဝေရဉ္ဇာ
ဘီစီ=၅၈၇
(၂၀၀၇ ခုနှစ်ထုတ်၊ မန္တလေး၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်မဂ္ဂဇင်းတွင် ရေးခဲ့သော ဆောင်းပါး)