မူလစာမျက်နှာ၊ ကဗျာ၊ဟာသ၊ ၀တ္ထု၊ ဆောင်းပါး၊ ခရီးသွား၊ ခံစားမှု၊ ဘာသာပြန်

Saturday, January 14, 2012

တောင်ပေါ်မိုးစက် အပြန်ခက်


 
ဦးစန္ဒနှင့် မိတ်ဆွေများဖြစ်သော ဦးဓမ္မိက၊ ဦးဝေပုလ္လ၊ ဦးနန္ဒိယ၊ ဦးဓမ္မပါလ၊ ဦးကုသလ တို့သည် ချင်းပြည်နယ်၊ မင်းတပ်မြို့ဝန်းကျင်မှ ရွာလေးများဆီသို့ သာသနာပြုသွားဖို့ရန် ပြင်ဆင်နေကြသည်။
ဦးစန္ဒတို့သည် သွားရမည့်နယ်မြေဒေသ၏အနေအထား၊ ရာသီဥတု၊ လမ်းပန်းဆက်သွယ်ရေးစသည်များကို စုံစမ်းသည်။ လိုအပ်မည့်ဆေးဝါး၊ ရိက္ခာများ၊ အနွေးထည်၊ ခြုံစောင် စသည်များကို ၀ယ်ယူကြသည်။ ဓာတ်မီး၊ မီးချစ်များပါမကျန် စုံနိုင်သမျှစုံအောင် သေသေချာချာပြင်ဆင်ရသည်။ သာသနာတော်ထွန်းကားပြန့်ပွားရေးအဖွဲ့နှင့် စေတနာရှင်များကလည်း လိုအပ်မည့်ပစ္စည်းများ၊ အသုံးစရိတ်များ လှူဒါန်းပေးလေ၏။

ဦးစန္ဒတို့အဖွဲ့သည် မန္တလေးမှ ပခုက္ကူ၊ ကျောက်ထု၊ မင်းတပ်အထိ အဆင့်ဆင့် ခရီး ထွက်ခဲ့ကြရသည်။ ပေါက်မြို့အထွက်တွင် ကားဘီးပေါက်လေ၏။ နုတ်ခွန်းဆက်ဆိုင်းဘုတ်မှ “ပေါက်ပေါက်မြောက်မြေက် ရှိပါစေ” ဟူသောစာတန်းကြောင့် ဟာသဖြစ်ကြသေး၏။ တဒင်္ဂ ဒုက္ခများ ပျောက်သွားကြသည်။ အရိပ်အကာမရှိသော လွင်တီးခေါင်လမ်းဘေးတစ်နေရာတွင် အညာမြေ၏ နေပူကြဲကြဲဒဏ်ကို လှလှပပခံစားကြရသည်။
ဒီဇင်ဘာခရစ္စမတ်ပွဲတော်ကြောင့် ကျောက်ထုမှ မင်းတပ်တက်မည့်ကားမရှိ၍ လမ်းခရီးတွင် အခက်အခဲတွေ့ကြရပြန်သည်။ သို့သော် ကျောက်ထုဝန်းကျင်မှ ယောရွာလေးများဆီသို့ မမျှော်လင့်ဘဲ ရောက်ဘူးသွားသည်။ ယောသူ၊ ယောသားတို့၏စကားပြောဝဲသံများ၊ အသုံးအနှုံး များက ဦးစန္ဒတို့အား ဗဟုသုတများစွာ ဖြစ်စေသည်။ သူတို့သည်“အင်း”ဟု ထွက်သော စကားလုံးများကို “အန်း” ဟု ပြောဆိုတတ်ကြသည်။ ဥပမာအားဖြင့် ထမင်းဆိုလျင် ထမန်းဟု အသံထွက်လေ့ရှိသည်။  ဦးစန္ဒတို့ပြောသော စကားများကို မပီဘူးဟု ပြောခံရ၍ ငိုအားထက် ရယ်အားသန်ကြရပြန်၏။   သူတို့၏ရိုးသားမှုများ၊ ဧည့်ဝတ်ကျေပွန်ဖော်ရွေမှုများ၊ ဗုဒ္ဓဘာသာ အပေါ်ယုံကြည်ကိုင်းရှိုင်းမှုများကို တွေ့ရတော့ ရင်ထဲပီတိ ဖြစ်ရပြန်၏။
ချင်းပြည်နယ်၊ မင်းတပ်မြို့၊ ပင်လယ်ပြင်အထက်ပေ(၄၈၆၀)၊
တောင်ပေါ်မြို့လေးသို့ ရောက်ကြပြီ။ မိမိတို့ရောက်ကြောင်းကို သက်ဆိုင်ရာဌာနများဆီ သတင်းပို့ပြီးနောက် ကိုယ်စီကိုယ်စီသာသနာပြုရမည့်ရွာလေးများဆီ ခရီးနှင်ရင်း တစ်ပါးနှင့် တစ်ပါး လမ်းခွဲကြရသည်။ ဦးနန္ဒိယနှင့်ဦးဝေပုလ္လက မင်းတပ်မြို့ပေါ်မှ လှမ်း၍မြင်ရသော ”လုပ်ခေး၊ ၀ကောက်”စသော ရွာကလေးများဆီ ထွက်သွားကြပြီ။ ဦးဓမ္မိကက မင်းတပ်မြို့၏ အရှေ့ဘက်ခြမ်းမှ လှီးမဆန်ရွာသို့ တစ်ပါးတည်း ကြွသွားလေပြီ။  ဦးဓမ္မပါလ၊ ဦးကုသလနှင့် ဦးစန္ဒတို့သုံးပါးက မင်းတပ်မြို့၏အနောက်မြောက်ဘက်တွင်ရှိသော မသူးရွာ၊ ၀မ္မသူးရွာ၊ လိုင်းပန်ရွာလေးများဆီသို့ ကြွကြရသည်။ တစ်ရွာနှင့်တစ်ရွာ မိုင်(၄၀)၊ (၅၀) (၈၀) စသဖြင့် ဝေးကွာလွန်းသောကြောင့် တစ်ပါးနှင့်တစ်ပါးတော်တော်နှင့် ပြန်မတွေ့ကြတောပေ။ ညိုမ ယောင်ပြာလဲ့လဲ့ တောင်တန်းကြီးများကလည်း မိုးထိလုနီးပါး ကာဆီးထားသကဲ့သို့ ဖြစ်နေပြန်၏။
ဦးစန္ဒသွားရမည့်ရွာကား လိုင်းပန်ရွာ။ မင်းတပ်နှင့် မိုင်(၄၀)ဝေးကွာ၏။ ထိုခရီးကို ခြေကျင်နှင်ရသည်။ ရွာခံလူကြီးတစ်ယောက်၊လူငယ်နှစ်ယောက်နှင့်မိန်းကလေးလေးယောက် လာကြိုကြသည်။ ဦးစန္ဒ၏စောင်၊သင်္ကန်း၊ ဆေးဝါးနှင့်ဆန်၊ဆီ၊ဆား၊ ငပိ၊ ငခြောက်ထုပ်များကို ထမ်းပေးကြသည်။ ဦးစန္ဒကို တောင်တက်အတွေ့အကြုံမရှိသောကြောင့် ဘာပစ္စည်းမှ မသယ် စေချင်ကြ။ ဦ်းစန္ဒကကျောပိုးအိပ်ထဲမှ အရေးပါသော ကင်မရာ၊ ရေဒီယို၊ဒိုင်ယာရီ ပစ္စည်းများ ကိုစိတ်မချ၍ ကိုယ့်ဘာသာကိုယ်ပဲ လွယ်ထားလိုက်သည်။ လမ်းခရီးတွင် ယောင်္ကျားလေးများ နှင့်မိန်းကလေးများသည် အတူတူအိပ်ကြလေသည်။ ဤသို့ချစ်ခင်ရင်နှီးစွာ၊ နွေးထွေးစွာ ဖက်လဲတတင်းဆက်ဆံခြင်းသည် ချင်းလူငယ်တို့၏ လွပ်လပ်မှုအရှိဆုံး ရိုးရာဓလေ့တစ်ခုဖြစ် ကြောင်း သိလာရသည်။
အချို့နေရာတွင် မြင့်မားလှသောကျောက်ကမ်းပါးရံကြီးများပေါ်မှ ခက်ခဲစွာသွားရ သည်။ ဘေးမှနွယ်ပင်များကို အားပြုထားရသည်။ ရံခါ ယိုင်တိုင်တိုင်ဝါးတံတားလေးများပေါ်မှ သဲထိပ်ရင်ဖို လျှောက်ရပြန်သည်။ လမ်းခရီးတွင် မကြာခဏချော်လဲကျသည်။ တစ်နေရာတွင် ရေအိုင်ထဲလဲကျရာ ကျောပိုးအိပ်ထဲမှရေဒီယိုက ရေစို၍ ပျက်ဆီးသွားလေ၏။ အချို့ပစ္စည်း များကို မသယ်နိုင်တော့ပေ။ ထိုအခါ လမ်းဘေးကြုံရာတွင် ဒီအတိုင်းထားခဲ့ကြသည်။ သူတို့က “မပျောက်ဘူး၊ နောက်မှ ပြန်သယ်ခိုင်းမယ်” ဟု ပြောသဖြင့် အံ့သြရပြန်၏။ သစ္စာရှိသော၊ ချစ်စရာကောင်းသော ဤရိုးရာကျင့်ဝတ်လေး မပျက်စီးပါစေနှင့်ဟု ဆုတောင်းနေမိသည်။
တတောဝင် တတောင်တက်၊ ချောင်းအဆက်ဆက်ကိုလည်း ဖြတ်သန်းရသည်။    ဘောင်၊ ဘုရားကုန်း၊ မရှိန်းလှော်၊ ၀မ္မသူး၊ ၊ခေါက်ထား၊ တောင်ကုန်း၊ ခွီးရိန်၊ ထာလောင်း၊ မသုံနူး၊ စပ်ကောက်၊ ခွဲလုံသာ၊ ဆေ့ခမ်းစသောရွာများကို ဖြတ်ကျော်ရသည်။ အချို့ရွာ လေးများက တစ်ရွာလုံးပေါင်းမှ အိမ်ခြေ (၃) အိမ်ပဲရှိ၏။ အချို့ရွာက (၅) အိမ်။ သုံးရက်နှင့် နှစ်ည ခရီးပြင်းနှင်လိုက်ရ၏။ 
ရောက်ပါပြီ။ မြန်မာပြည်၏ အနောက်မြောက်ဘက်မှ ဝေးလံခေါင်ပါးသော ပင်လယ် ပြင်အထက် အမြင့်ပေ(၅၀၀၀)ကျော်မှ အညတရရွာလေး။  လိုင်းပန်ရွာ။  တစ်ရွာလုံးမှ အိမ်ခြေ (၂၀) ၀န်းကျင်မျှသာ။ အိမ်လေးများက တောင်ယာ တဲသာသာ။ အားလုံး ဓနိမိုး၊ ၀ါးကပ်ကာ၊ ပျဉ်ခင်းထားကြသည်။ ဘုန်းကြီးကျောင်းလေးက ရွာနှင့်အလှမ်းဝေးသော တောင်ကုန်းမြင့် မြင့်လေးတစ်ခုပေါ်တွင် ထီးတည်းလေး ဖြစ်နေ၏။ ကျောင်းဘေးတွင် သင်္ချိုင်းကုန်းက ကပ် လျှက်။ ကျောင်းနောက်ဘေးတွင် ချောက်ကြီးရှိ၏။ ဘေးပတ်လည်တွင် သစ်တောကြီးက ၀န်းရံထား၏။ ရွာသူ၊ ရွာသားများက ဝေးလံလှသော တောင်ယာတွေမှာသာ အနေများသည်။ ရွာ ထဲတွင် ကျောင်းသား၊ ကျောင်းသူလေးများသာ ကျန်နေသည်။ ရွာတွင် စာသင်ကျောင်းမရှိပေ။ သူတို့အဖို့ ဝေးလံလှသော တောင်ကုန်းထိပ်ပေါ်မှ ရွာတစ်ရွာသို့သွား၍ ကျောင်းသွားတက် ကြရသည်။ ချောင်းများ၊ တောတောင်များကို တစ်နေကုန် ဖြတ်သန်းကြရသည်။ သူတို့ဘ၀လေးတွေကို ကြည့်၍ ရင်ထဲ မချိပြီ။
ဦးစန္ဒသည် ပျင်းရိငြီးငွေ့စွာ၊ ထိပ်လန့်စွာ၊ အထီးကျန်စွာဖြင့် ရက်ပေါင်းများစွာကို   တကိုယ်တည်း ဖြတ်သန်းနေရသည်။ မကြာခင်တွင် ခပ်လှမ်းလှမ်းမှ ရွာလေးတွင် ခေါဟာစိမ်း အမည်ရှိ ခရစ်ယာန်တရားဟောဆရာမလေး ရောက်လာသည်။ သူမက လူငယ်များကို သီချင်းဆိုပေးခြင်း၊ ဂစ်တာတီးပေးခြင်း၊ ခေါင်ရည် အတူသောက်ခြင်းဖြင့် စည်းရုံးလေသည်။ သူမထံတွင် တဖြည်းဖြည်းနှင့် လူစည်ကားလာသည်။ ပျော်ရွှင်မှုပေါ်အခြေခံသော ဆူညံမှုများ၊ အော်ဟစ်သံများက တောင်တန်းများစွာကို ဖုံးလွှမ်းနေတော့၏။ ဦးစန္ဒဆီမှာတော့ ခြောက်ကပ်နေ၏။ အထီးကျန် အဖော်မဲ့နေ၏။ သူငယ်ချင်းတစ်ပါး၏ကျောင်းကို သောင်းကျန်းသူများ လာဝိုင်းကြောင်း သတင်းရသည်။ ဦးစန္ဒအဖို့ ရင်တထိတ်ထိတ်နှင့်။  
အချိန်ကာလငှက်ငယ်လေးများက တဖြည်းဖြည်းနှင့် ခရီးနှင်နေကြလေပြီ။ နေ့ရက် နာရီတို့ကလည်း အပြိုင်အဆိုင် ဒိုင်ယာရီထဲ ခုန်ဆင်းနေကြသည်။ နွေ၊ မိုး၊ ဆောင်း ရာသီ စက်ဝန်းတို့က ဦးစန္ဒ၏ ပျင်းရိမှု၊ အထီးကျန်မှုများကို လွမ်းစရာ၊ ရင်မောစရာ၊ တွေးတောစရာ ကားလိပ်ကာများဖြင့် တစ်ခန်းပြီးတစ်ခန်း ဆွဲခေါ်သွားသည်။
ရှည်လျားခြောက်သွေ့လှသော နွေဥတုက လွမ်းစရာ၊ ရင်မောစရာ ဇာတ်ကွပ်များဖြင့် ဖျော်ဖြေပြသနေ၏။ မီးခိုးများတလူလူနှင့် တောင်ကတုန်းရှုခင်းများက အလွမ်းဇာတ်ကို အဓိက ပံ့ပိုးပေးနေကြသည်။ နွေအလှရှုခင်းများက ဈာန်ရထေရ်ရှင်များပင် ဈာန်လျောနိုင်လောက်၏။  မြူခိုးတွေကလည်း သီခေါင်မြင့်မား မိုးအလား တောင်ထွတ်များကို ပိတ်ဖုံးထားလိုက်၊ လှစ်ဟပေးလိုက်နှင့် ကြည်စယ်နေလေ၏။ တောင်ယာလုပ်ရန် သစ်တောများစွာကို ခုတ်လှဲပစ်ကြသည်။ ထို့နောက် မြေသြဇာရစေရန် မီးရှို့ကြသည်။  အဖိုးတန်သစ်တောကြီးများ ပြုန်းတီး နေမှုကို ရင်နာနာနှင့်ပဲ ကြည့်နေရတော့၏။ တောမီးများကလည်း ကြောက်စရာ ကောင်းလှသည်။ ပင်မြင့်ပေါ်မှ နီနီရဲရဲ တောင်ဇလပ်ပန်းတို့က သူတို့ဘ၀၊ သူတို့အလှများ ပျောက်ဆုံးသွားတော့မည်းလားဟု ထိတ်လန့်နေဟန်ရှိ၏။ လှသွေးဖုံသည့် ရောင်စုံသစ်ခွလေးများခမျာ တောမီးများကြားတွင် မလူးလွန့်၊ မရှိုက်သာတော့။  အံကြိတ်ငိုမှိတ်ရင်း သူတို့အလှလေးတွေကို ရင်နာနာနှင့် စွန့်ခွာနေကြရပုံများက မရှုရက်စရာ။ သစ်တောပြန်းတီးမှုကြောင့် သားကောင်များလည်း မျိုးတုန်းလာကြသည်။ 
စားဝတ်နေရေး ကျပ်တည်းမှု၊ အတ္တဆန်မှုများက သဘာဝအလှများကို ရက်ရက် စက်စက် ဖျက်ဆီးနေကြသည်။ သယံဇာတများကို ပြုံးတီးစေ၏။ ထိုအရာများကို အစားထိုး နိုင်ရန် ဦးစန္ဒက ကျောင်းဝန်းကျင်တွင် ငှက်ပျော၊ ပိန္နဲ၊ သရက်၊ ဒညှင်း၊ သံပရာစသော အပင်များကို စိုက်ပျိုးထားလိုက်သည်။ ရွာသူ၊ ရွာသားများကိုလည်း တတ်နိုင်သမျှ ရှင်းပြလိုက်၊ အစားထိုးစိုက်ခိုင်းလိုက်နှင့် သဘာဝအလှများကို တတ်နိုင်သမျှ ကာကွယ်လိုက်သည်။ ထိုအခါ ထီးတည်းဖြစ်နေသော ပေငါးထောင်ကျော်ပေါ်မှ ဦးစန္ဒ၏ကျောင်းလေးသည် နေချင် စဖွယ်လေးဖြစ်လာသည်။
ဧပြီရောက်တော့ မိုး စတင်ရွာလေပြီ။ တစ်ဝါတွင်းလုံး မိုးမပြတ်တော့။ အငြိုးကြီးသော မိုးကြီးထဲတွင် ဦးစန္ဒ၏ ကျောင်းလေးနှင့် လူသူမရှိသော တဲသာသာ ဓနိမိုး၊ ၀ါးကပ်ကာ အိမ် စုတ်ခြာခြာလေးများသာ အထီးကျန်စွာ တည်ရှိနေ၏။ ဦးစန္ဒလည်း ငတ်တစ်လှည့်၊ ပြတ်တစ် လှည့်နှင့်။ လျှပ်စီးများက တ၀င်းဝင်း၊ မိုးချုန်းသံ၊ မိုးကြိုးပစ်သံများက နားကွဲမတတ်။ တစ်ရွာ လုံး ဝေးလံလှသော တောင်ယာများဆီ ရွေ့ပြောင်းသွားကြလေပြီ။ ရွာထဲတွင် ကြက်၊ ငှက်၊ ခွေးများပင် မကျန်တော့ပေ။
မိုးထဲလေထဲတွင် သွားလာလုပ်ကိုင်ကြရသောကြောင့် ရွာသူ၊ ရွာသားများ၊ ကလေး များသည် အအေးမိ၊ နှာစေး၊ ဖျားနာ၊ ၀မ်းပျက်၊ ၀မ်းလျော ဖြစ်ကြသည်။ ကလေးများ၏ခန္ဓာ ကိုယ်တွင် ၀ဲ၊ ဒက်၊ ဂျွတ်များဖြင့် ညစ်ပတ်စုတ်ပေနေသည်။ ဦးစန္ဒသည် ပါလာသောဆေးဝါးများဖြင့် ကုသပေးလိုက်သည်။ ကျန်းမာရေးအခြေခံဗဟုသုတများ၊ တစ်ကိုယ်ရေးသန့်ရှင်းမှုများ ကိုလည်း ရှင်းပြသည်။ ဘာသာစကားအခက်အခဲကြောင့် အဆင်မပြေမှုများနှင့်လည်း တွေ့ကြုံရသည်။ သို့နှင့် ညစ်ပတ်စုတ်ပေနေသောကလေးများကို ကြည်လင်သောစမ်းချောင်းလေးထဲတွင် ကိုယ်တိုင်ရေးချိုးပေးခြင်း၊ ဆပ်ပြာမှုန့်များဖြင့် သူတို့အ၀တ်များကို ကိုယ်တိုင်လည်းလျော်၊ သူတို့ကိုလည်း လျော်ဖွတ်စေခြင်းဖြင့် လက်တွေ့သင်ပြပေးသည်။ အမွေးနံသာများ၊ ဆပ်ပြာများ၊ အ၀တ်အစားများလည်း ဝေပေးလိုက်သည်။
နိုင်ငံကျော်ဓမ္မကထိက၊ ၀ါခင်းကုန်းဆရာတော် တည်ထောင်ထားသော မန္တလေးမြို့၊ ဗုဒ္ဓဘာသာပြန့်ပွားရေး အသင်းကလည်း သာသနာပြုရဟန်းတော်များအတွက် လိုအပ်မည့် ပစ္စည်းများကို  လှူဒါန်းပေးသည်။ ဗွီဒီယို၊ မီးစက်များဝယ်ပြီး  တစ်ပတ်တစ်ခါ ဗွီဒီိယိုပြပေး  လိုက်သည်။  ဗွီဒီယိုပြပေးခြင်းကြောင့်  မြန်မာစကားလည်း ပို၍ကျွမ်းကျင်လာကြသည်။ ခေတ်မီတိုးတက်နေသော မြို့ပြယဉ်ကျေးမှုများနှင့် နှိမ့်ကျနောက်ကျန်နေသော သူတို့ဘ၀များကို နှိုင်းယှဉ်လာကြသည်။ တိုးတက်လိုစိတ်များ ဖြစ်ပေါ်နေကြသည်။
အချိန်ကာလတောင်ကုန်းပေါ်မှ နေ့၊ ရက်၊ လကျောက်စရစ်ခဲများက တစတစ ပြိုကျ လာ၏။ တောင်ပေါ်ဆောင်းက မညှာမတာထောင်းလေ၏။ မေးချင်းရိုက်ကာ ရိုးတွင်းခြင်ဆီ များပင် ခမ်းသွားပြီလားဟု အောက်မေ့ရ၏။ နေမင်းကြီးကား ဘယ်ပျောက်နေမှန်းမသိရ။ “တောင်ငွေ့ဝေေ၀၊ အထွေထွေနှင့်…….နေစကြာလည်း၊ ရောင်ဝါမထွန်း၊ ချမ်းရှာလွန်း၍” ဟူသော မဲဇာတောင်ခြေရတုမှ စာတစ်ပိုဒ်က ခေါင်းထဲပေါ်လာလေ၏။ နံနက် (၉) နာရီကျော်မှ နေရောင်ခြည်ကို စတင်မြင်ရသည်။ ညနေ (၄) နာရီရောက်လျင် နေလုံးကြီးက တောင်စွယ် တောင်တန်းများကြား လျင်မြန်စွာ တိမ်းလျှိုးသွားလေ၏။ နေကွယ်သော တောင်စွယ်မှုံပျပျ များက ဘ၀အဓိပ္ပါယ်ကို ငြိုးငယ်စွာ ပြနေသယောင်ပင်။
မိုးလေကင်းလွတ်သော်လည်း အချမ်းဒဏ်က ပြင်းထန်လှ၏။ ဦးစန္ဒက ကျောင်းရှေ့ မြေကွက်လပ်ကို တူးဖော်ရှင်းလင်းမြေညှိစေသည်။ ဘောလုံး၊ ခြင်းလုံးကစားနည်းများဖြင့် ကိုယ်ကျန်းမာရေးကို ဖန်တီးပေးလိုက်သည်။ လက်တောက်ခုံလုပ်ပေးခြင်း၊ ကျားကွက် ကစားနည်းများပြပေးခြင်း၊ စာဖတ်စေခြင်း၊ အရုပ်ကလေးများကို ဆေးခြည်စေခြင်းဖြင့် သူတို့၏ ဉာဏ်ရည်များကို ဖွံ့ဖြိုးတိုးတက်စေရန်လည်း ဖန်တီးသည်။ 
ငှက်ပျောဖူးသုပ်စားနည်း၊ ပိန္နဲသီးချက်နည်း စသည်တို့ကိုလည်း သင်ကြားပြသပေး လိုက်သည်။ ကျောင်းနံရံများတွင်လည်း ဗဟုသုတရစေသောစာများ၊ ပညာပေးကြော်ငြာများ ကပ်ပေးထားလိုက်သည်။ တပည့်လေးများ၏ပုံများကို ရုပ်ပြောင်ကာတွန်းများဆွဲ၍ နံရံများတွင် ကပ်ထားလိုက်သည်။ သို့နှင့် တပည့်လေးများက ဦးစန္ဒကို ပို၍ပို၍  ခင်မင်ရင်းနှီးလာကြသည်။ ပြောဆိုသမျှ လက်ခံလာသည်။ မိဘများကလည်း လွန်စွာပီတိဖြစ်နေကြသည်။ သားကောင် များကို သတ်ဖြတ်၍ ရိုးရာနတ်ပူဇော်မှုများကြားတွင် ဗုဒ္ဓဆင်းတုများက တင့်တယ်စွာ နေရာရ လာသည်။ ကြမ်းတမ်းရက်စက်သော လက်စားခြေသတ်ဖြတ်မှုများကြားတွင် ချစ်ကြည်ရင်းနှီးမှု မေတ္တာစမ်းရေများက အေးမြကြည်လင်စွာ စီးဆင်းလာ ကြပြီ။ ဗုဒ္ဓဘာသာခံယူပွဲ၊ ထီးတင်ပွဲ၊ သင်္ကြန်ပွဲ၊ သက်ကြီး ရွယ်အိုများကို ပူဇော်ပွဲ၊ ခေါင်းလျှော် ရေးချိုးပေးသည့်ပွဲ၊ ရှင်ပြုရဟန်းခံပွဲ များလည်း ကျင်းပနိုင်လာသည်။
   အချိန်ကာလငှက်ငယ်လေးက ဆောင်း၊ နွေ၊ မိုးရာသီအမျိုးမျိုးကို သယ်ဆောင်လာပြီး တစ်နှစ်တာ တောင်ကုန်းလေးပေါ်ပြန်သွားလေပြီ။  ဗဟိုဌာနချုပ်ဆရာတော်၏ အကူအညီ၊ ရမ်ပန်းရွာမှ ကျောင်းအုပ်ကြီး၏ နားလည်မှုဖြင့် ဦးစန္ဒသည် ကျောင်းသား၊ ကျောင်းသူများကို သူ့ကျောင်းလေးမှာပဲ စာသင်ပေးခွင့်ရလာသည်။ သူတို့ မိုးလေထဲဖြတ်သန်းပြီး အဝေးကြီး သွားစရာမလိုတော့။ မိဘများကလည်း လွန်စွာ သဘောကျ၊ ကလေးများကလည်း ပြုံးပျော်ရွှင်၊ မိမိရင်မှာလည်း ချမ်းမြေ့၊ အို ပျော်မွေ့ဖွယ် ကမ္ဘာသစ်လေးပါလား။ ယူအန်ဒီပီ (UNDP) အဖွဲ့က ကူညီသောကြောင့် မူလတန်းကျောင်းလေးတစ်ကျောင်း ဖြစ်ပေါ်လာသည်။
ပညာရေးကောလိပ်ကျောင်းဆင်း ဆရာမလေးများလည်း ရောက်ရှိလာကြသည်။ သူ့တို့အဖို့လည်း တစ်ရွာတွင် တစ်ယောက်တည်းနေကြရသည်။ အရွယ်နုနုမိန်းမပျိုလေးများ လည်းဖြစ်ပြန်၊ ရာသီဥတုကလည်း ကြမ်းတမ်းပြန်၊ နေရသည်ကလည်း တစ်ယောက်တည်းမို့ သူတို့အဖို့ နေရထိုင်ရသည်မှာ ရင်လေးစရာ။ ကိုယ်ချင်းစာမိသည်။ တတ်နိုင်သမျှ ကူညီပေး သည်။ ဖေးမစောင့်ရှောက်လိုက်သည်။
ဝါကျွတ်သောအခါ ဗဟိုဆရာတော်နှင့် နယ်လှည့်စည်းရုံးရေး သာသနာပြုခရီးစဉ်များ ကြွရသည်။ မင်းတပ်မြို့ဝန်းကျင်မှ ဝေးလံခေါင်းပါးသောရွာလေးများဆီသို့ ကားတစ်တန်၊ ဆိုင် ကယ်တမျိုး၊ ခြေလျင်တစ်ဖုံခရီးစုံနှင်ရသည်။ တောင်တက်တောင်ဆင်းတွေချည်းမို့ လွန်စွာ ဆင်းရဲပင်းပန်းလေ၏။ ဗုဒ္ဓရုပ်ပွားတော်များ၊ အ၀တ်အစား၊ ဆေးဝါးစသည်များဝေပေးရင်း စည်းရုံးရသည်။ ချင်းလူမျိုးများ၏ အနေအထိုင်၊ ဓလေ့စရိုက်၊ ရိုးရာများကိုလည်း သေချာသိရှိလာသည်။
မင်းတပ်မြို့နယ်တွင် သာသနာပြုဌာနကျောင်းပေါင်း(၅၅)ကျောင်းရှိပြီး ရွာပေါင်း တစ်ရာကျော်ခန့်ရှိ၏။ ချင်းလူမျိုးပေါင်း(၅၃)မျိုးခန့်ရှိလေ၏။ အဓိကမျိုးနွယ်ကြီးများမှာ ဒိုင်၊ မွန်၊ မကန်းဟူ၍ သုံးမျိုးရှိသည်။ မကန်းချင်းများက အနက်ရောင်ဝတ်စုံများကို ၀တ်လေ့ရှိ၏။ ဒိုင်များက အနီပေါ်တွင် အနက်ရောင်အဆင်းကြားများဖော်ထားသော ၀တ်စုံများကို ၀တ်လေ့ရှိ၏။ မွန်ချင်းများက အစိမ်းနှင့် အဖြူရောသော အဆင်းလှလှလေးများကို ၀တ်တတ်ကြ၏။ ရံခါတွင် ရွှေချည်ထိုးလေးများဖြင့် လွန်စွာလှပကြလေ၏။
ရွာပေါင်းများစွာသို့ ဖြတ်သန်းသွားလာရသောကြောင့် မြေပြန့်မှ ဆရာမလေးများ၏ တောင်ပေါ်တွင် ဆင်းရဲချို့စွာနေရပုံများကို ကိုယ်တိုင်တွေ့ကြုံလာရသည်။ သနားကရုဏာလည်း ဖြစ်မိသည်။ အချို့ဆရာမလေးများက ရိုးရာခေါင်ပွဲများ၊ မိမိတို့နှင့်မတူသော ဓလေ့ထုံးစံများနှင့် တွေ့ကြုံသောအခါ မီးစင်ကြည့်၍ ကတတ်ကြ၏။ အခက်အခဲအမျိုးမျိုးကြားမှပင် ဆင်းရဲချို့တဲ့နိမ့်ကျလှသော တောင်ပေါ်သားများကိုထူးချွန်လာအောင် အနစ်နာခံ၍ ပေးဆပ်နေသော သူတို့၏ကြိုးစားမှုများကိုမြင်ရတော့ ဦးစန္ဒပီတိဖြစ်မိသည်။ အချို့ကား တဒင်္ဂပျော်ရွင်မှု၊ လွပ်လပ်မှုလေးများအပေါ်တွင် မျောပါသွားကြလေ၏။ အချို့တောင်ပေါ်မှာပဲ အိမ်ထောင် ကျသွားကြသည်။ သူတို့ဘ၀လေးများကို တောင်ပေါ်မှာပဲ ဆင်းရဲချို့တဲ့စွာ မြုတ်နှံကြရပုံများကို မြင်ရပြန်တော့ ဦးစန္ဒအဖို့ ရင်ထဲမချိ ခံစားမိ၏။ တစ်ခါက ဆရာမတစ်ယောက် လမ်းခရီးတွင် ခေါင်ရည်မူး၍ လဲနေသည်ကိုတွေ့ရာ ဦးစန္ဒ အတော်စိတ်ထိခိုက်သွားသည်။ တောင်ပေါ်ခေါင် ပွဲ(နတ်ပွဲ)များတွင် နွားနောက်သား၊ တောဝက်သားများစား၍ ယောင်္ကျားလေး၊ မိန်းကလေးများ ခေါင်ရည်အတူတူ့ သောက်ကြသည်။ တစ်ညလုံး ဆူညံအော်ဟစ်ကကြသည်။ ဖက်လဲတတင်း အတူတူ အိပ်ကြသည်။
တောင်ပေါ်သူ၊ တောင်ပေါ်သားတို့၏ အနာဂတ်လှပစေရန် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့များ၊ ကျန်းမာရေးအဖွဲ့များ၊ ယူအန်ဒီပီ(UNDP)၊ ကဲယား(Care)စသော ထောက်ပံ့ရေးအဖွဲ့များ၊ ဆောက်လုပ်ရေးဝန်ထမ်းများက ကူညီနေကြသည်။ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေကြ သည်။ တောင်ပေါ်သူ၊ တောင်ပေါ်သားများသည် လူရည်လည်လာကြသည်။ အစစအရာရာ သွက်လက်လာကြသည်။
ပြူတင်းပေါက်ဖွင့်လျင် လေကောင်းလေသန့်လည်း ရနိုင်သည်။ ယင်ကောင်များလည်း တစ်ပြိုင်နက် ၀င်လာနိုင်သည်။ ယဉ်ကျေးမှုစီးချင်းထိုးပွဲများဖြစ်လာကြသည်။ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးလာလျှင် စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုများ ကျဆင်းသွားတတ်သည်မှာ ဓမ္မတာ။ ရုပ်ပိုင်း ဆိုင်ရာဖွံ့ဖြိုးမှုများနောက်ကွယ်မှ အတ္တဆန်မှုများ၊ မတရားမှုများကို တွေ့ကြုံကြားသိလာ ရသည်။ သူတို့၏ ရိုးသားမှုလေးများ၊ ကြည်နူးဖွယ်ရာလေးများ လျော့ပါးလာမှုကို ဦးစန္ဒသည် ဆို့နှင့်ကြေကွဲစွာနှင့် သုံးသပ်နေမိသည်။ ဦးစန္ဒသည် ပြောင်းလဲမှုဒဏ်ကို မခံနိုင်ခြင်းလော။ အလွမ်းသည်မှု အားကြီးနေခြင်းလော……….သူ့ကိုယ်သူ ဝေခွဲမရပေ။
ဆရာမလေးအား စကားစပ်မိလျင် ထိုအကြောင်းအရာများကို ပြောဆိုဆွေးနွေးမိသည်။ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်ဖို့ရန် တိုက်တွန်းမိသည်။ ဆရာမလေးသည် စိတ်မ၀င်စားခြင်း လော၊ မနှစ်သက်ခြင်းလော မပြောတတ်။ လက်ခံပုံလည်း မတွေ့ရပေ။
ဦးစန္ဒအဖို့လည်း သာသနာပြုတာဝန်ပြီးဆုံးသွားလေပြီ။ ရှေ့ဆက်လျှောက်ရမည့် ခရီး စဉ်ကားရှိသေး၏။ သို့ဖြစ်၍ ဦးစန္ဒပြန်ရတော့မည်။ ရွာသူ၊သားများက စိတ်မကောင်းကြ။ ကျောင်းသား၊ ကျောင်းသူလေးများက ရှိုက်ကြီးတငင် ငိုကြွေးကြ၏။ ၀ါဆိုမိုးကား သံယောဇဉ် မပြတ်သေးပေ။ သဲကြီးမဲကြီးရွာသွန်းနေသည်။ ဦးစန္ဒရင်ထဲတွင် ဗလောင်ဆူပွက်နေ၏။ မိုးချိန်းသံ၊ တော်လဲသံများက တ၀ုန်းဝုန်း၊ တချုံးချုံးနှင့်။ ဖြစ်နိုင်လျင် မိမိဘ၀ကို  သူတို့လေး တွေထံမှာပဲ တစ်သက်လုံး မြုတ်နှံထားချင်ပါ၏။ သို့ရာတွင် မဖြစ်နိုင်သော အခြေအနေများက ဦးစန္ဒ၏ဘ၀တွင် ၀န်းရံထား၏။ ဦးစန္ဒသည် ဆန္ဒနှင့်ဘ၀တို့၏ တစ်ထပ်တည်းမကျမှုဒဏ်ကို ကြိတ်မှိတ်ခံစားနေရသည်။ သူတို့လေးတွေနဲ့အတူ ဆရာမကို မတွေ့ရပေ။ ဆရာမကို နုတ်ဆက်ချင်သည်။ ဆရာမကား ဝေးလံလှသောရွာတစ်ရွာသို့ ရိုးရာခေါင်ပွဲဆင်နွဲပုံများကို တွေ့ကြုံလိုသောကြောင့်  မောင်ထန်းကီးနှင့်လိုက်သွားကြောင်းသိရသည်။ မောင်ထန်းကီးကား နာမည်ပျက်သူတစ်ဦးဖြစ်သည်။ တရားဝင်မယားနှစ်ယောက်လည်းရှိသည်။ ဆရာမအား နုတ်မဆက်သာသောကြောင့် အမှတ်တရကဗျာလေးတစ်ပုဒ်ရေးထုတ်၍ ကျောင်းနံရံမှာပဲ ကပ်ထားလိုက်တော့သည်။
တောင်ပေါ်မိုးစက်၊  အပြန်ခက်၍
နုတ်မဆက်သာ၊  ရင်မှာ နာ၏။
မြူမှုံနှင့် နှင်း၊  ရာသီဝန်းလဲ
ချင်းနှင်းဝင်ရောက်၊  ရင်ကိုဖောက်၏။
မဆုံးနိုင်သော၊  ဤဇာတ်မျောတွင်
အသောမသတ်၊  တစ်ခန်းရပ်ဖြင့်
မပြတ်မသား၊  နုတ်ဆက်သွားသည်
တောင်ပေါ်မိုးက  သက်သေတည်………….။

ဦးစန္ဒကား ပြင်းထန်လှသော မိုးရေစက်များအောက်တွင် ကျောပိုးအိပ်ကို လွယ်ရင်း တရွေ့ရွေ့ ခရီးနှင်နေ၏။ လိုက်ပို့ကြသော ကလေးငယ်များ၏မျက်ရည်များက တောင်ပေါ် မိုးစက်များနှင့်ပြိုင်လျှက်……။ “ဒိုင်ရူ ကဆစ်တမ်း…ပါဘွေ၊ ဒိုင်ရူ ကဆစ်တမ်း…ပါဘွေ…” (ဘုန်းကြီး မပြန်ပါနဲ့၊ ဘုန်းကြီး မပြန်ပါနဲ့)”…။ ငိုယိုအော်ဟစ်သံများက ထစ်ချုံးသံများနှင့် ရောထွေးနေ၏..။ ဝှေ့ရမ်းမြောက်ချီကာဆီးထားသော သူတို့လက်များကြောင့် ဦးစန္ဒ၏ ခြေလှမ်းတို့က နှေးကွေးလေးလံနေဆဲ………။ တောင်ပေါ်မိုးကလည်း အငြိုးကြီးနေဆဲ……….။

စရဏ
(သီရိလင်္ကာနိုင်ငံ၊ ၂၀၁၁ခုနှစ်။ တတိယအကြိမ်ထုတ်၊ လင်္ကာတမန်မဂ္ဂဇင်းတွင် ရေးသားထားခဲ့သော ၀တ္ထု။)




Tuesday, January 10, 2012

အနှိုင်းမဲ့

နေရဉ္ဖရာမြစ်
နေရဉ္ဖရာမြစ်ထဲမျောရန် လူသေအလောင်းထမ်းလာသူတွေကို မြင်နေရတယ်….။ ရေ၊ လေ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှာ၊ ရောဂါရမှာထက် ဟိန္ဒူအယူအဆတွေက သူတို့အသွေးအသားထဲအထိ နေရာယူထားတယ်။ တရားပွဲ ကျင်းပနေတဲ့ မဟာဗောဓိဂယာဝန်းကျင်နားက ဖြတ်သွားကြတယ်။ တရားနာနေလို့ ညပ်ပိတ်နေတဲ့ လူအုပ်ကြီးက နေရာဖယ်ပေးဖို့ လုံးဝမဖြစ်နိုင်တဲ့အခြေအနေ။ လုံခြုံရေးရဲတွေက အပြွတ်အသိပ်။ ရဲတွေနဲ့ လူတွေနဲ့… ။ လားမားတွေနဲ့…။ တိဘက်တွေနဲ့… စကားများကြတာ ထပ်တလဲလဲ။
အိန္ဒိယနိုင်ငံသည် ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်သည်။ ဘာတွေ စီနေမှန်းတော့ မသိ။ တောင်းသူ တွေရော….ကောင်းသူတွေရော…..။ လုသူတွေရော….ညုသူတွေရော…။ ဖွေးဖွေးတွေရော..ညစ်ထေး သူတွေရော။ ဆန်းတာတွေရော…လန်းတာတွေရော..ရမ်းတာတွေရော..ကြမ်းတာတွေရော။ ညစ်သူတွေ ရော ချစ်သူတွေရော….ပစ်သူတွေရော(အမှိုက်သရိုက်၊ အညစ်အကြေးတွေ ပစ်ချင်ရာ ပစ်ကြ)။ ပြောသူတွေရော…ဟောသူတွေရော။ ပြသူတွေရော…ချသူတွေရော..။ တတ်သူတွေရော…ဖြတ်သူတွေရော.။ ကြွားသူတွေရော…၀ါးသူတွေရော။ ခွဲသူတွေရော.. ကွဲသူတွေရော…။ လူမြင်ကွင်းလည်း ပေါ်တင် အပေါ့ အလေးသွားတယ်။ ပိုက်ဆံလည်း ပြောင်လိမ်ပြောင်တောင်းချင်တယ်။ လစ်တာနဲ့ သုတ်ချင်တယ်။ ခုတ်ချင်တယ်။ ဗြုတ်ချင်တယ်။ ယုတ်ချင်တယ်။
ဘာသာပေါင်းစုံ။ လူပေါင်းစုံ။ စကားပေါင်းစုံ။ စရိုက်ပေါင်းစုံ။ တိုက်ပေါင်းစုံ။ ဆိုက်ပေါင်းစုံ။  ဂိုက်ပေါင်းစုံ။ ရှုပ်ထွေးပျားခတ်နေ၏။ ပညာရှင်တွေက ဒိုက်ဗာ့စ် (diverse) ဒီမိုကရောစီတဲ့။ ဒါကြောင့် ဘုရားတိုင်းက ဒီမှာ ပွင့်တာဖြစ်နိုင်တယ်။ အချင်းချင်း ထုတ်ချင်တဲ့ လောဂျစ်တွေ ထုတ်နေမိတယ်။ ဒီလို ရောပြွန်းရှုပ်ထွေးနေမှုတွေကို ဖြေရှင်းဖို့ ဒီ(မဇ္ဈိမ)ဒေသကိုပဲ ရွေးရွေးပြီး ပွင့်ကြတာဖြစ်နိုင်တယ်။ ဒါမှလည်း သဗ္ဗညုတဉာဏ်တော်ရဲ့ စွမ်းပကားတွေ ပိုပြီး ပေါ်လွင်ထင်ရှားလာမှာပေါ့တဲ့…တစ်ပါးက။ အချင်းချင်း စွဲချင်တဲ့ ကောက်ချက်တွေ ဆွဲနေမိတယ်။ နောက်တစ်ပါးက “ဟုတ်တယ်လေ..။ ဒါကြောင့် အနှိုင်းမဲ့ဖြစ်တာပေါ့” လို့ သိမ်းကျုံးပြီး၊ ဒါမှမဟုတ် ခြုံငုံပြီး နိဂုံးချုပ်ချလိုက်ပါတော့တယ်….။
(အိန္ဒိယနိုင်ငံ၊ မဟာဗောဓိဝန်းကျင်တွင် ကမ္ဘာကျော်တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား၏ ၁၀ ရက်တိုင်တိုင် ဟောကြားသော တရားတော်များကို နားထောင်ရင်း အမှတ်တရ)