မူလစာမျက်နှာ၊ ကဗျာ၊ဟာသ၊ ၀တ္ထု၊ ဆောင်းပါး၊ ခရီးသွား၊ ခံစားမှု၊ ဘာသာပြန်
Saturday, December 31, 2011
ဟာသမထုတ်နိုင်တဲ့ နေ့ရက်များ
      ရွှီး…ရွှီး…ဖြန်း….
          မှန်တံခါးကို သစ်ကိုင်းများက လာရိုက်နေသည်။ သစ်ရွက်စိမ်းများ ကပ်ကျန်နေခဲ့သည်။ အားလုံးတိတ်ဆိတ်နေ၏။
တိုက်ပေါ်က ဘာပြုတ်ကျသွားမှန်းမသိ။
          တစ်ခါတစ်ခါတွင် သုံးထပ်တိုက်ကြီးတစ်ခုလုံး လှုပ်ယိုင်းခါထွက်သွားသည်။ ဘာတွေ ဖြစ်ပြီကုန်လဲ…။
          အလင်းရောင် ပျပျလေး ထွက်လာသည်။ “မိုးပါလာလို့ တော်တာ၊ နို့မဟုတ်ရင် မလွယ်ဘူး” ဦးသောဘိတဓမ္မအသံကြားရသည်။ “မိုးက လေကို ဖြတ်တောက်ပေးတယ်။ ဒါကြောင့် သက်သာတာ” သူက လောဂျစ်ကယ်ရီးစင်းထပ်ထုတ်လိုက်သည်။ ဦးသုနန္ဒ(ဖောင်းပြင်)က အားပါးတရထောက်ခံနေ သည်။ စောစောက ခေါင်မိုးပေါ်က ရေပေပါ(စည်ပိုင်း)ကြီး ပြုတ်ကျသွားတာလို့ သူက ဆိုသည်။
          ဒီဇင်ဘာ(၂၉)နေ့ကတည်းက စတင်တိုက်ခတ်နေတဲ့ သိမ်း(Thane)မုန်းတိုင်း။ ၂၉ ရက်နေ့ (၁၂) နာရီ ကျော်တာနဲ့ ပြင်းထန်းလာလေတော့၏။ အိန္ဒိယနိုင်ငံ၊ တမီလ်နာဒူးပြည်နယ်၊ ချင်နိုင်း (Chennai) မြို့၏ အရှေ့နဲ့ အရှေ့တောင်ဘက်၊ မိုင်(၃၃၀)ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းရဲ့ အနောက်နဲ့ အနောက် တောင်ဘက်၊ မိုင်(၅၇၅)မိုင်ဝန်းကျင်၊ ပုသိမ်မြို့၊ အနောက်တောင်ဘက်၊ မိုင်(၇၂၀) ခန့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းပင်လယ်ကို ဗဟိုပြုပြီး ၆ နာရီအတွင်းမှာ အနောက်-အနောက် တောင်ဘက်ကို တစ်နာရီ ၇ မိုင်နှုန်းနဲ့ ရွေ့လျားနေတဲ့ ဆိုင်ကလုန်းမုန်းတုန်း။ NRL data တွေ ထုတ်ပြန်ချက်က ၂၈ ရက်နေ့ကတည်းက စတင်တိုက်ခတ်နေတာတဲ့။ အိန္ဒိယ နေ့စဉ် သတင်းစာ ကလည်း ကြိုတင်သတိပေးပြီး ရာသီဥတုအခြေအနေကို တိတိကျကျ တွက်ချက် ဖော်ပြထားပါတယ်။ လမ်းဘေးတဲသာသာအိမ်လေးများတွင် နေထိုင်တဲ့ ဒေသခံပြည်သူတွေကို ဆေးရုံ၊ စာသင်ကျောင်းတွေမှာ နေရာချပေးထားပါတယ်။
အိန္ဒိယမိုးလေဝသနဲ့ ဇလဗေဒဌာနတို့ ပြောကြားချက်အရ ဘင်္ဂလားပင်လယ်အော်နဲ့ အိန္ဒိယသမုဒ္ဒရာကို အခြေပြုတိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုံးမုန်တိုင်းနာမည်များအား အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ မော်လဒိုက်၊ မြန်မာ၊ အိုမန်နဲ့ ထိုင်းနိုင်ငံတွေက အလှည့်ကျ နာမည်ပေးခြင်းဖြစ်ကြောင်း သိရပါတယ်။
၂၀၀၄ ခုနှစ်က စတင်အသက်ဝင်ခဲ့တဲ့ ကမ္ဘာ့မိုးလေဝသ၊ ဇလဗေဒအဖွဲ့နဲ့ ကုလသမဂ္ဂ အာရှ၊ ပစိဖိတ် စီးပွားရေးနဲ့ လူမှုရေး ကော်မရှင်တိှု့ ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေအညီ ခုလို နာမည်သတ်မှတ်ခြင်းဖြစ်ပါတယ်။ နိုင်ငံရှစ်နိုင်ငံက အမည် ၆၄ ခု ပြင်ဆင်ထားပြီး အလှည့်ကျ ကြေညာတယ်။ ခု ဘင်္ဂလား ပင်လယ်အော်ဆီ ရွေ့လျားနေတဲ့ ဆိုင်ကလုံးနာမည် သိမ်း (Thane) အား မြန်မာနိုင်ငံက ပေးခဲ့တာပါ။
ပြီးခဲ့တဲ့ နှစ်များက ပေးခဲ့တဲ့ နိုင်ငံနဲ့ ဆိုင်ကလုံး နာမည်များမှာ….
  •     လိုင်လာ (ပါကစ္စတန်)၊ နစ်ရှား (ဘင်္ဂလားဒေ့ရှ်) ၂၀၁၀
  •     ဖျန်း (မြန်မာ) ၂၀၀၉
  •     အိုင်လာ (မော်လဒိုက်) ၂၀၀၉
  •     ဘီဂျလီး (အိန္ဒိယ) ၂၀၀၉
  •     ရက်ရှ်မီး (သီရိလင်္ကာ) ၂၀၀၈
  •     နာဂစ် (ပါကစ္စတန်) ၂၀၀၈
          အရှင်က သီရိလင်္ကာကနေ ၂၇ ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊ ချင်နိုင်းမြို့ကို ရောက်ရှိပါတယ်။ ၂၈ ရက် နေ့နံနက်မှာ မုန်တိုင်းသတင်းကို ဖတ်ထားပါတယ်။ အရှင့်ရဲ့သူငယ်ချင်းမိတ်ဆွေရဟန်းတော် (၈)ပါးက ချီဒမ်ဘရမ်(Chidambaram)မြို့၊ အနာမလိုင်းတက္ကသိုလ်(Annamalai Univarsity)မှာ Ph.D တန်းတက်နေကြပါတယ်။ သူတို့အတွက် စာအုပ်စာတမ်း၊ သင်္ကန်း၊ နို့မှုန့်၊ ခေါင်းရိတ်ဓား၊ လဘက်ခြောက်စတာတွေ လှူဒါန်းဖို့ အဲဒီမြို့ကို သွားမှ ဖြစ်မှာပါ။ ချင်နိုင်းကနေ ဂယာသွားဖို့ ရထားလည်း စီစဉ်ပြီးပြီ။ ဂယာကနေ မြန်မာပြည်ကို ပြန်ဖို့လေယာဉ်လက်မှတ်ကလည်း ကြိုတင်ဖြတ်ထားပြီးပြီ။ အန္တရာယ်ကို ကြောက်ပြီး မသွားရင် သူတို့လိုအပ်ချက်တွေလည်း ဆုံးရှုံးသွားနိုင်ပါတယ်။ ဒီတော့ မိမိပြုလုပ်တဲ့ ကုသိုလ် ကောင်းမှုဓမ္မအစွမ်းကိုပဲ အားကိုးပြီး  ဖြစ်ချင်ရာ ဖြစ်စေတော့ဆိုပြီး မိတ်ဆွေသူငယ်ချင်းရဟန်းတော် ဦးဓမ္မသီရိနဲ့အတူ ရထိမီနာ(Rathimeena)ဘတ်စ်ကားစီးပြီး  ၂၈ ရက်နေ့ နေ့လည် ၁ နာရီ ၅၅  မိနစ်မှာ ချင်နိုင်းမြို့ကနေ စတင်ထွက်ခဲ့ပါတယ်။ ကားခ ၂ ပါးစာ ရူးပီး(၅၀၀)ပေးရပါတယ်။ ကားဂိတ် ကို တက်စီငှားရာ ရူးပီး ၈၀၀ ကျပါတယ်။ လမ်းဘေးကားရပ်တော့ လဘက်ရည် တစ်ပါး တစ်ခွက် သောက်ရာ တစ်ခွက်ကို ၁၃ ရူးပီးကျပါတယ်။ (ချီဒမ်ဘရမ်မြို့ထဲမှာ တစ်ခွက်ကို ၆ ရူးပီးပေးရပါတယ်။) ည ၇ နာရီ ၁၅ မိနစ်မှာ သီရိနိဝဆ(Sri Nivasa) ရုပ်ရှင်ရုံ(Theater)နားမှာ ဆင်းရပါတယ်။ အရှင်ဥေယျဓမ္မ၊ အရှင်သောဘိတဓမ္မနဲ့ ဘုန်းကြီးဦးပဏ္ဍိတို့ လာကြိုကြပါတယ်။
          ၂၉ ရက်နေ့ မနက်ခင်းမှာ သူငယ်ချင်းများက သူတို့တက်ရောက်လေ့လာနေတဲ့ အနာမလိုင်း တက္ကသိုလ်ကြီးထဲကို ခေါ်သွားပါတယ်။ ဒီတက္ကသိုလ်ကြီးမှာ မြန်မာရဟန်းတော်တွေ ယခုနှစ်မှ စတင် တက်ခွင့်ရတာပါ။ အစက ၁၀ ပါးပါ။ လက်ရှိမှာတော့ ၈ ပါးပဲကျန်ပါတယ်။ မြန်မာရဟန်းတော်တွေကို မမြင်ဘူးလို့ သွားလေရာမှာ ၀ိုင်းဝိုင်းအကြည့်ခံရပါတယ်။ ဓာတ်ပုံတွဲရိုက်ချင်တဲ့သူတွေလည်း ပေါပါတယ်။ သတင်းထောက်တွေက သေချာဓာတ်ပုံရိုက်ပြီး သူတို့သတင်းစာမှာ ဖော်ပြထားပါတယ်။ အပြင်သွား ရတာလည်း ခပ်လန့်လန့်ပါပဲ။    အာရှမှာ အကြီးမားဆုံး တက္ကသိုလ်ဖြစ်တယ်လို့  သိရပါတယ်။ ကျောင်းသား၊ ကျောင်းသူပေါင်း သိန်းချီပြီး လေ့လာနေကြတာပါ။ အာဖရိကမှ နီဂရိုးကျောင်းသား၊ ကျောင်းသူတွေ (၄၀၀) လောက်လည်း  ပညာဆည်းပူးနေကြပါတယ်။ ဌာနပေါင်း (၄၉) ခုရှိပါတယ်။ မြန်မာရဟန်းတော်တွေ တက်ရောက်လေ့လာနေတဲ့ ဖီလိုဆိုဖီဌာနကို ၁၉၂၉ မှာ စတင်ဖွင့်လှစ်ခဲ့တာပါ။ ဒီတက္ကသိုလ်ကြီးကို ၁၉၂၅ ခုနှစ်က အိန္ဒိယကဗျာဆရာကြီး ရာဘင်ဒရာနတ်တဂိုး (Rabindranath Tagore)နဲ့ ဒေါက်တာဆာရေပလ္လိရာ ဒကရစ်ရှနန် (Sarvepalli Radhakrishnan) တို့တည်ထောင်ခဲ့တာပါ။
          လေ့လာလို့မဆုံးခင်မှာပဲ မုန်တိုင်းကြောင့် ကျောင်းတွေ ပိတ်နေပါပြီ။ နောက်ကြနေတာမို့ ဓာတ်ပုံလည်း သေချာမှတ်တမ်းမတင်နိုင်တော့ပါဘူး။ မုန်းတိုင်းက အစပြုနေပါပြီ။ ညရောက်တော့ ဖြည်းဖြည်းချင်းနဲ့ တိုက်ခတ်ပြီး ည ၁၂ နာရီကျော်တာနဲ့ ကြမ်းတော့တာပါပဲ။ ၃၀ ရက်နေ့ နံနက် ၇ နာရီလောက်မှာ စာရေးသူတို့နေတဲ့ သုံးထပ်တိုက်၊ အပေါ်ဆုံးထပ်ကို တမီးလ်ဟိန္ဒူကလေးငယ်များ ပြေးတက်လာပြီး စာရေးသူတို့အခြေအနေကို လာကြည့်ပါတယ်။ အရှင်တို့ကိုတွေ့တော့ ၀မ်းသာ နေကြပါတယ်။ တိုက်ပေါ်က ရေတွေကိုလည်း ခပ်ထုတ်ပေးပါတယ်။ စမူဆာများလည်း လာပို့ပေးပါတယ်။ ဘာသာမတူသော်လည်း သူတို့ခေါင်းထဲမှာ အစွဲအလမ်းမပြင်းထန်သေးတော့ ဖြူစင်မှုနဲ့ သန့်ရှင်းတဲ့ ခင်မင်မှုလေးတွေကို တွေ့ရပါတယ်။ စိတ်ထဲ တော်တော်ကြည်နူးမိပါတယ်။
မုန်းတိုင်းလည်း  ပြီးသွားပါပြီ။ အိန္ဒိယနိုင်ငံတောင်ပိုင်း၊ ပွန်ဒီချယ်ရီကမ်းခြေနဲ့ တမီလ်နာဒူးပြည်နယ်ကမ်းခြေမှာ လူ ၃၅ ဦး သေဆုံးခဲ့ကြောင်း၊ လမ်းတွေ ပိတ်ဆို့သွားကြောင်း စနေနေ့ထုတ် Times of India သတင်းစာမှာ ဖော်ပြထားပါတယ်။ လင်္ကာက သူငယ်ချင်းတွေကလည်း မေးလ်ကနေ အဆင်ပြေ-မပြေမေးမြန်းရင်း စိုးရိမ်ပူပန်နေကြပါတယ်။ အရှင်တို့အဖို့ ဘေးရန်ကင်းကွာ ချမ်းသာစွာနဲ့ ခရီးစဉ်ဖြောင့်ဖြူးသာယာခဲ့ပါပြီ။ ခုလို ခရီးစဉ် ဖြောင့်ဖြူးတာဟာ ချင်နိုင်းမှာ နှစ်(၃၀)နီးပါးလောက်နေထိုင်နေတဲ့ မြန်မာပြည်ဖွား၊ ဦးချင်းယားနဲ့ ဒကာမကြီးဒေါ်စိန်ထွေးတို့မိသားစုရဲ့ စီမံပေးမှုကြောင့်ပါ။ သူတို့မိသားစုက စေတနာလွန်စွာ ဖြောင့်စင်းပါတယ်။ သူတို့ဆီရောက်လာတဲ့ မြန်မာရဟန်းတော်မှန်သမျှကို မငြီးမငြူပဲ စိတ်ရှည်လက်ရှည်နဲ့ ကူညီ ပေးလေ့ရှိပါတယ်။ အိန္ဒိယမှာ ပညာသင်နေတဲ့ ရဟန်းတော်များ၊ အိန္ဒိယနဲ့ပတ်သက်ဘူးတဲ့ ဆရာတော်များအဖို့ သူတို့မိသားစုရဲ့ အကူအညီလွတ်သူခပ်ရှားရှားပါပဲ။ ချင်နိုင်းတက္ကသိုလ်တစ်ခုမှာ ဒေါက်တာဘွဲ့အတွက် ပညာသင်နေတဲ့ ဦးသြဘာသနဲ့ ဦးနန္ဒသာရတို့ကလည်း စေတနာအပြည့်အ၀နဲ့ စာရေးသူတို့ရဲ့လိုအပ်ချက်တွေကို စေတနာအပြည့်အ၀နဲ့ ကူညီပေးကြပါတယ်။
သူတို့စေတနာ၊ သူတို့မေတ္တာတွေနဲ့ ကုသိုလ်ကောင်းမှုဓမ္မစွမ်းအင်တွေကြောင့် ဘေးရန်တွေ ကနေ လွတ်မြောက်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနေ့ရက်တွေမှာ ဟာသမထုတ်နိုင်တာကတော့ သေချာ ပါတယ်။ သြော် ဟာသမထုတ်နိုင်တဲ့ နေ့များပါတကား……။
အကိုး      
1.86th Session of Indian Philosophical Congress(IPC) လက်ကမ်းစာရွက်စာတမ်းများ။
2.28.Dec.2011,India Daily News Paper,
3.http://www.mizzimaburmese.com/news/regional/8832--thane--.htm(31.12.2011)
အိန္ဒိယနိုင်ငံ၊ တမီလ်နာဒူးပြည်နယ်၊ ချီဒမ်ဘရမ်(Chidambaram)မြို့မှ အာရှရဲ့အကြီးမားဆုံး အနာမလိုင်းတက္ကသိုလ်ကြီး
 ရေသတ္တ၀ါများစွာထားတဲ့ ပြတိုက်ကြီး
 တက္ကသိုလ်က တမီးလ်ကျောင်းသားများနဲ့အတူ
Sunday, December 25, 2011
စပ်မိစပ်ရာ ဟာသများ(၅)
 အလွန်းလို့ ချပစ်တာ
စာရေးသူ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မှာ စာသင်နေတုန်းကပေါ့။ တစ်ညနေခင်းမှာ စာသင်သားကိုယ်တော်တွေက ဆရာတော် ဦးသီရိန်  (သီရိန္ဒာ ဘိဝံသ)ရဲ့ ကျောင်းနောက်ဖေး ရေချိုးအုတ်ကန်မှာ ခပ်ကြီးကြီး ပလပ်စတစ်ရေဆွဲပုံးတွေနဲ့ တဘွမ်းဘွမ်းရေးချိုးနေရာ ဆရာတော်က ရေကို မချွေတာလို့ ရိုက်မယ်ဆိုပြီး ကျောင်းပေါ်က ဆင်းလာပါတယ်။
          ရေကန်နားလည်းရောက်ရော ဆရာတော်က ရေတဘွမ်းဘွမ်းနဲ့ ချိုးနေသူတွေ ကြားထဲမှာ တစ်ပါးတည်း နို့ဆီဘူးသာသာခွက်လေးနဲ့ ရေချိုးနေတဲ့ ဦးကုသလဆိုတဲ့ ကိုယ်တော်ကို တွေ့သွားပါတယ်။ ဆရာတော်က အဲဒီခွက်သေးသေးနဲ့ ချိုးနေတဲ့ ကိုယ်တော် တစ်ပါးတည်းကိုပဲ ရွေးပြီး ရိုက်သွားပါတယ်။
          ညရောက်တော့ ဘုရားရှိခိုးအပြီး ဆရာတော်ပေးလိုက်တဲ့ သြ၀ါဒက “တပည့်တော် ညနေက ကိုယ်တော်တွေ ရေကို မချွေတာဘူးဆိုပြီး ရိုက်မလို့ သွားတာ၊ ကန်နားရောက်တော့ ဦးကုသလက သူများတွေ ခွက်ကြီးကြီးနဲ့ချိုးနေတဲ့အချိန် သူက ခွက်သေးသေးနဲ့ ချိုးနေတော့ ဒီလောက်တောင် အလှချည်းလားဆိုပြီး သူ့ကိုပဲ အလွန်းလို့ ချပစ်ခဲ့တယ်” လို့ မိန့်လိုက်ရာ စာသင်သားတွေမှာ တဝေါဝေါနဲ့ ပွဲကျသွားပါတော့တယ်။
ကိုယ့်ရှူးကိုယ့်ပတ်
အညာဒေသေ ရွာတစ်ရွာမှာ ကျောင်းသား၊ ကိုရင်တွေနဲ့ စည်ကားနေတဲ့ ဘုန်းတော် ကြီးကျောင်းတစ်ကျောင်းရှိပါတယ်။ ကျောင်းထိုင်ဆရာတော်က် ကဗျာ၊ လင်္ကာစတာတွေကို လွန်စွာဝါသနာကြီးပါတယ်။ ကျောင်းနံရံတွေမှာလည်း ကဗျာအတိုအစလေးများကို ကပ်ထား လေ့ရှိပါတယ်။ ကြာတော့ ကျောင်းသား၊ ကိုရင်တွေလည်း ဆရာတော့်ဓာတ်ကူးသွားကာ သူတို့စိတ်ထဲပေါ်လာတဲ့ ကဗျာ၊ ကာရံအတိုအထွာတွေကို တွေ့တဲ့နေရာ ရေးလိုက်၊ ပါးစပ်က ဆိုလိုက်နဲ့ ဖြစ်ကုန်ပါတော့တယ်။
တစ်နေ့မှာ ကျောင်းဝိုင်းကျယ်ကြီးကို သန့်ရှင်းရေးလုပ်နေခိုက် ကျောင်းသားငယ် တစ်ဦးက “ဒို့ကျောင်းတော်ကြီး သာသာယာယာ” လို့ ပါးစပ်ထဲပေါ်ရာကို ဆိုလိုက်ရာ ဘုန်းတော်ကြီးက ပြူတင်းပေါက်က ကြည့်နေရင်း သဘောကျသွားကာ “ဟဲ့..ကျောင်းသား၊ ဆက်ဆိုစမ်းပါဦး” ဟု လှမ်းအော်လိုက်ပါတယ်။ ကျောင်းသားကလည်း ဆက်မဆိုတတ်လို့ တွန့်ဆုတ်ဆုတ်ဖြစ်နေရာ ဘုန်းတော်ကြီးက ဆက်ဆိုဖို့ ထပ်အော်လိုက်ပြန်ပါတယ်။
 ကျောင်းသားကလည်း ကြောက်ကြောက်နဲ့ “ဘုန်းတော်ကြီးလည်း ပျံတော်မူတော့မှာ” လို့ ဆက်ဆိုချလိုက်ရာ ဘုန်းတော်ကြီးမှာ အရှိုက်ထိသွားကာ မျက်နှာရွံ့မဲ့မဲ့ဖြစ်ပြီး ရိုက်ရခက်၊ ငေါက်ရခက်မို့ ပြူတင်းပေါက်ကို ဒိုင်းကနဲ ဆောင့်ပိတ်ချလိုက်ပါတော့တယ်။
ရယ်စရာ မဟုတ်တဲ့ ဟာသ
တစ်ခါက နာမည်ကြီးကျောင်းတိုက်ကြီးတစ်ခုမှာ စာချဆရာတော်ကြီးက စာလိုက်တဲ့ တပည့်စာသင်သားများ ပျင်းမှာစိုးပြီး စာချရင်း ရယ်စရာဟာသများပြောပြပါတယ်။ ဒါပေမယ့် ဆရာတော့်ဟာသတွေက ခြောက်ကပ်ကပ်နဲ့ မရယ်ရပါဘူး။ တပည့်များက ပျင်းပျင်းရိရိနဲ့ ပြူးကြောင်ပြီး ကြည့်နေတော့ ဆရာတော်က “ဟဲ့ ကောင်တွေ၊ ငါက ရယ်စရာ ပြောနေတာ၊ ရယ်ကြလေ” လို့ မိန့်လိုက်ရာ ထိုအခါမှပဲ ရယ်စရာမဟုတ်ဘဲနဲ့ တဟဲဟဲ ရယ်လိုက်ရပါတော့တယ်။
 ဘယ်သူမှ နားမလည်တဲ့ စကား
စာရေးသူ ချင်းတောင်ပေါ် သာသနာပြုနေစဉ်ကပေါ့။ တစ်ချိန်မှာ မြေမြန့်ကို ကိစ္စ တစ်ခုနဲ့ ပြန်ဆင်းပါတယ်။ အဲဒီတုန်းက မိုးတွေကရွာ၊ ချောင်းတွေကကြီးပြီး ခရီးတော်တော် ဖင့်နေပါတယ်။ မိုးသဲသဲ ညမှောင်မှောင်ထဲ စိုးတထိတ်ထိတ်နဲ့ ခြေကျင်ခရီးနှင်ရင်း အိမ်ခြေ ၅ အိမ်လောက်ရှိတဲ့ ရွာလေးတစ်ရွာကို ည ၁၂ နာရီဝန်းကျင်လောက်မှာ ရောက်သွားပါတယ်။ အဲဒီရွာလေးထဲ ၀င်ခါစမှာပဲ ခွေးတွေအများကြီးထွက်လာပြီး ကျယ်လောင်စွာမာန်ဖီဟောင်ကြ ရင်း စာရေးသူကို ၀ိုင်းထားကြပါတယ်။ စာရေးသူအဖို့ လေးလံလှတဲ့ ကျောပိုးအိပ်နဲ့ တစ်နေကုန် မိုးတောထဲ လျှောက်ခဲ့ရတဲ့ဒဏ်တွေကြောင့် အတော်ကြီးမောပန်းနွမ်းနယ်နေပါပြီ။ ခုခံဖို့ မလွယ်တော့ပါဘူး။
          ထိုစဉ် လူရွယ်တစ်ယောက် ရောက်လာပြီး ခွေးတွေကို မောင်းထုတ်လိုက်ပါတယ်။ ပြီးတော့ ထိခြင်းငါးပါးနဲ့ ကျကျနန ရှိခိုးရင်း “ခုလို ဝေးလံခေါင်သီတဲ့ တောတောင်ကြီးထဲမှာ အရှင်ဘုရားကို ဖူးတွေ့ရတာ ရှားပါးတဲ့ အခွင့်အရေးတစ်ခုပါပဲ…ဘုရား”တဲ့။ 
          အရှင်လည်း မြန်မာစကားကို ပီပီသသနဲ့ ကျွမ်းကျင်စွာပြောဆိုလိုက်တဲ့ လူငယ့်စကား ကြောင့် အံ့သြ၀မ်းသာဖြစ်မိပါတယ်။ သူက ရိပ်မိဟန်တူတယ်။ ချင်ချင်းပဲ...“တပည့်တော် ဗမာတစ်ယောက်ပါ ဘုရား။ တစ်ချိန်က အရှင်ဘုရားလိုပဲ သာသနာပြုရဟန်းတစ်ပါးပါ။ ဒီမှာ အိမ်ထောင်ကျတာ ၂ နှစ်ရှိပါပြီဘုရား..။ ခုလောလောဆယ် အရှင်ဘုရားကို အရေးကြီးတဲ့ စကားတစ်ခွန်းလောက် ပြောချင်လို့ပါ။ ဒီစကားကို ဒီအရပ်မှာ ဘယ်သူမှ နားလည်မှာ မဟုတ် လို့ နားမထောင်ခြင်လည်း သည်းခံပြီး နားထောင်ပေးပါ ဘုရား..”လို့ ခွင့်တောင်းပြန်ရာ..
          “မောင်ရင် ပြောစရာရှိရင် မြန်မြန်ပြောကွာ၊ ငါလည်း ပန်းလည်းပန်း ချမ်းလည်းချမ်းနေပြီ”လို့ ပြောရင်း ခွင့်ပေးလိုက်ရာ…သူတအားပြောချင်နေတဲ့ အရေးကြီးပြီး ဘယ်သူမှ နားလည်မှာ မဟုတ်တဲ့ စကားကတော့ “အရှင်ဘုရား ခု မန်ချက်နိုင်သွားပြီဘုရား…”တဲ့။
လွဲချက်ကယ် နာ
ချင်းတောင်ပေါ် သာသနာပြုနေစဉ်က ဖြစ်ရပ်လေးပါ။ သာသနာပြုကိုယ်တော် တစ်ပါးက ချင်းလူငယ်တွေကို ရဟန်းသံဃာနဲ့ ဆက်ဆံတဲ့အခါ တစ်ခုခုပြောဆိုမှားသွားရင် “ကန်တော့၊ ကန်တော့” လို့ တောင်းပန်ရန်၊ အလှူဒါနလုပ်တဲ့အခါ..တရားနာတဲ့အခါ “သာဓု၊ သာဓု” လို့ ခေါ်ဆိုရန် သင်ပေးထားလိုက်ပါတယ်။
          တစ်ချိန်မှာ ရေတာပိုင်နဲ့ မီးအားထုတ်ဖို့ သာသနာပြုကိုယ်တော်က ပခုက္ကူဆင်းပြီး ရေပိုက်၊ ဒိုင်နမိုဝယ်ရန်သွားရင်း သူ့ရဲ့တပည့်လူငယ်တစ်ဦးကို ကပ္ပိယအဖြစ် ခေါ်သွားပါတယ်။ ကိုယ်တော်က ကားအတွင်းက စီးခွင့်ရပြီး လူရွယ်က ခေါ်မိုးပေါ်က စီးဖို့နေရာရပါတယ်။ ပခုက္ကူလည်းရောက်ရော လူငယ်က ကားခေါင်မိုးပေါ်ကနေ အောက်ဆင်းခိုက် မမျှော်လင့်ဘဲ သူ့ဆရာကိုယ်တော်ရဲ့ခေါင်းကို ခြေနဲ့ကန်မိသွားပါတယ်။ အဲဒီအချိန် ထိုချင်းလူငယ်က အသံခပ်လေးလေးနဲ့ လွဲမှားပြီးတောင်းပန်လိုက်ပုံက.. “သာ…ဓု၊ သာ….ဓု…သာဓု” တဲ့။
          ဘေးက ခရီးသည်တွေ တခွီးခွီးနဲ့ အူတက်နေသလောက် ထိုကိုယ်တော်အဖို့တော့ စိတ်တိုရခက်၊ ရယ်ရခက်နဲ့ ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်သွားပါလေရော။
Thursday, December 15, 2011
စပ်မိစပ်ရာ ဟာသများ(၄)
စာရေးသူတို့ နယ်ဘက်မှာ တရားဓမ္မလွန်စွာလိုက်စားတဲ့ ဒကာကြီးတစ်ယောက်ရှိပါတယ်။ သူက အဘိဓမ္မာနဲ့ ၀ိပဿနာတွေ အထူးလေ့လာလိုက်စားထားတော့ တရားသင်တန်းတွေလည်း  ပြပေးနိုင်ပါတယ်။ ကြာတော့ တရားနဲ့ပဲ မွေ့လျော်မှုများလာပြီး စိတ်လည်း တည်ငြိမ်လာပါတယ်။ အကုသိုလ်စိတ်တွေ အဖြစ်နည်းလာတော့သူကစိတ်ကြီးဝင်လာပါတယ်။
 တစ်နေ့ ရွာဦးကျောင်းဆရာတော်ကြီးထံတရားဆွေးနွေးဖို့ ရောက်သွားပါတယ်။ စိတ်ကြီးဝင်နေသူ ဆိုတော့ ဘုန်းကြီးကိုရှိမခိုးဘဲ ပမာမခန့်ထိုင်လိုက်ပါတယ်။ ဘုန်းတော်ကြီးက ကွမ်းစားဖို့ ကွမ်းညှပ်နေရင်း မျက်စိထဲဒေါင့်မကျိုးတာနဲ့ “ဒကာတော်၊ ဘာလို့ ရှိမခိုးတာလဲ” လို့ မေးလိုက်ရာ….
ထိုဘကြီးက “တပည့်တော် စူဠသောတာပန်ပါဘုရား၊ ဒါကြောင့်မို့ အရှင်ဘုရားလို ပုထုဇဉ်တစ်ပါးကို ရှိမခိုးနိုင်ဘူး…ဘုရား” လို့ လျှောက်လိုက်ရာ ဘုန်းတော်ကြီးက စိတ်တိုပြီး “ဘာ… စူဠသောတာပန်လဲကွ၊ မင်းထက်မြင့်တဲ့ သောတာပန်အဆင့်ရှိတဲ့ သိကြားမင်းကတောင် ဒီနေ့ဝတ်တဲ့ ပုထုဇဉ်ကိုရင်လေးကို ရှိခိုးသေးတယ်ကွ..” လို့ ငေါက်ပစ်ရင်း ကွမ်းညှပ်နဲ့ ထိပ်ပစ်ချရာ အနှီ စူဠသောတာပန်ကြီးလည်း နဖူးကို နာနာပွတ်ရင်း ထပြေးပါလေရော……။
ငါစွဲပြုတ်ရင် သောတာပန်
အထက်မြန်မာပြည်၊ ရွှေဘိုနားက ဒကာတစ်ယောက်တဲ့။ တရားတွေ လေ့လာလိုက်စား နေသူပါ။ တရားပြဆရာတော်က “ငါ”ဆိုတဲ့ အစွဲကိုခွာနိုင်ရင် သောတာပန်ဖြစ်ပြီလို့ ရှင်းပြလိုက်ရာ ထိုဒကာတော်မောင်က တရားပွဲပြီးတာနဲ့ ချက်ချင်းအိမ်ပြန်သွားပါတယ်။ ညမှောင်မှောင်ထဲ အိမ်ရှေ့ရောက်တော့ အိမ်တံခါးကို ထုလိုက်ပါတယ်။ သူ့အိမ်ရှင်မ ဘယ်သူလဲ..လို့ မေးလိုက်တယ်။ သူက မဖြေဘူး။ နောက်ထပ်မေးတယ်။ ထိုနည်း၎င်းပါပဲ။ မဖြေပါဘူး။
သုံးခါမြောက်လည်းရောက်ရော အိမ်ရှင်မကတံခါးဖွင့်ပြီး “ရှင်..ဘယ်သူလဲ၊ မေးနေတာ မကြားဘူးလား..”လို့ စိတ်တိုတိုနဲ့အော်ချလိုက်ပါတယ်။  “ငါ…စွဲပြုတ်ရင် သောတာပန်ဖြစ်ပြီ” လို့ သူက နှလုံးသွင်းနေတာဆိုတော့ “ဒို့ပါ ဒို့ပါ”လို့ ဖြေလိုက်တယ်။ ငါစွဲပြုတ်အောင် ငါဆိုတဲ့ အသုံး အနှုံးကို ရှောင်ကြဉ်ပြီး ဖြေလိုက်ခြင်းဖြစ်ပါတယ်။ 
မိန်းမက သူ့ယောင်္ကျားမှန်းလည်းသိရော စိတ်မရှည်တော့ဘဲ “ဘယ်ကဒို့လဲ.. စကားကိုရှင်းအောင် ပြောတာမဟုတ်ဘူး” လို့အော်ဟစ်ပြောဆိုရင်း ပါးဆွဲချလိုက် တော့မှ “ငါပါကွ မိန်းမရ” လို့ ပြန်အော်ရင်း တွေးရုံသက်သက်နဲ့ဖြစ်လာတဲ့ သောတာပန်ကြီးလည်း  “ငါ” ပြန်စွဲကာ ချက်ချင်း ပုထုဇဉ်အဆင့်လျောကြပြီး ကြမ်းပြင်ပေါ်လဲကျသွားပါတော့တယ်။
အနာဂါမ် ဆရာပု
တစ်ခါက မုံရွာဘက်မှာ အမြဲနီးပါး တရားအားထုတ်နေလေ့ရှိတဲ့ ဆရာပုဆိုတဲ့လူတစ်ဦး ရှိတယ်ဆိုပဲ။ သူက ဒေါသမဖြစ်သလောက်နီးပါးပါပဲ။ ဒါနဲ့ အနာဂါမ်ဆိုတာဒေါသမရှိဘူးလို့ တွေးမိပြီး သူ့အိမ်ရှေ့မှာ “အနာဂါမ် ဆရာပု” ဆိုပြီး ဆိုင်းဘုတ်ချိတ်ထားလိုက်ပါတယ်။
          ဒါနဲ့ လူငယ်တွေက ဒေါသရှိ..မရှိ စမ်းသပ်ချင်တာနဲ့ ညရောက်တော့ ဆရာပုအိမ်ကို ခဲနဲ့ဝိုင်းပေါက်ချလိုက်ရာ နောက်နေ့မနက်လည်းရောက်ရော ဆိုင်းဘုတ်က စာတန်းမှာ ချက်ချင်းပြောင်းသွား ပါတော့တယ်။
          စာတန်းပြောင်းသွားပုံက “သကဒါဂါမ် ဆရာပု”..တဲ့။
          ဆိုင်းဘုတ်က ပြောင်းသွားတဲ့စာတန်းကို ကြည့်ပြီး လူငယ်တွေက“သြော် သကဒါဂါမ်ဆိုတော့ ဒေါသရှိသေးတယ်ပေါ့”..လို့ နားလည်သွားကြရှာသတဲ့။
ထူးဆန်းတဲ့ ရဟန္တာ 
တစ်ခါက မန္တလေးနယ်ထဲမှာ ရဟန္တာ..ရဟန္တာဆိုပြီး လူတွေ ကြိတ်ကြိတ်တိုး သွားရောက် ဖူးမျှော်ကြပါတယ်။ စာတတ်ပေတတ်ဆရာတော်တွေ သွားရောက်စစ်ဆေးတော့ ရဟန္တာလို့သမုတ် ခံရတဲ့ ဆရာတော်က ရိုးသားစွာနဲ့ “တပည့်တော် ရဟန္တာ မဟုတ်ပါဘူး..ဘုရား”လို့ ပွင်းလင်းစွာ လျှောက်ထားသတဲ့။
          ဒါဆို အရှင်ဘုရား ဘာဖြစ်လို့ ရဟန္တာဆိုပြီး နာမည်ကြီးတာလဲ..လို့ ဆရာတော်ကြီးတွေက စစ်ဆေးတော့ ထိုဆရာတော် လျှောက်ထားပုံက…
          “တပည့်တော် လူနာမည်က ငတာပါ..ဘုရား။ ဖိုးသူတော်ဖြစ်တော့ ဖိုးတာလို့ ခေါ်ခံရတယ်။ ကိုရင်ဖြစ်တော့ ကိုရင်တာဖြစ်ပြီး ရဟန်းလည်းဖြစ်ရော ရဟန်းတာ..လို့ အခေါ်ခံရတာပါဘုရား..”တဲ့။
နိဗ္ဗာန်ရောက်သူ ၄ ဦး
တစ်ခါက မန္တလေးတောင်ပေါ်တက်ပြီး နိုင်ငံခြားသားတွေနဲ့ အင်္ဂလိပ်စကားပြောလေ့ကျင့်တဲ့ ကိုယ်တော်လေးတစ်ပါးရှိပါတယ်။ ဘာသာရေးစိတ်ဝင်စားတဲ့ တိုးရစ်တစ်ယောက်က ထိုကိုယ်တော် လေးအား “အရှင်ဘုရားတို့ ဗုဒ္ဓဘာသာမှာ နိဗ္ဗာန်ဆိုတာ လူသိများတယ်။ ခုအဲဒီနိဗ္ဗာန်ကို ရောက်တဲ့သူ ဘယ်နှစ်ဦးရှိပြီလဲ..”လို့ မေးလိုက်ရာ ကိုယ်တော်လေးက အင်္ဂလိပ်အသံထွက်ကလည်း တကယ် နားမယဉ်သေးတော့ နိဗ္ဗာန်ကို မျက်မှောက်အာရုံပြုနိုင်တဲ့ ပုဂ္ဂိုလ်တွေနဲ့လွဲပြီး ၄ ယောက်လို့ ရုတ်တရက် မှားဖြေလိုက်မိပါတယ်။ သူက သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်နဲ့ ရဟန္တာပုဂ္ဂိုလ်တွေကို ရည်ရွယ်ပြီး ဖြေလိုက်မိတာပါ။
တိုးရစ်ကမျက်နှာရှုံ့မဲ့ကာ…
          “အိုး တော်ပြီ၊ တော်ပြီ၊ အရှင်ဘုရားတို့ နိဗ္ဗာန်က လူနည်းနည်းပဲ လက်ခံတာ၊ ဒါကြောင့် သူတရားအားမထုတ်ချင်တော့ဘူး” လို့ ပြောပြီး စိတ်ပျက်ပျက်နဲ့ ပြန်သွားရှာသတဲ့…။
Wednesday, December 7, 2011
စပ်မိစပ်ရာ ဟာသများ (၃)
  လေပေါတယ်ဆိုတာ ဒါမျိုး
ကိုယ်တော်တစ်ပါး။ တွေ့ရာ မြင်ရာကို ဘာမှအလွတ်မပေးဘဲ အကုန်လိုက်ပြောချင်သူ။ စကားကိုလည်း
အကျအနကောက်ပြောတတ်သူ။ မိုးရေထဲကြေမွနေတဲ့ နွားခြေးတွေကို မြင်တော့ သူက “ယူကြုံးမရဆိုတာ..ဒါပဲ” တဲ့။
ကားချင်းတိုက်လို့ မှန်တွေ ကွဲတာမြင်တော့ “ကြေကွဲတယ်ဆိုတာ ဒါမျိုး” လို့လုပ်ပြန်ရော။
ဆောင်းရာသီ၊ နှင်းတွေကျ၊ လေတွေတိုက်တော့ “ဒါမျိုးကို အေးချမ်းတယ် ခေါ်တာ” လို့ အဋ္ဌကထာဖွင့်ပြန်ရော။
သူနဲ့ ခရီးတစ်ခုသွားရင်း ကားတွေ လေဖြည့်တဲ့နေရာရောက်တော့ ကားဘီးကပေါက်၊ မိုးတွေကရွာ၊ လေတွေတိုက်၊ ဖားတွေကအော်။ တော်တော့်ကို ဆူညံပွတ်လောရိုက်နေတဲ့နေရာပါပဲ။ ဒါနဲ့ အခြားကိုယ်တော်တစ်ပါးက ကိုလေပေါကို ရွဲ့ပြီး “လေပေါတယ်ဆိုတာ ဒါမျိုးကွ”လို့ ဦးအောင် ဋီကာဖွင့်ချလိုက်ရာ တွေ့ကရာရှစ်သောင်းကို မနားတမ်းပြောတတ်တဲ့ ကိုလေပေါခမျာ ဒီတစ်ခါတော့ ဘာမှ မပြောနိုင်တော့ဘဲ မျက်လုံး၊ မျက်ဆံပြူးပြီး ထိုင်နေရင်း ငုတ်တုတ်မေ့သွားပါလေရော…..။
အပြည့်စုံဆုံး ဒိုင်ယာရီ
မန္တလေး၊ သာသနာ့တက္ကသိုလ်မှာ ပညာဆည်းပူးနေတုန်းကပေါ့။ ဒိုင်ယာရီမပြတ်ရေးလေ့ရှိတဲ့ ကိုယ်တော်လေးတစ်ပါးရှိတယ်ဆိုပဲ။ သူက နေ့စဉ်ဖြစ်ပျက်သမျှကို ဘာမှ မကျန်အောင် ရေးလေ့ရှိ တယ်တဲ့။
အဲဒါ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူ့ဒိုင်ယာရီမှာ ဘာမှ ရေးစရာမရှိတာကို တောင် ဖြစ်အောင်ရေးမှတ်ထားပုံကို ကိုယ်တော်တစ်ပါးက ဖောက်သည်ချပါတယ်။ ဘာမှ ရေးမှတ်စရာမရှိတာကို ရေးမှတ်ထားပုံက…”ဒီနေ့ ဘာမှ ရေးစရာမရှိ၊ ငရုပ်ပင် ရေလောင်း၊ ပေါင်းထိုး၊ မြက်ရိတ်၊ အိပ်” တဲ့..။
လိုက်ပွဲလေးကမှ ကောင်းတာ
အနေအထိုင် အတော်ရိုးအေးပြီး သိက္ခာ၊ သမာဓိရှိတဲ့ ဆရာတော်ကြီးတစ်ပါး။ သူက ဥပုသ် နေ့ည ဘုရားဝတ်တက်ပြီးရင် တပည့်စာသင်သားတွေကို လိမ္မာရေးခြားရှိအောင်၊ အသိဥာဏ် ဗဟုသုတရှိအောင် သြ၀ါဒပေးလေ့ရှိပါတယ်။ သူ့ကိုယ်တွေ့တွေကိုလည်း မကြာခဏ ပြောပြလေ့ ရှိပါတယ်။ သူငယ်ငယ်က မန္တလေးမှာ စာသင်နေစဉ် ပြင်ပဗဟုသုတရှိအောင်ဆိုပြီး တစ်နေ့မှာ အအေးဆိုင်တစ်ဆိုင်ကို သွားထိုင်တာတဲ့။
တစ်ခါမှ ဆိုင်ထိုင်ဘူးတာမဟုတ်တော့ ဘာမှာလို့ မှာရမှန်း မသိပါဘူး။ ဒါနဲ့ ဟိုဟိုဒီဒီ လျောက်ကြည့်တော့ နံရံက ကြော်ငြာဆိုင်းဘုတ်ကို တွေ့လိုက်ပါတယ်။ “ဖာလူဒါတစ်ခွက် ၅၀ ပြား၊ ရွှေရင်အေးတစ်ခွက်..၄၀..ပြား” စသည်ပေါ့။ ဆရာတော်လောင်းလျာ ဦးဇင်းလေးက “ဖာလူဒါ တစ်ခွက်”လို့ မှာလိုက်ပါတယ်။ ဆိုင်ကအမောပြေ ရေခဲရေတစ်ခွက် အရင်လာချပေးပါတယ်။ ဦးဇင်းလေးက ရေးအေးအေးလေးကို ဖြည်းဖြည်းချင်း အရသာခံပြီး သောက်ကြည့်နေပါတယ်။
ထိုစဉ် အဖော်ရဟန်းတော်တွေ ရောက်လာပြီး “စာဝါသံချောင်း ခေါက်တော့မယ်၊ နောက်ကျလိမ့်မယ်၊ သွားကြရအောင်”ဆိုပြီး ခေါ်သွားပါတယ်။ ဦးဇင်းလေးက ပြား ၅၀ ကို စားပွဲပေါ်တင်ပြီး ဆိုင်ထဲကထွက်မယ်ပြင်ခိုက် ဖာလူဒါအစစ် ရောက်လာပါတယ်။
ဦးဇင်းလေးက နောက်ကျမှာ စိုးတာနဲ့ နဲနဲမြည်းကြည့်ပြီး ခပ်သုတ်သုတ် လိုက်သွားပါတယ်။
လမ်းရောက်တော့ ဦးဇင်းလေး ပြောလိုက်ပုံက “တပည့်တော် ဖာလူဒါသောက်တာ ဘာမှ အရသာမရှိဘူး၊ ရွာက ရေတိုင်းပဲ။ လိုက်ပွဲလေးကမှ အရသာရှိတာ” တဲ့။
 ငါ့သားကို ထမင်းငတ်အောင် လုပ်တဲ့ခေတ်
တစ်ခါက တောမြို့တစ်မြို့မှာ သားဖ ၂ ယောက်ထမင်းအတူစားနေကြပါတယ်။ သားဖြစ်သူရဲ့ ဆံပင်စတိုင်က မျက်စိတစ်ဖက်ပေါ် ၀ဲကျနေတဲ့ဟန်ပါ။ ထမင်းကို ခေါင်းငုံ့စားနေတော့ သူ့ဆံပင်က မျက်စိတစ်ဖက်ပေါ် လာလာပြီး အုပ်နေပါတယ်။ ဒါကို သူက ခေါင်းကို ဆတ်ခနဲခါခါပစ်ပြီး ဆံပင်ကို လှန်လှန်တင်နေရတာဆိုတော့ ထမင်းကောင်းကောင်းစားလို့   မရတော့ပါဘူး။
    ဖအေဖြစ်သူက “မင်းဆံပင်ကြီးကလည်း နေရထိုင်ရ၊ စားရသောက်ရတာ အတော့်ကို အဆင် မပြေဘူး။ ညှပ်ပစ်စမ်းကွာ” လို့ ပြောတော့ သားဖြစ်သူက… “ဟာ အဖေကလည်း ဘာမှမသိဘဲနဲ့၊ ဒါ ခေတ်စတိုင်ဗျ..”လို့ ပြန်ပြောလိုက်ရာ ဖအေက ဒေါကန်ပြီး….
    “တောက်…ခေတ်ကိုက ငါ့သားကို ထမင်းငတ်အောင် လုပ်တဲ့ခေတ်၊ အလကားခေတ်၊ ထွီ..” ဆိုပြီး စိတ်တိုတိုနဲ့ ထမင်းဝိုင်းကနေ ထသွားပါတော့တယ်။
   မန္တလေးမြို့၊ သာသနာ့တက္ကသိုလ်တက်တုန်းကပါ။ သူငယ်ချင်းကိုယ်တော်တစ်ပါးရှိတယ်။ သူက ဒိုင်ယာရီ အမြဲရေးမှတ်လေ့ရှိပါတယ်။ တစ်နေ့မှာ သူမရှိခိုက် သူငယ်ချင်းတွေ သူ့နေရာ ရောက်လာပါတယ်။ အချင်းချင်းကလည်း ပြောမနာ၊ ဆိုမနာဆိုတော့ သူ့ဒိုင်ယာရီလေးကို ခပ်ဖြန်းဖြန်း ကောက်လှန်ဖတ်မိလိုက်ပါတယ်။
သူ့ပေါ် တစ်ခါမှ စိတ်မဆိုးဘူးတဲ့ သူငယ်ချင်းတွေက ဒီတစ်ခါတော့ သူ့ဒိုင်ယာရီထဲစာလေး ၂ ကြောင်းကြောင့် အတော်ဒေါကန်သွားကြတယ်ဆိုပဲ။ သူရေးမှတ်ထားပုံက…
“မနက် အာဂန္တု(သူငယ်ချင်းတွေ)လာ၊ လက်ဘက်ရည်လိုက်တိုက်၊ နှစ်ရာကုန်၊ နှမြော။”
နေ့လည် ဆေးကျောင်းသူလေး ၂ ယောက်လာ၊ တောင်ခြေ၊ ထမင်းလိုက်ကြွေး၊ ၅၀၀ ကုန်၊ မနှမြော…” တဲ့။
ကောင်းလိုက်တဲ့ ဘာသာပြန်
လွန်ခဲ့တဲ့ ၄ နှစ်လောက်က ဥပုသ်နေ့ တစ်နေ့မှာပေါ့။ တက္ကသိုလ်က စာသင်ဘက်သူငယ်ချင်း တွေနဲ့အတူ မန္တလေးတောင်ပေါ်တက်ပြီး တွေ့တဲ့နိုင်ငံခြားသားတွေကို အင်္ဂလိပ်စကားပြော လေ့ကျင့် ခဲ့ပါတယ်။ အဲဒီနေ့ကမှတ်မှတ်ရရပါပဲ။ တောင်းပြုံးပွဲသွားတဲ့ကားတွေက မန်းတောင်ရဲ့ အောက်နား ကနေ ဖြတ်ဖြတ်သွားနေပါတယ်။ ကားပေါ်ကလူငယ်၊ လူရွယ်တွေကနတ်ဆိုင်းတွေ၊ နတ်သီချင်းတွေ ဖွင့်သူဖွင့်၊ ဆိုသူဆိုနဲ့ အတော့်ကို မြူးကြွကြွရှိလှပါတယ်။
“အဲဒါ ဘယ်သွားကြတာလဲ” …
နိုင်ငံခြားသားကမေးပါတယ်။
“တောင်ပြုံးပွဲသွားတာ” လို့ ကိုယ်တော်တစ်ပါးကဖြေလိုက်ပါတယ်။
“တောင်ပြုံးပွဲဆိုတာဘာလဲ၊ ဘာလို့ တောင်ပြုံးပွဲလို့ ခေါ်တာလဲ” …မေးခွန်းတွေ ဆင့်ဆင့်လာပါတယ်။
ကိုယ်တော်လေးဘာသာပြန်ပြောလိုက်ပုံက “တောင်ပြုံး” ဆိုတာမောင်တိန်စမိုင်း(mountain smile)လို့ဆိုလိုတာပါ။ ခု အဲဒီမောင်တိန်စမိုင်းကို သွားနေကြတာ” တဲ့။
Oh! Wonderful! I have to go there to see mountain smile. အိုး.....အတော်ထူးဆန်းပါလား။ ငါလည်း တောင်ပြုံးတာကို သွားကြည့်မှ ဖြစ်မယ်…ဆိုပြီး တစ်ခါတည်း လစ်သွားပါလေရော…။